/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးလေးဖက်နာနဲ့-အရိုးကျီးပေါင်း-ဘာကွာသလဲ

သွေးလေးဖက်နာနဲ့ အရိုးကျီးပေါင်း ဘာကွာသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    လက်ဆစ်၊ ခြေဆစ်တွေ ကိုက်လာမယ်။ ဒူးနာမယ်။ လက်ကလေးတွေ ရောင်လာမယ်။ ဒီလိုဖြစ်စေတဲ့ အဆစ်အမြစ် ကိုက်ဝေဒနာတွေထဲမှာ သွေးလေးဖက်နာနဲ့ အရိုးကျီးပေါင်းလည်း အပါအဝင်ပဲနော်။ လက္ခဏာပုံစံချင်း ဆင်တူတယ် ထင်ရပေမယ့် ရောဂါလက္ခဏာတွေ၊ ကုသမှုတွေ မတူညီတဲ့အတွက် တိတိကျကျ ရောဂါအမည်တပ်နိုင်ဖို့ အရေးကြီးပါတယ်။
    အရိုးကျီးပေါင်းဆိုတာ အဆစ်အမြစ်နာရောဂါတွေထဲ အင်မတန် အဖြစ်များတဲ့ရောဂါတစ်မျိုးပါပဲ။ သွေးလေးဖက်နာကတော့ အရိုးကျီးပေါင်းရဲ့ ဆယ်ပုံပုံ တစ်ပုံစာသာ ဖြစ်လေ့ရှိပါတယ်။ ဒီနှစ်ခုရဲ့ အဓိကကွာခြားချက်ကတော့ အဆစ်အမြစ်နာစေတဲ့ နောက်ခံအကြောင်းရင်းပါပဲ။ အရိုးကျီးပေါင်းက အရိုးနဲ့အဆစ်အမြစ်တွေ ဒဏ်ဖြစ်တာများလို့ဖြစ်တတ်ပြီးတော့ သွေးလေးဖက်နာကတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ကိုယ့်အဆစ်အမြစ်တွေကို ပြန်လည်တိုက်ခိုက်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။
    သွေးလေးဖက်နာနဲ့ အရိုးကျီးပေါင်းတို့ရဲ့ ထူးခြားတဲ့လက္ခဏာတွေကတော့ -

>>    ထူးခြားသည့်လက္ခဏာရပ်များ
●    ရောဂါစဖြစ်လေ့ရှိသောအသက်
    သွေးလေးဖက်နာ - အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
    အရိုးကျီးပေါင်း - အသက်ကြီးမှ ဖြစ်လေ့ရှိပါတယ်။

●    ရောဂါတိုးပွားနှုန်း
    သွေးလေးဖက်နာ - ရောဂါတိုးပွားနှုန်း မြန်ပါတယ်။ ရက်သတ္တပတ်ကနေ လပိုင်းအတွင်း ဖြစ်တတ်ပါတယ်။
    အရိုးကျီးပေါင်း - ရောဂါတိုးပွားနှုန်း ကြာပါတယ်။ နှစ်ပေါက်အောင် ကြာလေ့ရှိပါတယ်။

●    အဆစ်အမြစ်လက္ခဏာများ
    သွေးလေးဖက်နာ - အဆစ်အမြစ်တွေဟာ ရောင်ရမ်းနာကျင်ပြီး တောင့်တင်းနေတတ်ပါတယ်။
    အရိုးကျီးပေါင်း - အဆစ်အမြစ်တွေ ကိုက်ခဲပေမယ့် ရောင်ရမ်းတာမျိုးတော့ မရှိပါဘူး။

●    အဆစ်အမြစ်ထိခိုက်သည့်ပုံစံ
    သွေးလေးဖက်နာ - ခန္ဓာကိုယ်နှစ်ခြမ်းလုံးရဲ့ အဆစ်အသေးလေးတွေရော၊ အကြီးတွေပါ ထိတတ်ပါတယ်။ လက်ချောင်းတွေ၊ လက်ကောက်ဝတ်တွေ၊ တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေ နာလေ့ရှိပါတယ်။
    အရိုးကျီးပေါင်း - ခန္ဓာကိုယ်တစ်ခြမ်းမှာစဖြစ်ပြီး နောက်တစ်ခြမ်းကို လိုက်ကူးဖြစ်တတ်ပါတယ်။ အဆစ်အမြစ်တွေ အနေနဲ့ဆိုရင်လည်း လက်သည်းနဲ့ကပ်ရပ် လက်ဆစ်တွေ၊ လက်မတွေ၊ တင်ပါးဆုံနဲ့ ဒူးဆစ်ရိုးတွေ၊ ကျောဆစ်ရိုးတွေကို ထိလေ့ရှိပါတယ်။

●    မနက်ခင်းတောင့်တင်းချိန် ကြာချိန်
    သွေးလေးဖက်နာ - မနက်ခင်း တောင့်တင်းတာ ၁နာရီထက် ပိုကြာလေ့ရှိပါတယ်။
    အရိုးကျီးပေါင်း - မနက်ခင်း အဆစ်အမြစ်တောင့်တင်းတာ ၁ နာရီလောက်တောင် မကြာတတ်ပါဘူး။ တစ်နေကုန် လှုပ်ရှားအပြီး နားနေချိန်တွေမှာ ပြန်လည်တောင့်တင်းလာလေ့ ရှိပါတယ်။

●    တစ်ကိုယ်လုံးတွင် ဖြစ်တတ်တဲ့ လက္ခဏာများ
    သွေးလေးဖက်နာ - မကြာမကြာ မလှုပ်ချင် မကိုင်ချင် နုံးနေတာ၊ ဖျားချင် နာချင်သလိုဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။
    အရိုးကျီးပေါင်း - အဆစ်အမြစ်ကလွဲလို့ တခြားကိုယ်ခန္ဓာမှာ လက္ခဏာ မပြတတ်ပါဘူး။

Dr. Mya Phoo Ngon (www.drmyanmar.com)