သွေးလေးဖက်နာရောဂါရဲ့ လက္ခဏာတစ်ခု (သို့) မနက်ခင်း အာရုံကြော တောင့်တင်းခြင်း
သွေးလေးဖက်နာသမားတွေဟာ မနက်ခင်း အိပ်ရာက နိုးထချိန်မှာ အဆစ်အမြစ်တွေ နာကျင်ပြီး အကြောတွေ တောင့်တင်းနေတတ်ပါတယ်။ လန်းဆန်းတက်ကြွနေရမယ့် မနက်စောစောမှာ ဒီလိုဝေဒနာဖြစ်ပြီး မလှုပ်နိုင် မကိုင်နိုင်ဖြစ်တဲ့အခါ တစ်နေကုန် စိတ်မကြည်လင်တော့ပါဘူး။ ဒါ့အပြင် လူနေမှုဘဝနဲ့ အလုပ်အကိုင်တွေမှာလည်း ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် ဒီလိုဝေဒနာတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေရပါမယ်။ ဒီနည်းလမ်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။
ဒါ့အပြင် မနက်ခင်းမှာ နာကျင်တောင့်တင်းခြင်းဟာ သွေးလေးဖက်နာ တစ်ခုတည်းမှာတင်မကပဲ အဆစ်အမြစ် ရောင်တတ်တဲ့ အခြေအနေတိုင်းမှာ ရတတ်ပါသေးတယ်။
>> မနက်ခင်းမှာ နာကျင်တောင့်တင်းခြင်းအတွက် နည်းလမ်းကောင်းများ
မနက်ခင်းတွေမှာ တောင့်တင်း နာကျင်ခြင်းနဲ့ ဒီလိုနာကျင်တာတွေကို ဘယ်လိုသက်သာအောင် နေသလဲလု့ိ သွေးလေးဖက်နာ ဝေဒနာသည်များကို မေးမြန်းကြည့်ထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပေမယ့် အခြားသူများရဲ့ အတွေ့အကြုံများကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
အောက်ပါမေးခွန်းတွေကို မေးမြန်းကြည့်ခဲ့ပါတယ်။
● သွေးလေးဖက်နာကြောင့် မနက်ခင်း အကြောတောင့်တင်းတဲ့ဝေဒနာ ခံစားရဖူးပါသလား?
● နေ့တိုင်း ခံစားရတာလား ဒါမှမဟုတ် ရံဖန်ရံခါ ရောဂါထတော့မှ ဖြစ်တာလား?
● မနက်ခင်း တောင်းတင်းနာကျင်မှုတွေဟာ ဘယ်လောက်ထိ ကြာတတ်သလဲ?
● ဘယ်လိုလုပ်လိုက်ရင် ပျောက်သွားတတ်သလဲ?
● ဆရာဝန်ကို နာကျင်တဲ့အကြောင်း ပြောပြဖြစ်သလား? ဒါမှမဟုတ် ရောဂါကြောင့် ဖြစ်တာပဲဆိုပြီး ထားလိုက်သလား?
● ပုံမှန်လုပ်ငန်းဆောင်တာတွေကို ထိခိုက်မှုရှိသလား?
♦ Paula ရဲ့ အဖြေ
သွေးလေးဖက်နာရောဂါကို အသက် 38 နှစ်ကနေ စတင်ခံစားလာရတဲ့ Paula ဟာ အခုဆို ရောဂါဖြစ်တာ 19 နှစ်တောင် ရှိခဲ့ပြီဖြစ်ပါတယ်။ သူဟာ မနက်တိုင်း အကြောအချင်တွေ တောင့်တင်းနေတတ်ပြီး တစ်ရက်နဲ့တစ်ရက်တော့ ဖြစ်ပုံချင်း မတူတတ်ပါဘူး။ ကြာချိန်ဟာ 10 မိနစ်ကနေ 2 နာရီအထိ ရှိတတ်ပါတယ်။ အိပ်ရာက နိုးချိန်မှာ လက်ချောင်းလေးတွေ၊ တံတောင်ဆစ်၊ ခြေထောက်နဲ့ တခြားအဆစ်တွေကို လှုပ်ခါကြည့်တယ်။ နောက် လက်သီးဆုပ်ကြည့်ပြီး လက်ချောင်းတွေကို ပြန်ဖြန့်ကြည့်တယ်။ နောက် 15 မိနစ်လောက် ပြန်မှေးပြီး ဒီအတိုင်း ထပ်ခါထပ်ခါ လုပ်ကြည့်တယ်။
ဒီလိုလုပ်ပေးတဲ့အခါ သက်သာစေတယ်။ ဒါပေမဲ့ ရောဂါကြွပြီး နာတဲ့အခါမှာတော့ ဘယ်အရာမှ ကယ်မရနိုင်ဘူးလို့ ပြောပါတယ်။
ဆရာဝန်ကတော့ မနက်ခင်း တောင့်တင်းမှုဟာ ပုံမှန်ဖြစ်နေတာလား? 15 မိနစ်ထက် ပိုကြာလားဆိုတာတွေ မေးလေ့ရှိတယ်။
အရမ်းဆိုးရွားခဲ့ရင်တော့ ဘာမှမလုပ်နိုင်ပါဘူး။ တချို့နေ့တွေမှာတော့ သူသူကိုယ်ကိုယ်လိုပါပဲ။
လတ်တလော ကုသမှုကတော့ နာကျင်မှုကို သက်သာစေတယ်လို့ ဆိုပါတယ်။
♦ Mary ရဲ့ အဖြေ
အသက် 43 နှစ်ရှိပြီဖြစ်တဲ့ Mary ဟာ လွန်ခဲ့တဲ့ အနှစ် 20 လောက်က သွေးလေးဖက်နာရောဂါ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ သူ့မှာ တစ်ကိုယ်လုံး တောင့်တင်းစေနိုင်တဲ့ Sjogren's syndrome ရောဂါလည်း ရှိသလို အူမကြီးရောင်တဲ့ ulcerative colitis ရောဂါလည်း ရှိပါတယ်။ မနက်ခင်း နာကျင်တောင့်တင်းမှုကို နေ့စဉ်ခံစားရတတ်ပြီး သိပ်မဆိုးရင် 15 မိနစ်ခန့် အရမ်းဆိုးရင် တစ်နေကုန် ခံရတတ်ပါတယ်။
ဒီလိုနာတဲ့အခါ ကျောမှာ အပူကပ်ပြီး ရေနွေးပူပူလေးနဲ့ ရေချိုးလိုက်ရင် သက်သာတတ်ပါတယ်။ တစ်ခါတစ်ရံ ထပြီးလှုပ်ရှားလိုက်ရုံမျှဖြင့် သက်သာသွားနိုင်ပါတယ်။
သူဟာ ဆရာဝန်ကို မနက်ခင်း တောင့်တင်းမှုတွေအကြောင်း ထွေထွေထူးထူး မပြောပြဖြစ်ပါဘူး။ ဒီရောဂါလက္ခဏာဟာ သွေးလေးဖက်နာရဲ့ လက္ခဏာတစ်ရပ်ပဲလို့ ယူဆထားတာကြောင့် အကျင့်တောင် ဖြစ်နေပြီလို့ ဆိုပါတယ်။
ဒီလိုနာကျင်မှုတွေဟာ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတာကြောင့် တစ်နေ့တာ လုပ်ငန်းတွေကို ထူးပြီး ထိခိုက်မှု မရှိပါဘူးလို့ ဆိုပါတယ်။
♦ Nicki ရဲ့ အဖြေ
သူကတော့ အသက် 35 နှစ်အရွယ်ကတည်းက သွေးလေးဖက်နာရောဂါဖြစ်ကြောင်း သိခဲ့ရပြီး အခုဆို နှစ်ပေါင်း 30 လောက် ရှိပြီဖြစ်ပါတယ်။ မနက်တိုင်းမှာ နာကျင်တောင့်တင်းတတ်ပြီး တချို့နေ့တွေမှာ ပိုဆိုးတတ်ပါတယ်။ ဘယ်အဆစ်အမြစ်တွေ တောင့်တင်းနေလဲပေါ် မူတည်ပြီး 15 မိနစ်မှ 25 မိနစ်ခန့် ကြာတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မတ်တပ်ရပ်နိုင်တဲ့အချိန်အထိ စောင့်ပြီးမှ လမ်းစလျှောက်ပါတယ်။ ဒီလို ထလျှောက်တဲ့အခါ ကျောက်တုံး ကျောက်ခဲတွေပေါ်မှာ လျှောက်နေရသလို နာကျင်ပေမယ့်လည်း ဖိနပ်စီးဖို့ကို မခံနိုင်ပါဘူး။
ဆရာဝန်နဲ့ ပြသတိုင်း ဆရာဝန်က ဘယ်လောက်ထိ တောင့်တင်းနေသလဲဆိုတာ မေးမြန်းပါတယ်။ ဒီလိုတောင့်တင်းနေတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်မှု ရှိပါတယ်။ အထူးသဖြင့် အိမ်ရှင်းတဲ့အခါ အလွန်ဒုက္ခရောက်ပါတယ်။
သောက်နေတဲ့ဆေးတွေက ရောဂါကို သက်သာစေနိုင်ပေမယ့် မနက်ခင်း အဆစ်အမြစ် တောင့်တင်းခြင်းကိုတော့ မပျောက်ကင်းစေနိုင်ဘူး။
အရေးကြီးတာက ကိုယ်ဘယ်လိုနည်းနဲ့ သက်သာအောင်နေမလဲ ဆိုတာပဲ ဖြစ်ပါတယ်။
မနက်ခင်းမှာ 1 နာရီလောက် စောထပြီး အကြောအဆစ်အမြစ်တွေ တဖြည်းဖြည်းနဲ့ ပြေလျော့သွားဖို့ အချိန်တစ်ခု ထားပါတယ်။ စဖြစ်ခါစတုန်းက အလုပ်လုပ်စဉ်ကတည်းက လုပ်ငန်းကြီးကြပ်သူက သူ့အလုပ်ချိန်ကို နောက်ဆုတ်ပေးထားရပါတယ်။ မနက်ခင်းမှာ အကြောအချင်တွေ အရင်ပြေလျော့သွားမှ လှုပ်ရှားဖို့ အရေးကြီးပါတယ်။
ဆေးသောက်မယ့် အချိန်ကိုလည်း သေချာသတ်မှတ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် ညဘက်မှာ တရေးနိုး ဆီးသွားဖို့ ထရတယ်ဆိုရင် အဲဒီအချိန်မှာ ဆေးသောက်လိုက်ပါ။ ဒါမှသာ အိပ်ရာက နိုးတဲ့အခါ ဆေး နောက်တစ်လုံးသောက်ဖို့ အပူတပြင်း မလိုအပ်မှာ ဖြစ်တယ်လို့ ဝေမျှခဲ့ပါတယ်။
ဒါကြောင့် မနက်ခင်းထချိန်၊ ဆေးသောက်ချိန်၊ အလုပ်ချိန် စတာတွေကို ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်ဇယားနဲ့ ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။
ဆရာဝန်ကို မနက်ခင်း တောင့်တင်းမှုတွေအကြောင်း၊ ဆေးအကြောင်းနဲ့ လိုအပ်ရင် အချိန်ဇယားကို ဘယ်လိုရွှေ့ပြောင်းရမလဲ ဆိုတာတွေ မေးမြန်းပြောပြသင့်ပါတယ်။ ဒါကြောင့် အခြေခံအနေနဲ့ သက်သာစေမယ့် နည်းလမ်းတွေကို အကုန်လုပ်ကြည့်ပါ။ နညး်နည်းစီ ပြောင်းပြောင်းပြီး ကြိုးစားကြည့်ပါ။ မနက်ခင်း တောင့်တင်းမှုတွေကို သက်သာစေနိုင်တဲ့နည်း တွေ့ပြီဆိုရင် စွဲစွဲမြဲမြဲ လုပ်ဆောင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























