သွေးလေးဘက်နာသမားများအတွက် အဆစ်အမြစ်ကာကွယ်နည်း
သွေးလေးဘက်နာကြောင့် အဆစ်အမြစ်ပျက်စီးကွေးကောက်သွားမှာ ကြောက်နေပါသလား? အစားအသောက်၊ လေ့ကျင့်ခန်းစတဲ့ နေထိုင်စားသောက်မှုအနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ အဆစ်အမြစ်တွေကို ကာကွယ်နိုင်မှာပါ။
1. ကိုယ်အလေးချိန်လျော့ချပါ။
ကိုယ်အလေးချိန်တက်နေပါက အဆစ်အမြစ်တွေကို ငဲ့ညှာသောအားဖြင့် ပေါင်အနည်းငယ်မျှ လျှော့ချလိုက်ပါ။ ကိုယ်အလေးချိန်များနေသူတွေမှာ ပေါင်၊ ဒူးနဲ့ ခြေထောက်အဆစ်အမြစ်တွေမှာ ပိုပြီးဒဏ်များစေနိုင်တာကြောင့် သွေးလေးဘက်နာရဲ့ နာကျင်မှုဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။
2. လှုပ်လှုပ်ရှားရှားနေပါ။
လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြငး်ဖြင့် အဆစ်အမြစ်လှုပ်ရှားမှုတွေကို ကောင်းမွန်စေပြီး တောင့်တင်းနွမ်းနယ်မှုတွေကို သက်သာစေနိုင်ပါတယ်။ အဆစ်တွေကိုထောက်ပံ့ပေးထားတဲ့ ကြွက်သားတွေကိုပါ သန်မာစေပြီး သွေးလေးဘက်နာနဲ့ တွဲဖြစ်တတ်တဲ့ ဆီးချိုနဲ့နှလုံးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါပေမယ့် ရောင်ရမ်းနေတဲ့၊ ပျက်စီးနေတဲ့ အဆစ်အမြစ်တွေမှာ ေလ့ကျင့်ခန်းအလွန်အကျွံလုပ်တာ၊ မှားမှားယွင်းယွင်းလုပ်နေတာမျိုးတွေကြောင့် ပိုဆိုးလာနိုင်တာကို သတိထားဖို့ လိုပါတယ်။ အဆစ်အမြစ်တွေမှာ အားအလွန်မသုံးရတဲ့ လေ့ကျင်ခန်းမျိုးတွေဖြစ်တဲ့ ရေကူးတာ၊ အိမ်တွင်းစက်ဘီးနင်းတာ၊ အလေးပေါ့ပေါ့မတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းမျိုးကို ဆရာဝန် သို့မဟုတ် ကိုယ်လက်ပြန်လည်သန်စွမ်းရေးဆရာနဲ့ တိုင်ပင်ပြီးပြုလုပ်နို်င်ပါတယ်။
3. ဆေးလိပ်ဖြတ်ပါ။
သွေးလေးဘက်နာဟာ ဆေးလိပ်ဖြတ်ဖို့ နောက်ထပ်အကြောင်းပြချက်ကောင်းတစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ သွေးလေးဘက်နာအတွက် အကျိုးရှိတဲ့ Methotrexateနဲ့ biologic ဆေးတွေနဲ့ မတိုးတာမျိုးတွေ ရှိတတ်ပါတယ်။
4. အဆစ်အမြစ်တွေကိုအနားပေးပါ။
ပျက်စီးနေတဲ့အဆစ်အမြစ်တွေကို ဖိအားလျောကျစေဖို့နဲ့ ထိခိုက်ဒဏ်ရာတွေကနေ ကာကွယ်ဖို့ အခြားအကူအညီပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဥပမာအားဖြင့် ဒူးနာ၊ တင်ပါးဆစ်နာနေသူတွေမှာ တုတ်ကောက်သုံးတာမျိုး လုပ်နိုင်ပါတယ်။ ဒီလို အကူအညီယူခြင်းဖြင့် အဆစ်အပေါ်ဖိအားသက်ရောက်မှု 20 မှ 30%ထိနည်းသွားပြီး ပိုပြီးတည်ငြိမ်စေနိုင်ပါတယ်။
ဒါ့အပြင် ကိုင်တွယ်ရလွယ်ကူစေတဲ့ လက်ကိုင်တုတ်တုတ် ခဲတံတွေ၊ ဘောပင်တွေ၊ သွားတိုက်တံတွေကို သုံးသင့်ပါတယ်။ ပုခုံးပေါ်ဖိအားသက်ရောက်မှုနည်းစေရန် အမြင့်ပေါ်ကပစ္စည်းကို လှမ်းယူရင် အခြားပစ္စည်းတစ်ခုခုအကူအညီသုံးပြီး ယူသင့်ပါတယ်။
5. အဆစ်အမြစ်တစ်ခုတည်းအပေါ်အားသုံးတာမျိုးရှောင်ပါ။
အဆစ်သေးသေးလေးတွေကို အသုံးလျော့ပြီး အဆစ်ကြီးကြီး၊ သန်သန်မာမာကို ပိုသုံးပါ။
• လက်ကိုင်အိတ်၊ လက်ပွေ့အိတ်တွေအစား ကျောပိုးအိတ်ကိုသုံးပါ။
• အထုတ်အပိုးတွေကို လက်နဲ့ဆုပ်ကိုင်မယ့်အစား တံတောင်မှာချိတ်ပြီး ကိုယ်နဲ့ကပ်ထားပါ။
• ပစ္စည်းသေးသေးလေးတွေကို လက်ချောင်းလေးတွေနဲ့ ကိုင်မယ့်အစား လက်ဖဝါးနဲ့ဆုပ်ကိုင်ပါ။
• တံခါးလေးလေးကြီးတွေတွန်းဖွင့်တဲ့အခါ လက်နှစ်ဖက်လုံး သို့မဟုတ် လက်မောင်းအားကိုသုံးပြီး ဖွင့်ပါ။
• ပစ္စည်းတွေကို လက်တစ်ဖက်တည်းနဲ့မကိုင်ပဲ နှစ်ဖက်လုံးနဲ့ကိုင်ပါ။
6. ကိုယ်ဟန်မှန်ပါစေ။
ကိုယ်နေဟန်ထားမှန်တဲ့အခါ ပုခုံး၊ တင်ပါးနဲ့ ဒူးတွေကို ကာကွယ်ပေးပါတယ်။ ပစ္စည်းတစ်ခုခုမတဲ့အခါ ခါးကိုဖြောင့်ဖြောင့်ထားပြီး ခြေကိုနည်းနည်းကားထားပါ။ ဒူးနဲ့တင်ပါးကိုကွေးထားပြီး ခါးမကုန်းပါနဲ့။
ခုံမှာထိုင်တဲ့အခါ ခြေဖဝါးကိုကြမ်းပြင်မှာ စုံချထားပြီး ဒူးနဲ့တင်ပါးကို 90 ဒီဂရီထောင့်ချိုးရှိပါစေ။ မတ်မတ်ထိုင်ပြီး ရင်ကော့ထားပါ။
7. မှန်ကန်ကောင်းမွန်စွာစားသုံးပါ။
သွေးလေးဘက်နာကို သက်သာစေမယ့် အစားအသောက်ရယ်လို့ သီးသီးသန့်သန့်မရှိပေမယ့် တစ်ချို့ဓာတ်တွေကို အဆစ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။
• အိုမီဂါ၃အဆီဓာတ် - သွေးလေးဘက်နာကြောင့်ဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဆယ်လ်မွန်၊ ငါးသလောက်၊ တူနာ၊ ဆာဒင်းစတဲ့ ငါးတွေဟာ အိုမီဂါ 3 အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဒီငါးတွေနဲ့ပြုလုပ်ထားတဲ့ဖြည့်စွက်စာတွေလည်း သောက်နိုင်ပေမယ့် မသောက်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
• ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီ : သွေးလေးဘက်နာရှိတဲ့ လူတွေမှာ ဒီဓာတ်တွေချို့တဲ့နေတတ်ကြပါတယ်။ ဒီဓာတ်နှစ်မျိုးလုံးဟာ အရိုးအဆစ်တွေခိုင်မာစေရန် အထူးလိုအပ်တဲ့ဓာတ်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် သွေးလေးဘက်နာသမားတွေမှာ တွဲဖြစ်တတ်တဲ့ အရိုးပွရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။






























