သွေးလှူပြီးနောက် မိမိကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ
သွေးလှူတာဟာ သွေးလိုအပ်နေသူတွေကို ကူညီဖို့အတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် သွေးလှူပြီးတဲ့အခါ မိမိခန္ဓာကိုယ်ကနေ သွေးဆုံးရှုံးမှုရှိတာကြောင့် ကိုယ့်ကိုကိုယ် သေချာဂရုစိုက်ဖို့လည်း လိုအပ်ပါသေးတယ်။
အရေးကြီးတာက သွေးလှူပြီးပြီးချင်း လှုပ်လှုပ်ရှားရှား မနေပါနဲ့။ (၁၅) မိနစ်လောက် ငြိမ်ငြိမ်လေးထိုင်ပြီး အနားယူပေးပါ။ နောက်နာရီအနည်းငယ်အကြာမှာ ပုံမှန်လုပ်နေကျ နနိစ္စဓူဝအလုပ်တွေကို ပြန်လုပ်နိုင်ပါတယ်။ သွေးနီဥအသစ်တွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်တာကြောင့် သွေးနီဥတည်ဆောက်တာကို အားပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို များများစားသုံးပေးဖို့ လိုအပ်ပါတယ်။ နောက်တစ်ကြိမ် သွေးလှူတာကိုတော့ အနည်းဆုံး (၈) ပတ်ခြားပြီးမှ လုပ်ဆောင်သင့်ပါတယ်။
Feroglobin IA 1

>> သွေးလှူပြီးနောက် ဘယ်လိုအစားအသောက်တွေ စားသောက်ကြမလဲ?
● တစ်ခါသွေးလှူတိုင်း ခန္ဓာကိုယ်ကနေ သံဓာတ် (၂၀၀-၂၅၀) မီလီဂရမ် ဆုံးရှုံးမှုရှိပါတယ်။ ဒါကြောင့် သွေးလှူပြီးတဲ့အခါ သံဓာတ်ကြွယ်ဝတဲ့ အနီရောင်အသား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သံဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို စားသောက်ပေးဖို့ လိုအပ်ပါတယ်။ သံဓာတ်စုပ်ယူမှု အားကောင်းစေဖို့ ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီး၊ ငရုတ်ပွသီး၊ ခရမ်းချဉ်သီး စတာတွေနဲ့ တွဲစားပေးပါ။ သံဓာတ်အားဖြည့်ဆေး သောက်သုံးပေးတာကလည်း သွေးနီဥအသစ်တွေ ဖွဲ့စည်းတည်ဆောက်ဖို့ အကူအညီပေးနိုင်ပါတယ်။
● သွေးနီဥတည်ဆောက်ဖို့ အကူအညီပေးတဲ့ နောက်ထပ်ဓာတ်တစ်မျိုးကတော့ ဗီတာမင်ဘီပါ။ ဒါကြောင့် သွေးလှူပြီးတဲ့အခါ ဗီတာမင်ဘီကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ နို့ထွက်ပစ္စည်းတွေ၊ အသည်း၊ အနီရောင် အသားတွေနဲ့ ဗီတာမင်ဘီ ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို စားသောက်ပေးသင့်ပါတယ်။ ဗီတာမင်ဘီအုပ်စု ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ သောက်ပေးတာကလည်း အထောက်အကူဖြစ်စေပါတယ်။
● သွေးလှူတာဟာ ခန္ဓာကိုယ်ထဲက အရည်တွေကို ဖယ်ရှားလိုက်တာကြောင့် အရည်များများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေအပါအဝင် အခြားသော အရည်များဖြစ်တဲ့ စွပ်ပြုတ်၊ ရေနွေးကြမ်း စတာတွေ သောက်ပေးပါ။ အမေရိကန်ကြက်ခြေနီအဖွဲ့က သွေးလှူပြီး (၂၄) နာရီအတွင်းမှာ ပုံမှန်သောက်နေကျထက် ရေဖန်ခွက် (၄) ခွက် ပိုသောက်သင့်တယ်လို့ အကြံပြုထားပါတယ်။
Feroglobin IA 2

>> သွေးလှူပြီးနောက် ဘာတွေကို ရှောင်ကြဉ်သင့်သလဲ?
● အလုပ်ကြမ်းလုပ်တာ၊ အလေးအပင်မတာ၊ နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်တာကို သွေးလှူတဲ့ရက်မှာ မလုပ်ပါနဲ့။ နောက်ရက်တွေကျမှ ဖြည်းဖြည်းချင်း ပြန်လုပ်ပေးသွားပါ။
● သွေးလှူပြီး ၂၄ နာရီအတွင်းမှာ အရက်သောက်တာကို ရှောင်ပါ။
သွေးလှူပြီးတဲ့အခါ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ မောပန်းတာ၊ သွေးဖောက်ထားတဲ့နေရာက သွေးထွက်တာ၊ အညိုအမည်းစွဲတာ၊ ရောင်ရမ်းနာကျင်တာတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဒီလက္ခဏာတွေဟာ ပြင်းထန်လေ့မရှိဘဲ အနားယူ၊ ရေခဲကပ်၊ အာဟာရစုံလင်စွာ စားလိုက်ရင် သက်သာသွားပါတယ်။ ဒါပေမဲ့ ဒီလိုလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)




























