/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးအဖြေအကြောင်း-သိကောင်းစရာ

သွေးအဖြေအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.       ကျန်းမာရေးစစ်ချက်တွေ လုပ်တဲ့အခါမှာ ဘာပြသနာတွေရှိလဲ ဆိုတာကို ရှာဖွေဖို့အတွက် ပုံမှန်အားဖြင့် သွေးဆဲလ်များ စစ်ဆေးခြင်း၊ သွေးတွင်းဓာတုဓာတ် စစ်ဆေးခြင်း၊ သွေးတွင်းအဆီပမာဏ စစ်ဆေးခြင်း စတာတွေကို စစ်ဆေးလေ့ရှိပါတယ်။ ဒီသွေးအဖြေတွေက ပုံမှန်အတိုင်း ဖြစ်တယ်ဆိုရင် သွေးအဖြေအောက်မှာ ဖြေရှင်းချက် အနည်းငယ်ပဲ ရေးထားပြီး ဆရာဝန်ကလည်း ထူးထူးခြားခြား ပြောပြမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ အဖြေကို သိချင်တယ်ဆိုရင် ဆရာဝန်၊ ဆရာမနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ပြီးရင် ကိုယ်အရင်က စစ်ထားတာနဲ့တိုက်ပြီး ပြောင်းလဲမှုအနည်းငယ် ရှိတယ်ဆိုရင် မေးလို့ရပါတယ်။

2.      သွေးစစ်ဆေးတဲ့အခါမှာ အမျိုးသားနဲ့ အမျိုးသမီးအတွက် ပုံမှန်ပမာဏတွေ မတူကြပါဘူး။

3.      ပုံမှန်ပမာဏတွေက အသက်အရွယ်အလိုက် ပြောင်းလဲသွားတာရှိသလို တူတာမျိုးလည်း ရှိပါတယ်။ ဥပမာ - သွေးနီဥပမာဏဆိုရင် အသက်အရွယ်အလိုက် အပြောင်းအလဲ ရှိပါတယ်။ ပုံမှန်ဆိုရင် ကလေးတွေမှာ 11-13 g/dl ရှိပြီး အရွယ်ရောက်ပြီး အမျိုးသားတွေအတွက် 14-17 g/dl နဲ့ အမျိုးသမီးတွေအတွက် 12-15 g/dl ဆိုပြီး ပမာဏတွေ မတူကြပါဘူး။ ဒါပေမဲ့ သွေးတွင်းအဆီဓာတ် တိုင်းတာခြင်း (LDL) ကတော့ အသက်အရွယ်မရွေးအတွက် ပုံမှှန်ပမာဏ<100mg/dl ပဲ ရှိသင့်ပါတယ်။

4.      ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတဲ့ စစ်ချက်တွေမှာဆိုရင် positive ဆိုတာ ရောဂါပိုးရှိတာကို ဆိုလိုပါတယ်။

5.      အများအားဖြင့် ဆေးစစ်ချက်အဖြေမှာ negative ဆိုရင် သတင်းကောင်းပါပဲ။ negative ဆိုတာက သွေးစစ်ပြီး ရှာတဲ့ရောဂါ ညွှန်ပြတဲ့အရာဖြစ်ဖြစ်၊ ရောဂါပိုးဖြစ်ဖြစ် မရှိဘူးဆိုတာကို ပြပါတယ်။

6.      တစ်ခါတလေမှာ အဖြေမှာမှားပြီး positive လို့ ထွက်နိုင်တဲ့အတွက် တချို့ဆေးစစ်ချက်တွေက confirmation test လို့ခေါ်တဲ့ အဖြေကို အတည်ပြုဖို့အတွက် ထပ်ပြီးစစ်ဖို့ လိုအပ်ပါတယ်။ ဥပမာ - HIV ပိုးကို သွေးစစ်တဲ့အပြားလေးနဲ့ပဲ စစ်တာက မှားယွင်းပြီး positive လို့ ထွက်တတ်တဲ့အတွက် confirmation test ထပ်စစ်ဖို့ လိုပါတယ်။

7.      အဖြေမှားပြီး negative လို့လည်း ထွက်တတ်ပါသေးတယ်။ တစ်ခါတလေမှာ အကြောင်းကြောင်းကြောင့် ကိုယ့်မှာ ဒီရောဂါရှိနေပေမယ့် သွေးအဖြေက မရှိဘူးလို့ ပြတတ်တာမျိုးလည်း ရှိပါတယ်။

8.      နောက်တစ်ချက်ကတော့ သွေးစစ်ချက်အဖြေတွေက ဓာတ်ခွဲခန်း တစ်ခုနဲ့တစ်ခု မတူတာမျိုးလည်း ရှိပါတယ်။

9.      အဖြေက ပုံမှန်ပမာဏအတွင်းမှာ မရှိတိုင်းလည်း ရောဂါရှိနေတယ်လို့ ယူဆလို့ မရပါဘူး။ ဓာတ်ခွဲခန်းက ထုတ်ပေးလိုက်တဲ့ သွေးအဖြေက ပုံမှန်မဟုတ်တာနဲ့ ရောဂါရှိတယ်လို့ မပြောနိုင်ပါဘူး။ အခြားအကြောင်းအရာတွေကြောင့် အဖြေ ပုံမှန်မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။

10.    ဓာတ်ခွဲခန်းတွေမှာ သွေးအဖြေတွေ မမှန်ကန်တာက ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဥပမာ - သွေးစစ်ဖို့ သွေးယူတဲ့အခါ ထည့်တဲ့ခွက်၊ ပြွန်မှားတာတို့၊ သွေးပြွန်လှုပ်နည်း မမှန်တာတို့၊ အချိန်အကြာကြီး သိုလှောင်ထားတာ၊ သွေးသိမ်းသင့်တဲ့အပူချိန်မှာ မသိမ်းထားတာ စတဲ့အချက်တွေကြောင့် အဖြေအမှားတွေ ထွက်တတ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)