/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဟင်းသီးဟင်းရွက်တွေကပေးတဲ့-အကျိူးကျေးဇူးများ

ဟင်းသီးဟင်းရွက်တွေကပေးတဲ့ အကျိူးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ယခုအခါအသီးအနှံ၊ ဟင်းသီးဟင်းရွက်တို့ကို နေ့စဉ်စားသောက်ဖို့လိုအပ်ကြောင်း၊ ဟင်းရွက်စားခြင်းက ကျန်းမာရေးနဲ့ညီညွတ်ကြောင်း အကြံပြုပြောဆိုချက်တွေကိုလူတိုင်းလိုလို ရင်းနှီးကျွမ်း၀င်ပြီးသားဖြစ်ပါတယ်။ ဘာကြောင့် ဟင်းသီးဟင်းရွက်ကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသောက်ဖို့ လိုအပ်သလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာတင်ပြလိုက်ပါတယ်။ 

♦ ဗီတာမင် နှင့် အင်တီအောက်ဆီးဒင့် ကြွယ်၀ခြင်း

        ဟင်းသီးဟင်းရွက်ကို ဘာကြောင့်စားပေးသင့်သလဲဆိုတော့  ၄င်းမှာပါ၀င်တဲ့ အာဟာရဓာတ်တွေကြောင့်လို့ဆိုရမှာပါ။   ဟင်းသီးဟင်းရွက်မှာ ဘက်စုံကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်တဲ့  ဗီတာမင်နဲ့  သတ္တုဓာတ်တွေပြည့်၀စွာပါ၀င််ပါတယ်။   ဟင်းသီးဟင်းရွက် အများစုမှာ သွေးဖိအားပုံမှန်ဖြစ််စေဖို့အတွက်  အထောက်အပံ့ပေးနိုင်တဲ့ ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာပါ၀င်ပြီး ဗီတာမင် C၊ A   ပါ၀င်ခြင်းကြောင့်  မျက်လုံး၊ အရေပြား၊  သွား၊  သွားဖုံးကျန်းမာရေး ဆိုးကျိုးများဖြစ်စေခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။  ရောဂါအလွယ်တကူ မ၀င်ရောက်နိုင်အောင် ကူးစက်ရောဂါပိုးတွေကို တွန်းလှန်တိုက်ထုတ်ပေးရာမှာနှင့် အနာကျက်မြန်အောင် လုပ်ပေးရာမှာလည်း ၄င်း ဗီတာမင် C နဲ့ A က များစွာအထောက်အကူပြုပေးနိုင်ပါတယ်။  ဟင်းသီးဟင်းရွက်မှာကြွယ်၀စွာပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ဆဲလ်ပျက်စီးခြင်း၊  နှလုံးရောဂါ၊ ကင်ဆာရောဂါ၊  ပါကင်ဆန်ရောဂါ၊ နှလုံးတိုက်ခိုက်ခံရခြင်း၊  အယ်ဇိုင်းမားရောဂါ   စတဲ့ရောဂါတွေဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ 

 

♦ အမျှင်ဓာတ် ပေါများခြင်း

အမျှင်ဓာတ်ဆိုတာ ဟင်းသီးဟင်းရွက်မှသာရနိုင်တဲ့  အာဟာရဓာတ်တစ်မျိုးလို့တောင် ဆိုလို့ရပါတယ်။ အမျှင်ဓာတ်ရဲ့ခန္ဓာကိုယ်အတွက်  အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းဆောင်တာကတော့  သွေးတွင်းရှိမကောင်းတဲ့အဆီတွေကို လျှော့ချပေးပြီး  နှလုံးရောဂါဖြစ်နိုင်ခြေ နည်းအောင်လုပ်ပေးခြင်းဖြစ်ပါတယ်။  ဒါ့အပြင်  အမျှင်ဓာတ်ဟာအစာခြေဖျက်မှုဆိုင်ရာ လုပ်ငန်းစဉ်ချောမွေ့စေပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်ကာ ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ်ဟာကိုယ်အလေးချိန်ကို ကောင်းစွာထိန်းနိုင်ဖို့ရန်  အထောက်အကူပြုပေးနိုင်တာကြောင့်   ကိုယ်အလေးချိန်လျော့ချချင်သူတွေ စားပေးသင့်တဲ့ အဟာရဖြစ်ပါတယ်။  အမျှင်ဓာတ်ကြွယ်၀တဲ့  အသီးအနှံ၊ ဟင်းသီးဟင်းရွက်ကိုစားပါက  ကြာကြာဗိုက်ပြည့်နေစေတဲ့ အတွက်  ခဏခဏဆာလောင်ခြင်းမဖြစ်စေပါဘူး။

 

အာဟာရဓာတ် ပိုပါသောဟင်းသီးဟင်းရွက်

===========

        တချို့ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ပိုညီညွတ်ပါတယ်။ အစိမ်းရောင်ရင့် ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေပိုပါတာကြောင့် ပိုမိုစားသုံးသင့်ပါတယ်။ ဒါကြောင့်  အိမ်ရှင်မတွေအနေနဲ့ အရောင်အသွေးစိုပြည်တဲ့  ဟင်းသီးဟင်းရွက်တွေကို ဦးစားပေးရွေးချယ်၀ယ်ယူသင့်ကြောင်းအကြံပြုလိုပါတယ်။

 

www.drmyanmar.com