/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဟတ်ချိုး

ဟတ်ချိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

           နှာချေတယ်ဆိုတာ နှာခေါင်းအတွင်း ယားယံခြင်း (သို့) နေမထိထိုင်မသာဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါ တယ်။ ဒါဟာ နှာခေါင်းတွင်းနေမထိထိုင်မသာဖြစ်မှုကို ဖယ်ရှားပေးတဲ့ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုပဲဖြစ်ပါတယ်။

          နှာခေါင်းအတွင်းမှာ ယားကျိယားကျိဖြစ်ပါက ဦးနှောက်ရဲ့အထူးအစိတ်အပိုင်းတစ်ခုကို သတင်းအချက် အလက်ပေးပို့လိုက်ပါတယ်။ ထိုမှတဆင့် ကြွက်သားတွေဆီ ထပ်မံသတင်းပေးပို့ပြီး နှာချေခြင်း လို့ခေါ်တဲ့ ဖြစ်စဉ်ကို ဖြစ်ပွားစေပါတယ်။

          ပါဝင်တဲ့ ကြွက်သားအချို့ကတော့ ဝမ်းဗိုက်ကြွက်သား၊ ရင်ဘတ်ကြွက်သား၊ ကန့်လန့်ကာကြွက်သား၊ (diaphragm - အဆုတ်အောက်ခြေတွင်ရှိသော ကြွက်သားပြား)၊ အသံအိုးကြွက်သား၊ လည်မြိုနောက်ဘက်ရှိကြွက်သားတို့ပဲဖြစ်ပါတယ်။

          နှာချေတဲ့အခါမှာ အမြဲတစေမျက်လုံးမှိတ်သွားတာကြောင့် မျက်ခွံကြွက်သားကလည်း ဒီဖြစ်စဉ်မှာ ပါ၀င်နေပါတယ်။

          ဒါကတော့ နှာခေါင်းတွေမှာ နေမထိထိုင်မသာမှုတွေကို ဖယ်ရှားပေးဖို့ကြွက်သားတွေအားလုံးစုပေါင်းပြီး စည်းချက်ကျကျ လှုပ်ရှားစေတဲ့ နှာချေခြင်းဗဟိုဌာနရဲ့ လုပ်ငန်းဆောင်တာတစ်ခုပဲဖြစ်ပါတယ်။ နှာချေစဉ် မှာ သေးငယ်တဲ့အမှုန်အမွှားတွေကို နှာခေါင်းမ ှတစ်နာရီလျှင် မီတာ 100 ခန့်အကွာအဝေး ထိ ရောက်ရှိနိုင်ပါတယ်။

          Massachusetts နည်းပညာကောလိပ်မှ သုတေသနပညာရှင် Lydia Bourouiba နဲ့အဖွဲ့ကတော့ နှာချေတဲ့အခါ ဘာဖြစ်စဉ်တွေဖြစ်နိုင်သလဲဆိုတာကို သိနိုင်ဖို့ကြိုးပမ်းနေကြပါတယ်။ သူတို့အဖွဲ့ဟာမြန်နှုန်းမြင့် ပုံရိပ်ဖမ်းစက်တွေကိုသုံးပြီး နှာချေခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အမှုန်အမွှားတွေကို ရိုက်ယူ၍သချၤာနည်းအရ ခွဲခြမ်းစိတ်ဖြာမှုတွေကို ပြုလုပ်ကြပါတယ်။ ဒီလိုလေ့လာခြင်းဖြင့် ဖျားနာခြင်းဟာ ဘယ်လိုမျိုးကူးစက်ပျံ့နှံ့လဲဆိုတာ ပိုမိုသိရှိနိုင်မယ်လို့မျှော်လင့်ကြပါတယ်။ နှာခေါင်းတွင်းကို ဘယ်လိုအကြောင်းနဲ့ နှိုးဆွမိသည်ဖြစ်စေ နှာချေခြင်းစတင်ဖြစ်စေနိုင်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ဖုန်မှုန့်၊ လေအေး (သို့) ငရုတ်ကောင်းတို့ပဲဖြစ်ပါတယ်။ အအေးမိတဲ့အခါ ဗိုင်းရပ်စ်ပိုးတွေဟာ နှာခေါင်းထဲမှာယာယီအိမ်ပြုလုပ်ပြီး ယောင်းယမ်းခြင်းနဲ့ နေမထိထိုင် မသာဖြစ်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ အချို့သူတွေမှာ တိရိစၧာန်အမွှေး (သို့) ဝတ်မှုန်ကဲ့သို့ ဓာတ်မတည့်တဲ့ပစ္စည်းတွေကို ထိတွေ့မိပါကလည်း နှာချေတတ်ပါတယ်။

          ထို့ပြင် လူ 3 ဦးအနက် 1 ဦးမှာ နေရောင်ပြင်းပြင်းနဲ့ထိတွေ့တဲ့အခါ နှာချေတတ်ကြပါတယ်။ သူတို့ကိုအလင်းရောင်ကြောင့် နှာချေသူများဟုခေါ်လေ့ရှိပြီး မျိုးရိုးလိုက်တတ်ပါတယ်။

          နှာချေခါနီးတွင် မချေဖြစ်လိုက်တဲ့ခံစားချက်ကို တော်တော်များများခံစားဖူးကြပါတယ်။ နောက်တစ်ခါ အလားတူဖြစ်ပွားပါက အလင်းရောင်စူးစူးကိုခဏလေးကြည့်လိုက်ပါ။ နှာချေခြင်းရပ်တန့်မှုကို သက်သာသွားစေနိုင်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com