/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဟိုကြားဒီကြားက-ယားနာ

ဟိုကြားဒီကြားက ယားနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပေါင်ခြံကြား၊ တင်ပါးကြားတွေမှာ ပေါက်တတ်တဲ့ ယားနာမျိုးကို ဆေးပညာအသုံးအရ Tinea cruris, အင်္ဂလိပ်လို jock itch လို့ ခေါ်တယ်။ ယားပြီး အနီရောင် အကွက်အကွက်တွေ ထတတ်တယ်။

 

>>    ရောဂါလက္ခဏာတွေကတော့ -

●        ပေါင်ခြံကြား ယားတာ

●        အနီရောင်ဘေးဝိုင်းအကွင်းလိုက် အကွက်တွေ ပေါ်ခြင်း

●        အနီကွက်ဘေးမှာ အရည်ကြည်ဖုလေးတွေ ပေါက်ခြင်း

●        အရေပြားတွေ လန်ခြင်း

●        အရေပြား အရောင်ပြောင်းခြင်း

          စတာတွေပါပဲ။

          ပေါင်ရင်း၊ ပေါင်အတွင်းပိုင်း၊ တစ်ခါတလေ တင်ပါးတွေမှာ တွေ့ရတတ်တယ်။ လိင်အင်္ဂါ အရေပြားကိုတော့ သိပ်မထိတတ်ဘူး။

●        လေ့ကျင့်ခန်းလုပ်တာ

●        လမ်းလျှောက်တာ

●        အဝတ်ကျပ်ကျပ်၊ အတွင်းခံကျပ်ကျပ် ဝတ်တာတွေကြောင့် ပိုဆိုးတတ်တယ်။

 

>>    ပေါက်ရတဲ့ အကြောင်းရင်းတွေကတော့ -

          Dermatophytes လို့ခေါ်တဲ့ မှိုပိုးတစ်မျိုးကြောင့်ဖြစ်ပြီး အင်မတန် အတွေ့များတယ်။ တခြားနေရာတွေမှာလည်း တွေ့ရတတ်တယ်။ ဥပမာအားဖြင့် ခြေထောက်တွေမှာပေါ့။ မှိုပိုးဟာ တစ်နေရာကနေ တစ်နေရာကို ကူးစက်တတ်လို့ ပေါင်ခြံကြား ဝဲနဲ့ ခြေဝဲနဲ့ တွဲဖြစ်တတ်တယ်။

          ဦးရေပြားနဲ့ လက်သည်း၊ ခြေသည်းတွေမှာလည်း ဖြစ်တတ်တယ်နော်။

 

>>    ပေါင်ခြံကြားကဝဲက ကူးစက်တတ်လား?

          တိုက်ရိုက် ထိတွေ့လို့သော်လည်းကောင်း၊ အဝတ်အစားတွေ၊ တဘက်တွေ မျှသုံးလို့သော်လည်းကောင်း တစ်ယောက်နဲ့တစ်ယောက် ကူးတတ်တယ်။ ခွေးတွေ၊ ကြောင်တွေကနေလည်း ကူးနိုင်တယ်။

 

>>    ဘယ်သူတွေမှာဖြစ်တတ်လဲ?

          အမျိုးသားငယ်ငယ်လေးတွေနဲ့ ဆယ်ကျော်သက်ကောင်လေးတွေမှာ အဖြစ်များတယ်။ ပူနွေးစွတ်စိုတဲ့နေရာတွေမှာ တွေ့ရတတ်လို့ အားကစားသမားတွေနဲ့ ချွေးထွက်များတဲ့လူတွေမှာ အတွေ့များတယ်။

          တခြားအဖြစ်များစေတဲ့ အကြောင်းရင်းတွေကတော့ -

●        ဆီးချို

●        အဝလွန်ခြင်း

●        တခြား အရေပြားပြဿနာတွေရှိခြင်း (နှင်းခူလိုမျိုးပေါ့)

●        အရင်က မှိုပိုးပေါက်ဖူးခြင်း

●        ခုခံအားကျနေခြင်း (ရောဂါကြောင့်ပဲဖြစ်ဖြစ်၊ ဆေးကြောင့်ပဲဖြစ်ဖြစ်) တွေပါ။

 

>>    ရောဂါကို သိဖို့အတွက်

          ယားနာကတော့ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ သူ့ရဲ့ရောဂါလက္ခဏာတွေနဲ့ စမ်းသပ်စစ်ဆေးမှုတွေပေါ် မူတည်ပြီး သိနိုင်တယ်။

          ဒါပေမဲ့ ပေါင်ခြံကြားမှာ ယားပြီး အနီကွက်ပေါ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတာကြောင့် အသားကိုခြစ်ယူပြီး မှိုပိုး ရှိ၊ မရှိ စစ်ဆေးတာမျိုး လုပ်ကြည့်သင့်တယ်။

          ဆေးမသောက်ခင်မှာ အရေပြားကိုခြစ်ယူပြီး စစ်ဆေးကြည့်တာ ပိုကောင်းတယ်။ တကယ်လို့ ဆေးကုနေရင်း မပျောက်ရင်လည်း စစ်ကြည့်ဖို့ လိုပါတယ်။

 

>>    ဘယ်လိုကုလို့ ပျောက်မလဲ?

          ပုံမှန်ဆိုရင်တော့ ဆေးလိမ်းပေးရုံနဲ့ ရတယ်။

          လိမ်းဆေးတွေကတော့ -

●        ခရင်မ်လိမ်းဆေး

●        ဂျယ်လ်လိမ်းဆေး

●        ဆေးရည်

●        ပေါင်ဒါ

●        ဖြန်းဆေးတွေပါပဲ။

          ဒီဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတယ်။

          တကယ်လို့ ပေါင်ခြံကြားယားနာနဲ့ ခြေချောင်းကြား ယားနာ တစ်ပြိုင်နက် ဖြစ်လာရင် တစ်ပြိုင်နက်ကုဖို့ လိုတယ်။ မဟုတ်ရင် ပြန်ပြန်ဖြစ်တတ်တယ်။

          တစ်ခါတလေ ယားနာ အရမ်းဆိုးရင်၊ ဆေးလိမ်းလို့ မပျောက်ရင် ဆေးသောက်ဖို့ လိုနိုင်တယ်။

 

>>    ဆေးတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ -

●        ပျို့ချင်၊ အန်ချင်တာ

●        ဝမ်းလျှောတာ

●        ခေါင်းကိုက်တာ

●        အစာမကြေတာတွေပါပဲ။

          တချို့ဆေးတွေကတော့ တချို့လူတွေနဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုတယ်။

 

>>    ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ိလိုတယ်

●        ပေါင်ခြံကြားနေရာကိ ုနေ့တိုင်း သေချာဆေးကြောပြီး ခြောက်သွေ့အောင် ထားပါ။

●        အတွင်းခံကို နေ့တိုင်း လဲပေးပါ။ (ချွေးထွက်သန်ရင် ပိုလဲပေးသင့်တယ်။)

●        အတွင်းခံ ပေါ့ပေါ့ပါးပါး ဝတ်ပါ။

 

>>    ဒီလိုယားနာ မပေါက်ရလေအောင်

●        ပေါင်ခြံနေရာကို နေ့တိုင်း ဆေးကြောပေးပြီး သေချာခြောက်အောင်ထားပါ။

●        အတွင်းခံ ပေါ့ပေါ့ပါးပါးဝတ်ပါ။ အရမ်းကျပ်တဲ့ အဝတ်အစားတွေက ပေါင်ခြံကြား ယားနာပေါက်နိုင်ခြေ ပိုများပါတယ်။

●        ချည်သားအတွင်းခံတွေ ဝတ်ပါ။ ပိုးပွားစေနိုင်တဲ့ လေ၀င်လေထွက် မကောင်းတဲ့ အဝတ်အစားတွေကို ရှောင်ပါ။

●        အဝတ်အစားတွေ၊ တဘက်တွေ၊ အိပ်ရာခင်းတွေကို မကြာခဏ လျှော်ပေးပါ။

●        ချွေးစိုနေတဲ့ အားကစား အဝတ်အစားတွေကို တတ်နိုင်သမျှ မြန်မြန်လဲဝတ်ပေးပါ။

●        တဘက်တွေနဲ့ အဝတ်အစားတွေကို မျှဝေသုံးစွဲတာကို ရှောင်ပါ။

●        ခြေကြားယားနာပေါက်နေခဲ့ရင် ပေါင်ခြံနေရာကို မပြန့်အောင် သေချာကုသပေးပါ။ အဝတ်အစားလဲချိန်မှာ အတွင်းခံမဝတ်ခင် ခြေအိတ် အရင်စွပ်ပါ။ ဒါမှ ခြေထောက်ကပိုး ပေါင်ခြံကို မကူးမှာပေါ့။

Dr. Emerald (www.drmyanmar.com)