/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အခက်ခဲဆုံးအချိန်တွေကို-ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်ကြမယ်

အခက်ခဲဆုံးအချိန်တွေကို ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဘ၀မှာအဆင်မပြေမှုများ ကြုံတွေ့လာသောအခါ အဆိုးမြင်စိတ်တွေ၀င်လာပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့ ခက်ခဲလာပါတယ်။ ထိုအခါမှာစိတ်ဓာတ်ကျမနေဘဲ အောက်ပါနည်းလမ်းများအတိုင်း လိုက်လုပ်ကြည့်ပါ။ မိမိကြုံတွေ့နေရသော အဆိုးဝါးဆုံးပြဿနာများနှင့်ပတ်သက်၍ ခံယူချက်များပြောင်းလဲသွားပြီး နေ့သစ်များကို ရင်ဆိုင်ရန် ခွန်အားများရရှိစေမှာပါ။

 

1. မနက်စောစောထပါ။

          နံနက်စောစောထခြင်းဟာ ခန္ဓာကိုယ်ကို အားအင်ပြည့်၀လန်းဆန်းနေစေပါတယ်။ ဒါ့အပြင် စိတ်ကိုကြည်လင်စေပြီး အကောင်းမြင်စိတ်ကိုတိုးပွားစေပါတယ်။ နံနက်စောစောထတာကြောင့် ကိုယ်စိတ်၀င်စားတဲ့ အလုပ်တစ်ခုကိုပိုမိုအချိန်ပေးပြီးလုပ်နိုင်ပါတယ်။

2. လေ့ကျင့်ခန်းလုပ်ပါ။

          ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကိုတွန်းလှန်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရာမှထွက်လာတဲ့ အန်ထရိုဖင်း (Endophin) ဟော်မုန်းဟာပူပင်သောကကို လျော့ကျစေကာ စိတ်ပင်ပန်းမှုကိုလျော့ကျစေပါတယ်။

3. အလုပ်များကိုအစီအစဉ်ဆွဲပြီးလုပ်ဆောင်ပါ။

          တစ်နေ့တာအတွက် အလုပ်များကို ကြိုတင်အစီအစဉ်ဆွဲထားပါ။ အဲဒီလိုလုပ်တာကြောင့် အချိန်ကုန်သက်သာစေပြီး အလုပ်အချိန်မီ မပြီးစီးတာကြောင့်ရလာမယ့် စိတ်ဖိစီးမှုကိုလည်း လျော့ချနိုင်မှာဖြစ်ပါတယ်။

4. တစ်နေ့တာကိုပျော်ရွှင်စွာဖြတ်သန်းပါ။

          တစ်နေ့တာကိုပျော်ရွှင်စွာဖြတ်သန်းပါ။ ဘ၀မှာ အမြဲတမ်းပျော်ရွှင်စရာတွေကိုပဲ တွေ့ရမှာမဟုတ်ပါဘူး။ အဆင်မပြေမှုများအပေါ်မှာ စိတ်ညစ်နေမယ့်အစား ဘ၀မှာရရှိခဲ့တဲ့ ကြီးကျယ်ခမ်းနားသောအရာများကို ပြန် လည်တွေးတောပြီး စိတ်ဓာတ်ခွန်အားမြှင့်တင်လိုက်ပါ။

5. အကြိုက်ဆုံးစကားပုံများကိုအမှတ်ရပါ။

          စိတ်ဖိစီးမှုများလာပြီဆိုရင် အကြိုက်ဆုံးစကားပုံများကို ပြန်လည်အမှတ်ရပေးပါ။ ထိုစကားပုံများမှ အဆိုးဝါးဆုံးသောအခြေအနေများကို ရင်ဆိုင်နိုင်ရန်အတွက် ခွန်အားများ၊ အကြံဉာဏ်များ၊ စိတ်ကူးစိတ်သန်းများမယုံနိုင်စရာကောင်းလောက်အောင် ရရှိလာနိုင်ပါတယ်။

6. အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားပါ။

          ဘယ်လောက်ပင်ကြိုးစားစေကာမူ အလုပ်လုပ်နေစဉ်အတွင်းမှာ အမှားကိုကြုံတွေ့လာနိုင်ပါတယ်။ မှားမှာကိုမကြောက်ပါနှင့်။ တွေ့ကြုံခဲ့ရသောအမှားများကို သင်ခန်းစာယူပြီး ဘ၀ကို အကောင်းဆုံးလျှောက်လှမ်းနိုင်အောင် ကြိုးစားပြင်ဆင်ပါ။

7. ရယ်မောပါ။

          စိတ်ဖိစီးနေချိန်မှာမှန်ကြည့်ပြီးတော့ဖြစ်ဖြစ် ခပ်ကျယ်ကျယ်လေးရယ်မောလိုက်ပါ။ ဒါမှမဟုတ် ရယ်စရာကာတွန်း၊ ရုပ်ရှင်စတာတွေကိုကြည့်ပေးပါ။ ရယ်မောခြင်းကြောင့် စိတ်ဖိစီးမှုတွေ အားလုံးပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ပေမယ့် လက်ရှိအချိန်မှာတော့ စိတ်သက်သာရစေမှာပါ။

8. အတွေးအမြင်၊ အပြောအဆိုများကို ပြောင်းလဲပါ။

          အပြုသဘောဆောင်သော စကားလုံးများကိုသာ ရွေးချယ်အသုံးပြုပါ။ “ငါလုပ်နိုင်မယ် မထင်ဘူး”၊ “ငါ မလုပ်နိုင်ဘူး” စတဲ့ စကားလုံးများအစား ‘သိပ်ကောင်းတာပဲ’၊ ‘ကြိုးစားထား’ စသည်ဖြင့် မိမိကိုယ်ကို အားပေးပါ။

9. စိတ်ဓာတ်ခွန်အားပေးနိုင်သော စာအုပ်များဖတ်ပါ။

          စာဖတ်တာဟာ ဦးနှောက်ရဲ့တွေးခေါ်နိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။ ခွန်အားရှိတဲ့စာတွေဖတ်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်းလျော့ကျစေပြီး အကောင်းမြင်စိတ်ကို တိုးပွားစေပါတယ်။ သင်က စာဖတ်ဝါသနာမပါသူဆိုရင်တော့ စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ ဗီဒီယိုတွေကြည့်နိုင်ပါတယ်။

 

 

Dr.Htet Htet Aung

www.drmyanmar.com