/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အင်ဆူလင်ကို-နည်းလမ်းမှန်ကန်စွာ-ထိုးတတ်ဖို့

အင်ဆူလင်ကို နည်းလမ်းမှန်ကန်စွာ ထိုးတတ်ဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆီးချိုရောဂါလိုမျိုး အင်ဆူလင်ကို ရေရှည်စွဲပြီးထိုးရတဲ့သူတွေအတွက် အိမ်မှာပဲထိုးတတ်ဖို့ အင်ဆူလင်ထိုးနည်းကို သင်ပြီး အိမ်မှာပဲ ထိုးစေပါတယ်။ အင်ဆူလင်ထိုးနည်းက တခြားဆေးထိုးတာတွေနဲ့ မတူပါဘူး။ ပြီးတော့ ဆေးရဲ့အာနိသင် အပြည့်အဝရဖိုအတွက်ဆိုရင် ဆေးထိုးနည်းမှန်ဖို့ အရေးကြီးပါတယ်။ တစ်ခါတလေတော့လည်း ဘယ်လိုပဲသင်လိုက်သင်လိုက် အချိန်ကြာလာတော့ သူ့ဟာသူ ထိုးချင်သလို ထိုးလာတာတွေလည်း ရှိပါတယ်။

 

>>    အင်ဆူလင်ထိုးရမယ့်နေရာ

          အင်ဆူလင်ထိုးဖို့ အကောင်းဆုံးနေရာကတော့ ဝမ်းဗိုက်ပါ - ချက်ကနေ အနည်းဆုံး ၂ လက်မအကွာ အမာရွတ်တွေ၊ မှဲ့တွေနဲ့ ဝေးတဲ့နေရာ ဖြစ်ရပါမယ်၊ အဆီများတဲ့နေရာတွေဖြစ်တဲ့ လက်မောင်းအနောက်၊ ပေါင် စတဲ့ နေရာတွေမှာလည်း ထိုးလို့ရပါတယ်၊ အထူးသဖြင့် နေ့တိုင်း အင်ဆူလင်ထိုးနေရရင် နေရာတွေ ပြောင်းပြောင်းပြီး ထိုးပေးပါ။ အကောင်းဆုံးကတော့ နောက်ဆုံး ထိုးထားတဲ့နေရာကနေ အနည်းဆုံး 1 cm (လက်တစ်ချောင်းအကျယ်စာ) လောက် ခွာထိုးပါ။ တစ်နေရာတည်းမှာပဲ အမြဲထိုးနေရင် အရေပြားတစ်သျှူးတွေမှာ အပြောင်းအလဲတွေဖြစ်ပြီးတော့ ဆေးစုပ်ယူမှုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

          အင်ဆူလင်ထိုးတဲ့နေရာတွေမှာ အဆီဆဲလ်တွေ ကုန်လာတတ်ပါတယ်။ အရေပြားမှာ အဖုလေး ဖောင်းထွက်လာတာက အဲဒီနေရာက အင်ဆူလင်နဲ့ မတည့်လို့ပါ။ ဒီနေရာမှာဆိုရင် အင်ဆူလင်ကို ကောင်းကောင်း မစုပ်ယူနိုင်တဲ့အတွက် ဖောင်းထွက်လာတဲ့နေရာတွေမှာ မထိုးပါနဲ့။

 

>>    အနာရွတ်

          တစ်နေရာတည်းမှာပဲ ထပ်ခါတလဲလဲထိုးတဲ့အခါမှာ အမာရွတ်တစ်သျှူးတွေ ဖြစ်လာပါတယ်။ အင်ဆူလင်ကို အမာရွတ်တစ်သျှူးတွေကနေတစ်ဆင့် စုပ်မယူနိုင်တဲ့အတွက် ဒီနေရာတွေမှာလည်း မထိုးသင့်ပါဘူး။

 

>>    အရေပြားလေးကို ဆွဲပြီးထိုးခြင်း

          အင်ဆူလင်ထိုးတဲ့အခါမှာ အရေပြားကို ဆွဲဖို့မလိုပါဘူး။ အရမ်းပိန်တဲ့သူဆိုရင်တော့ ကြွက်သားတွေထိ ဆေးမဝင်သွားအောင် အရေပြားကို ဆွဲထိုးဖို့ လို၊ မလိုဆိုတာကို ဆရာဝန်ကို မေးပါ။

 

>>    အန္တရာယ်ကင်းစေဖို့ -

          အင်ဆူလင် ထိုးတဲ့အခါတိုင်းမှာ ဒီအချက်လေးတွေကို လိုက်နာပါ။

●        သန့်ရှင်းမှု ရှိပါစေ - အင်ဆူလင်ထဲကို ဘက်တီးရီးယားပိုးတွေ မဝင်စေဖို့ ဆေးထိုးတိုင်း အင်ဆူလင် ဆေးဘူးအဖုံးကို သေချာ သုတ်ပါ (သို့) အရက်ပြန်၊ ဂွမ်းနဲ့ ဖွင့်ပါ။

●        ဆေးထိုးအပ်ထဲက လေတွေ - ဆေးထိုးအပ်ထဲကလေတွေက အန္တရာယ်မရှိပေမယ့် ရှေ့မှာ လေတွေပိတ်နေတော့ အင်ဆူလင်စုပ်တဲ့အခါမှာ ပမာဏမပြည့်ဘဲ ထစ်တာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေအတွက် အင်ဆူလင်ကို ပမာဏပြည့်အောင်ထိုးပေးဖို့ အရေးကြီးပါတယ်။

●        ဆေးထိုးအပ်ထဲမှာ အင်ဆူလင်တွေ စုပ်ထားပြီး ပြန်သုံးခြင်း  - ဒါက အရေပြားပိုးဝင်တာကို ပိုများစေနိုင်ပါတယ်၊ ဆေးထိုးအပ်ထဲက ခြောက်သွေ့နေတဲ့ အင်ဆူလင်တွေက ပမာဏမပြည့် ဖြစ်တတ်ပါတယ်။ ပြီးတော့ ဆေးထိုးအပ်တွေကို ထပ်ခါထပ်ခါ ပြန်သုံးရင် ထိပ်တုံးပြီးတော့ ပိုနာတတ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)