/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အင်ဆူလင်ထိုးတဲ့အခါ

အင်ဆူလင်ထိုးတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    အင်ဆူလင်နဲ့ ပတ်သက်ပြီး သိကောင်းစရာများ

၁။    အင်ဆူလင်ဆိုတာ ထိုးဆေးပါ။
    အင်ဆူလင်ကို သောက်ဆေးပုံစံ မထုတ်ပါဘူး။ များသောအားဖြင့် ထိုးဆေးပုံစံသာ လာတတ်ပါတယ်။ သောက်မိရင် တခြားအစားအသောက်တွေလိုပဲ ခြေဖျက်ခံရမှာပေါ့။ အရေပြားအောက်က အဆီလွှာထဲကို ထိုးထည့်ရမှာပါ။ ဒါမှ သွေးကြောထဲကို တစိမ့်စိမ့် ဝင်သွားမှာပြီး သွေးအချိုဓာတ်ကို ထိန်းညှိနိုင်မှာပါ။

၂။    ဘောပင်လိုအင်ဆူလင်ပန်လေးနဲ့ ထုတ်ပါတယ်။
    ဆေထိုးအပ် ကြောက်သူတွေအဖို့ ဆေးထိုးအပ်မလိုဘဲ အင်ဆူလင်ပန် အသုံးပြုတာက ပိုမိုလွယ်ကူပြီး တွင်ကျယ်ပါတယ်။ အင်ဆူလင်ပန်မှာ အင်ဆူလင်ထည့်ဖို့ အကန့်လေးပါပါတယ်။ အင်ဆူလင်ပန်တချို့ဟာ အင်ဆူလင် ဖြည့်ထားပြီးသား ရှိပါတယ်။ ကိုယ်ထိုးရမယ့်ပမာဏကိုထားပြီး ထိုးလိုက်ရုံပါပဲ။

၃။    အင်ဆူလင်ထုတ်စက်ပုံစံလည်း လာပါတယ်။
    အင်ဆူလင်ထုတ်စက်က ၂၄ နာရီ အင်ဆူလင် ထုတ်လွှတ်ပေးနေမှာပါ။ အရေပြားအောက်မှာ ထည့်ထားတဲ့ ပိုက်ကလေးကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်နေမှာပါ။ အရင်တုန်းကတော့ ဆီးချိုအမျိုးအစား-၁ သမားတွေမှာပဲ အများဆုံးသုံးပေမယ့် နောက်ပိုင်းမှာတော့ ဆီးချိုရောဂါအမျိုးအစား-၂ သမားတွေမှာပါ သုံးလာပါတယ်။

၄။    အင်ဆူလင်ထိုးတဲ့အခါ အချိန်က အသက်ပါ။
    စားလိုက်တဲ့ အစားအသောက်တွေကနေ သွေးထဲကို ထွက်လာတဲ့ဂလုကိုစ့်ကို အသုံးပြုမယ့်အချိန်မှာ အင်ဆူလင် လိုပါတယ်။ မြန်မြန်အာနိသင်ပြတဲ့ အင်ဆူလင်၊ အာနိသင်ပြတာနှေးတဲ့အင်ဆူလင်၊ အင်ဆူလင်အရော စသဖြင့် အင်ဆူလင်ဖော်မြူလာ အမျိုးမျိုး ရှိပါတယ်။ အစာစားချိန်နဲ့ တွဲပြီးထိုးရတဲ့ အင်ဆူလင်မျိုးကတော့ အစာမစားခင် နာရီဝက်အလိုမှာ ထိုးရပါတယ်။ ဘယ်လိုစားရမယ်၊ ဘယ်အချိန်ထိုးရမယ်ဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။

၅။    အရေပြားဓာတ်မတည့်တာတွေကိုရှောင်ပါ။
    အင်ဆူလင်ထိုးဆေးဟာ ထိုးလိုက်တဲ့‌နေရာမှာ နီရဲတာ၊ ရောင်ရမ်းတာ၊ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေမပျောက်သွားဘူးဆိုရင် ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာက ဆရာဝန်နဲ့ တိုင်ပင်ပါ။ တစ်နေရာထဲ အထပ်ထပ်ထိုးနေတာကလည်း မာမာခဲခဲအဖုကြီးတွေ၊ အဆီခဲတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ထိုးတဲ့နေရာကို ပြောင်းပြောင်းပေးပါ။

၆။    ထိုးတဲ့နေရာ ဘယ်လိုပြောင်းပြောင်းထိုးမလဲ။
    တစ်နေရာတည်းကိုပဲ ထိုးနေလို့မဖြစ်ပါဘူး။ နေ့တိုင်းနေ့တိုင်း အချိန်မှန်မှန် အချိန်နဲ့အလိုက် ထိုး‌နေကျ‌နေရာမှာ ထိုးဖို့တော့ လိုပါတယ်။ ဒါမှ သွေးအချိုဓာတ်မှန်နေမှာပါ။ ဥပမာပြောရရင် မနက်စာမစားခင် ခြေထောက်မှာ ထိုးတယ်ဆိုရင်၊ ညစာမစားခင် ဗိုက်မှာ ထိုးတာမျိုးပေါ့။

၇။    သွေးအချိုဓာတ်ကို စစ်ဆေးပါ။
    လေ့ကျင့်ခန်းတွေ၊ အစားအသောက်တွေကြောင့် သွေးအချိုဓာတ် အပြောင်းအလဲ ရှိ၊ မရှိကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ဒီလိုသွေးအချိုဓာတ်စစ်ဆေးခြင်းဖြင့် အင်ဆူလင် လိုအပ်ချက်ကိုလည်း သိနိုင်ပါတယ်။ အချိုဓာတ်တိုင်းစက်တွေကလည်း ဈေးကွက်ထဲမှာ အများကြီးပါ။ ဘယ်လိုစက်မျိုး သုံးရမလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ။

၈။    အအေးလျော့အောင် လုပ်ပါ။
    ထုတ်လုပ်သူအများစုက အင်ဆူလင်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားခိုင်းတတ်ပါတယ်။ ဒါပေမဲ့ အင်ဆူလင် အေးအေးကြီးကို ထိုးရတာ အရမ်းနာပါတယ်။ ဒါကြောင့် ကိုယ် လတ်တလော ထိုးနေတဲ့ပုလင်းကိုတော့ အခန်းအပူချိန်မှာ သိမ်းထားပါ။ အများကြီး ဝယ်ထားတယ်ဆိုရင် မသုံးမချင်း ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

၉။    နာတာ သက်သာအောင်လုပ်ပါ။
    နာတာ သက်သာအောင် အသားထဲကိုအမြန်ထိုးပါ။ ထိုးမယ့်နေရာကကြွက်သားကို ပြေလျော့ထားပါ။ အရက်ပြန် လုံးလုံးခြောက်သွားသည်အထိ ထားပါ။ မထိုးခင် ဆေးထိုးအပ်ထဲ လေမရှိစေဖို့ သတိထားပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)