အင်ဆူလင်ထိုးရာဝယ်
အင်ဆူလင်ဆိုတာဟာ သွေးထဲကဂလုကိုစ့်အချိုဓာတ်ကို ကလာဒ်စည်းဆဲလ်လေးတွေထဲ ဝင်ရောက်စေပြီး စွမ်းအင်အဖြစ်ပြောင်းလဲစေတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာက အင်ဆူလင်လုံးဝမထုတ်နိုင်တဲ့အခြေအနေကို ဆီးချိုအမျိုးအစား၁လို့ခေါ်ပြီး ဆီးချိုအမျိုးအစား၂မှာတော့ ထုတ်လုပ်လိုက်တဲ့အင်ဆူလင်တွေကို အသုံးမချနိုင်ဘဲ တစ်ဖြည်းဖြည်းနဲ့ ပန်ကရိယမုန့်ချို့အိတ်က လိုအပ်သလောက် အင်ဆူလင်မထုတ်လုပ်နိုင်တော့ပါဘူး။
ဆီးချိုရောဂါကိုထိန်းချုပ်တဲ့အခါ အစားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့ အဓိကထိန်းချုပ်ပြီး လိုအပ်ရင် အင်ဆူလင်အပါအဝင် ဆေးတွေသောက်ရပါမယ်။ ဆီးချိုအမျိုးအစား၁မှာတော့ တစ်သက်လုံး အင်ဆူလင်ထိုးဖို့ လိုနိုင်ပါတယ်။
>> အင်ဆူလင်ထိုးနည်းများ
ဆေးထိုးအပ်၊ အင်ဆူလင်Pen၊ အင်ဆူလင်ကပ်ခွာ၊ အင်ဆူလင်သေနတ် စသည်ဖြင့် နည်းအမျိုးမျိုးရှိပါတယ်။ ဆေးထိုးအပ်ကတော့ အသုံးများပြီး ဈေးလည်းသက်သာပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဆင်ပြေမယ့်နည်းကို ရွေးချယ်ပါ။
1. ဆေးထိုးအပ်
ဆေးထိုးအပ်တွေကို ပလတ်စတစ်နဲ့ပြုလုပ်ထားပြီး တစ်ကြိမ်သာအသုံးပြုနိုင်ပါတယ်။
အပ်ရဲ့အရွယ်အစားဟာ ယခင်က ၁၂.၇မီလီလီတာရှိပေမယ့် နောက်ပိုင်းမှာ ၈မီလီလီတာ၊ ၆မီလီလီတာ၊ ၄မီလီလီတာ စသည်ဖြင့်ပေါ်လာတဲ့အတွက် အရင်ကလောက် မနာကျင်တော့ပါဘူး။
2. ဘယ်နားကိုထိုးရမလဲ?
အရေပြားအောက် အဆီလွှာထဲကို ထိုးရတာဖြစ်ပါတယ်။ အဆီပြင်အောက် ကြွက်သားထဲထိရောက်သွားခဲ့ရင် ဆေးအာနိသင်ပြချိန်အလွန်မြန်ပြီး သွေးအချိုဓာတ်အလွန်ကျသွားတတ်ပါတယ်။
အမြဲတမ်းအင်ဆူလင်ထိုးနေရသူတွေဟာ တစ်နေရာထဲ အမြဲမထိုးမိအောင် သတိထားရပါမယ်။ တစ်နေရာထဲ အမြဲထိုးခြင်းက အဆီပြိကွဲခြင်း၊ အဆီစုဝေးခြင်းတွေ ဖြစ်လာစေပြီး အင်ဆူလင်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။
ဗိုက်၊ ပေါင်၊ လက်မောင်း၊ တင်ပါး စသည်ဖြင့် လှည့်လည်ထိုးပေးနိုင်ပါတယ်။
• ဗိုက်
အင်ဆူလင်ထိုးဖို့အသင့်တော်ဆုံးနေရာကတော့ ဗိုက်ပဲဖြစ်ပါတယ်။ နံရိုးနဲ့တင်ပါးဆုံကြား ချက်ပတ်လည်၂လက်မလောက်ကလွဲလို့ ကြိုက်တဲ့နေရာထုးိနိုင်ပါတယ်။
အမာရွတ်၊ မှည့်၊ သွေးကြောထုံးတွေနဲ့ သွေးကြောပြတ်နေတဲ့နေရာတွေကိုလည်း ရှောင်ပေးပါ။
• ပေါင်
ပေါင်ရင်းကနေ၄လက်မအောက်နဲ့ ဒူးပေါ်၄လက်မအထက်ကြား ပေါင်အပေါ်ပိုင်းနဲ့အပြင်ပိုင်း ကြိုက်နှစ်သက်ရာနေရာမှာ ထိုးနိုင်ပါတယ်။
• လက်မောင်း
ပုခုံးနဲ့တံတောင်ဆစ်ကြားလက်မောင်းအနောက်ဘက်နားကို ထိုးပေးနိုင်ပါတယ်။
3. ဘယ်လိုထိုးမလဲ?
မထိုးခင်မှာ အင်ဆူလင်ရဲ့ အာနိသင်ကို အရင်စစ်ဆေးပါ။ ရေခဲသေတ္တာထဲထည့်ထားရင် အခန်းအပူချိန်ရောက်အောင်ထားပါ။ အင်ဆူလင်နောက်နေရင် လက်ဖဝါးနှစ်ဖက်ကြား ခဏလှိမ့်ကြည့်ပါ။ မလှုပ်ပါနဲ့။ အာနိသင်မြန်တဲ့ အင်ဆူလင်အမျိုးအစားဟာ နောက်မနေသင့်ပါဘူး။ အင်ဆူလင်ဆေးရည်မှာ အမှုန်တွေမြင်ရတာ၊ ပျစ်ခဲနေတာ၊ အရောင်ပြောင်းနေတာရှိပါက မသုံးပါနဲ့။
ဒီနည်းလမ်းတွေကိုလိုက်နာကြည့်ပါ။
အဆင့် ၁
လိုအပ်တဲ့ပစ္စည်းတွေစုပါ။
- အင်ဆူလင်ဆေးပုလင်း
- ဆေးထိုးအပ်
- အရက်ပြန်
- ဂွမ်း
- ပလတ်စတာ
- ဆေးထိုးအပ်လွင့်ပစ်ရန်ဘူး
လက်ကိုဆပ်ပြာနဲ့ရေဖြင့် လက်ဖမိုး၊ လက်ချောင်းကြား၊ လက်သည်းအောက်တွေကို စက္ကန့်၂၀ခန့်ကြာအောင် သေချာဆေးကြောပါ။
အဆင့် ၂
ဆေးထိုးအပ်ကိုထောင်ကိုင်လိုက်ပြီး ဆေးထိုးအပ်ပြွတ်တံကို ကိုယ်ထိုးရမယ့်ပမာဏရောက်တဲ့အထိ ဆွဲထုတ်လိုက်ပါ။
အဆင့် ၃
အင်ဆူလင်ဆေးဘူးအဖုံးကိုဖွင့်လိုက်ပါ။ ဖွင့်ပြီးသားပုလင်းဆိုရင် အဖုံးနေရာကို အရက်ပြန်လေးနဲ့သုတ်လိုက်ပါ။
အဆင့် ၄
ပုလင်းထဲအပ်စိုက်လိုက်ပြီး ဆေးထိုးအပ်ထဲစုပ်ထားတဲ့ လေတွေကိုထိုးထည့်လိုက်ပါ။ ထိုးထည့်လိုက်တဲ့လေက စုပ်ရမယ့်အင်ဆူလင်ပမာဏကို အစားထိုးလိုက်ပါတယ်။
အဆင့် ၅
အပ်စိုက်ထားလျက်နဲ့ပုလင်းကိုစောက်ထိုးလုပ်လိုက်ပြီး ဆေးကိုလိုအပ်တဲ့ပမာဏ ဆွဲစုပ်ယူလိုက်ပါ။
အဆင့် ၆
ဆေးထိုးအပ်ထဲပူစီဖောင်းထပြီးလေဝင်နေရင် ဆေးထိုးအပ်ကိုဖြည်းဖြည်းလေးတောက်တောက်ပေးပါ။ လေတွေဆေးထိုးအပ်ထိပ်ဝကိုရောက်သွားရင် ပုလင်းထဲလေကိုပြန်ထိုးထည့်လိုက်ပါ။ လိုအပ်တဲ့ပမာဏ ပြန်စုပ်ယူပါ။
အဆင့် ၇
အပ်ကိုပုလင်းကနေ ဆွဲနှုတ်လိုက်ပါ။
အဆင့် ၈
ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့သုတ်လိုက်ပြီး ခြောက်အောင်ခဏထားပါ။
အဆင့် ၉
ကြွက်သားထဲမဝင်သွားရလေအောင် အရေပြား၁လက်မ၂လက်မလောက်ကို ဆွဲယူလိုက်ပါ။ ဆေးထိုးအပ်ကို ၉၀°စိုက်ချလိုက်ပါ။ ဆေးထိုးအပ်ထဲက ဆေးတွေကို ထိုးထည့်လိုက်ပြီး ၁၀စက္ကန့်လောက်စောင့်ပါ။ အပ်သေးသေးလေးဆိုရင်တော့ အရေပြားကို ဆွဲယူဖု့ိမလိုအပ်ပါဘူး။
အဆင့် ၁၀
ဆေးထိုးပြီးတာနဲ့ ဆွဲထားတဲ့အရေပြားကို လွှတ်လိုက်ပြီး ဆေးထိုးအပ်ကိုပြန်နှုတ်လိုက်ပါ။ ဆေးထိုးထားတဲ့နေရာကို မပွတ်ပါနဲ့။ ဆေးထိုးပြီးပြီးချင်း သွေးစစလေးထွက်လာပါလိမ့်မယ်။ ဒီလိုထွက်လာရင် ဂွမ်းလေးနဲ့ဖွဖွလေးတို့ပြီး လိုအပ်ရင် ပလတ်စတာလေးကပ်လိုက်ပါ။
အဆင့် ၁၁
ဆေးထိုးအပ်ကို လုံခြုံတဲ့ဘူးထဲ သေချာစွန့်ပစ်ပါ။
4. အသုံးဝင်တဲ့အချက်များ
ဒီအချက်လေးတွေကို သေချာလိုက်နာပါ။
• အရက်ပြန်နဲ့မသုတ်ခင် ရေခဲတုံးလေးအရင်ကပ်ခြင်းက ထုံနေစေပါလိမ့်မယ်။
• အရက်ပြန်သုတ်ပြီးနောက် အခြောက်ခံပြီးမှ ဆေးထိုးခြင်းက အနာသက်သာစေပါလိမ့်မယ်။
• အမွေးအရင်းထဲမထိုးမိပါစေနဲ့။
• ဆေးထိုးတဲ့နေရာတွေကို သေချာရေးမှတ်ထားပါ။
5. ဆေးထိုးအပ်ကိုစွန့််ပစ်ခြင်း
ထိုးပြီးသားဆေးထိုးအပ်တွေဟာ အခြားလူတွေအတွက် ဘေးဖြစ်စေနိုင်တဲ့အတွက် သေသေချာချာစွန့်ပစ်ရပါမယ်။ ဆီးချိုရောဂါဟာ အခုခေတ်မှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်လာပြီး အင်ဆူလင်အသုံးပြုမှုလည်း ပိုများလာပါတယ်။ ပထမဆုံးဆေးထိုးရမယ့်အချိန်၊ ပြဿ နာတစ်ခုခုကြုံရချိန်၊ မေးစရာတစ်ခုခုရှိချိန်တွေမှာ ဆရာဝန်ဆရာမတွေကို ချဉ်းကပ်မေးမြန်းဖို့ မမေ့ပါနဲ့။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
အဆင့ျ ၁
လိုအပျတဲ့ပစ်စညျးတှစေုပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























