/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အင်ပြင်ထတဲ့အခါ

အင်ပြင်ထတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အင်ပြင်ထတယ်ဆိုတာဟာ နီနီရဲရဲအပြင်လိုက် အယားကွက်တွေ ထွက်လာတာကို ဆိုလိုတာပါ။ အရွယ်အစား အမျိုးမျိုး ကွာခြားနိုင်ပြီး ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။

          တစ်ခါပေါ်လာရင် ၆ ပတ်လောက်အထိ ကြာနိုင်တယ်။ လပိုင်း၊ နှစ်ပိုင်းလောက်ကြာရင် နောက်တစ်ကြိမ် ထပ်ပေါ်တတ်တယ်။

 

>>    အင်ပြင်ထတာ သက်သာအောင် -

၁။     အစိုဓာတ်ထိန်းပါ။

          အင်ပြင်အကွက်သစ်တွေဟာ ကုတ်ကုတ်နေလို့ ထလာတတ်တယ်။ အဖြစ်များတဲ့ အကြောင်းရင်းကတော့ အသားခြောက်တာပါပဲ။ ဒါကြောင့် အစိုဓာတ်ထိန်းဖို့ အရေးကြီးပါတယ်။ အခြေခံနည်းလေးတွေကတော့ -

●        အနံ့မပါတဲ့ ဆပ်ပြာအပျော့စားလေးကို သုံးပါ။

●        ရေပူပူကို ရှောင်ပါ။

●        ၁၀ မိနစ်လောက်ပဲ ရေစိမ်တာမျိုး လုပ်ပါ။

●        ရေချိုးပြီးတာနဲ့ အစိုထိန်းလိုးရှင်း လိမ်းပေးပါ။

●        ရေငွေလွှင့်စက်လေး ဖွင့်ပေးပါ။

 

၂။     အသားအရေကို အေးအောင်လုပ်ပါ။

          အင်ပြင်ထချိန်မှာ အအေးလေးကပ်ပေးတာက သွေးကြောတွေကို ကျုံ့စေပြီး ရောင်ရမ်းတာတွေကို ကျစေနိုင်တယ်။ ခရင်မ်အများစုကတော့ သက်သာမှာမဟုတ်ဘူး။ အင်ပြင်ဆိုတာ အတွင်းကနေ ဖြစ်တာမို့ပါ။ ဒါပေမဲ့ အယားပျောက်စေတဲ့ 1% မန်သောလို ဆေးမျိုးကတော့ သက်သာစေပါလိမ့်မယ်။

 

၃။     ဖြစ်စေတဲ့အကြောင်းရင်းတွေကို စောင့်ကြည့်ပါ။

          အင်ပြင်ထတာ အတော်များများဟာ နေ့စဉ်ဘဝ လုပ်ကိုင်ထိတွေ့နေတာတွေကြောင့် ဖြစ်တာများတယ်။

●        အရက် : အရက်က အင်ပြင်ကို ပိုဆိုးစေနိုင်တယ်။

●        အက်စ်ပရင်နဲ့ အရောင်ကျဆေး : ဒီလိုဆေးတွေဟာ အင်ပြင်ကိုဖြစ်စေ၊ ပိုဆိုးစေနိုင်တယ်။ ဒါကြောင့် အကိုက်အခဲပျောက်ချင်ရင် ပါရာစီတမောလိုမျိုး သောက်ပါ။

●        အပူ : အခန်းအေးအေးထဲ အိပ်တာ၊ အလုပ်လုပ်တာမျိုး တတ်နိုင်ရင် လုပ်ပေးပါ။ အပူချိန် တက်စေမယ့် အလုပ်မျိုးကို ရှောင်ပေးပါ။ ရေအေးအေးချိုးတာ၊ ပန်ကာခံတာ၊ အေးစေတဲ့ လိမ်းဆေးလေးတွေ လိမ်းတာမျိုး လုပ်ပေးပါ။

●        အဝတ်ကျပ်ကျပ်တွေ မဝတ်ပါနဲ့။ အင်ပြင်နဲ့အဝတ်တွေ ပွတ်တိုက်မိတဲ့အခါ အင်ပြင်ထတာကို ပိုဆိုးစေနိုင်တယ်။ အကျႌပွပွလေးတွေ ဝတ်ပေးသင့်တယ်။

 

၄။     မှတ်တမ်းစာအုပ် ထားပါ။

          ဘာတွေ စားတယ်၊ ဘာတွေ လုပ်တယ်ဆိုတာတွေ မှတ်ထားခြင်းဖြင့် အင်ပြင်မထခင် ကိုယ် ဘာတွေလုပ်မိလဲဆိုတာကို သိနိုင်တယ်။ နောင်မှာ ရှောင်လို့ရတာပေါ့။

 

၅။     ဘယ်အချိန်မှာ အကူအညီလိုသလဲဆိုတာ သိပါ။

          တစ်ခါတလေ အင်ပြင်ဟာ ဓာတ်မတည့်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

●        အသက်ရှူကြပ်တာ

●        အသံသြလာတာ

●        နှုတ်ခမ်းရောင်လာတာ

●        ပျို့၊ အန်၊ ဗိုက်နာ၊ ဝမ်းသွားတာ

●        မူးတာ၊ ဝေတာ

●        နှလုံးတုန်တာ

●        မေ့ခနဲဖြစ်တာ

●        ရင်ဘတ်အောင့်တာတွေ ဖြစ်လာရင် ချက်ချင်းဆရာဝန်နဲ့ ပြဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)