အစာအဆိပ်မသင့်အောင် ကာကွယ်ခြင်း
အောက်ပါအချက်တွေက အစာအဆိပ်သင့်ခြင်းဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
● မိသားစုဝင်အားလုံးကို လက် သေချာဆေးဖို့ သင်ထားပေးပါ။ အထူးသဖြင့် အိမ်သာတက်ပြီးတိုင်း၊ အစားအစာတွေကို မကိုင်တွယ်မီ နှင့် သားစိမ်း၊ ငါးစိမ်း၊ အစားအစာအစိမ်းတွေကို ကိုင်တွယ်ပြီးနောက် ရေ၊ ဆပ်ပြာတို့ဖြင့် အနည်းဆုံး ၂၀ စက္ကန့်လောက်ကြာအောင် ပွတ်သပ်ဆေးကြောပါ။
● ပန်းကန်ခွက်ယောက်အားလုံး၊ စဉ့်တီတုံး၊ နှင့် အစားအစာ ပြင်ဆင်ချက်ပြုတ်မည့် မျက်နှာပြင်အားလုံးကို ဆပ်ပြာ၊ ရေနွေးဖြင့် ဆေးကြောသန့်စင်ပါ။
● နို့ကို မကျိုချက်ဘဲ မသောက်ပါနဲ့ (သို့) ကျက်အောင်မချက်ထားတဲ့ အစားအစာတွေကို မစားပါနဲ့။
● သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အစိမ်းအားလုံးကို ရေသေချာဆေးပြီးမှ စားပါ။
● အသား၊ ဝက်သား နဲ့ ပင်လယ်စာအစိမ်းအားလုံးကို အခြားအစားအစာများနဲ့ ဝေးဝေးထားပါ။
● ပုပ်သိုးလွယ်သော အစားအစာများနှင့် သက်တန်းကုန်ရက်ပါဝင်သော အစားအစာများကို ရက်မလွန်ခင်စားပါ။
● အသားများကို စိတ်ချရတဲ့ အပူချိန်ရောက်အောင် ချက်ပါ။ အမဲသားနှင့်ဝက်သားတုံးကို အနည်းဆုံး 160°F (71°C), အသားတုံးများကို 145°F (63°C), ကြက်သားနှင့် ကြက်ဆင်သားများကို အနည်းဆုံးအပူချိန် 165°F (74°C), ငါးကို 145°F (63°C) အပူချိန်အထိရောက်အောင် ချက်ပြုတ်ပါ။ ကြက်ဥကို အတွင်းထဲက အနှစ်ကျက်တဲ့အထိ ချက်ပါ။
● မကုန်ဘဲကျန်တဲ့ အစားအစာတွေကို အဖုံးသေချာအုပ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။
● သက်တမ်းကုန်သွားတဲ့ အစားအစာတွေ၊ အနံ့၊ အရသာမကောင်းတော့တဲ့ အစားအစာတွေကို ပစ်ထုတ်လိုက်ပါ။
● ကိုယ်ဝန်ဆောင်တွေအနေနဲ့ မကျက်တကျက် ချက်ထားသော (သို့) အသားနှင့်ပင်လယ်စာအစိမ်းများ၊ ပင်လယ်စာအကင်၊ ကြက်ဥအစိမ်း၊ ဒိန်ခဲအပျော့၊ ကျိုချက်မထားသောနို့၊ ဟော့ဒေါ့တွေ မစားပါနဲ့။
● စမ်းချောင်း၊ သေချာထိန်းသိမ်းမထားသောရေတွင်းထဲမှ ရေများ မသောက်ပါနဲ့။
မိသားစုဝင် တစ်ယောက်ယောက် အစာအဆိပ်သင့်ပါက ဖြစ်ရတဲ့အကြောင်းအရင်းကိုသိဖို့နဲ့ ကူးစက်ခြင်း မဖြစ်စေဖို့အတွက် ဒေသကျန်းမာရေးဌာနကို အကြောင်းကြားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























