/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအဆိပ်သင့်ခြင်း

အစာအဆိပ်သင့်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကျန်းမာခြင်းဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာဟာရပြည့်၀အောင် စားသုံးခြင်းတို့အပြင် သန့်ရှင်းမှုရှိခြင်း အပေါ်မှာလည်း မူတည်နေပါတယ်။ မသန့်ရှင်းသောအစားအစာများတွင် ပိုးမွှားများပေါက်ဖွားနိုင်တာကြောင့် စားမိပါက ၀မ်းပျက်၀မ်းလျောဖြစ်ခြင်း၊ အော့အန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

        ဒါကြောင့် ပိုးမွှား Clostridium botulinum ကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်း  (Food born Botulism) အကြောင်းကို ဗဟုသုတရစေရန်အလို့ငှာ ဖော်ပြလိုက်ပါတယ်။

Food born botulism ဆိုဘာလဲ

        ရှားပါးတဲ့အစာအဆိပ်သင့်ခြင်းတမျိုးဖြစ်ပါတယ်။ Clostridium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးမွှားကြောင့်ဖြစ်ပြီး ၎င်းဘက်တီးရီးယားမှ ထုတ်လုပ်လိုက်တဲ့အဆိပ်ဟာ ကြွက်သား အားနည်းခြင်း၊ မလှုပ်ရှားနိုင်တော့ခြင်းတို့ဖြစ်ကာ အသက်ဆုံးရှုံးတဲ့အထိဖြစ်စေတဲ့အဆိပ်ဖြစ်ပါတယ်။

        ၎င်းဘက်တီးရီးယားဟာ စည်သွပ်ထားတဲ့အစားအစာများ၊ အချဉ်သိပ်ထားတဲ့ငါးများ၊ တာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများ၊ သစ်သီးယိုများတွင် ပေါက်ပွားလေ့ရှိပြီး ၎င်းအစားအစာများကို စားသုံးမိပါက 4 နာရီမှ 10 ရက်အတွင်းရောဂါလက္ခဏာပြလေ့ရှိပါတယ်။ ဒါ့ကြောင့် ၄င်းအစားအသောက်များကို အပူချိန်ပြင်းပြင်းနဲ့ ပြန်လည်ချက်ပြုတ်ပြီးမှသာစားသုံးသင့်ပါတယ်။

       ရောဂါလက္ခဏာများကတော့ -

-  ခေါင်းမူးခေါင်းကိုက်ခြင်း၊ နုံးခွေခြင်း၊

-  ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း

-  အမြင်မှုန်ဝါးခြင်း၊နှစ်ထပ်မြင်ခြင်း၊မျက်ခွံတွဲကျခြင်း၊

-  ကြွက်သားအားနည်းခြင်း၊လျာလေးအာလေးဖြစ်ကာစကားမပြောနိုင်ခြင်းတို့ဖြစ်ပါတယ်။

          အချိန်တိုအတွင်းကုသမှုမခံယူပါက ခြေလက်များမလှုပ်ရှားနိုင်တော့ခြင်း၊ အသက်ရူခြင်းကို အထောက်အပံ့ပေးနေသော ကြွက်သားများအားနည်းလာခြင်းတို့ကိုခံစားရပြီး အသက်ဆုံးရှုံးသည် အထိပြင်းထန်နိုင်ပါတယ်။

          1 နှစ်အောက်ကလေးငယ်များမှာလည်း ပိုးမသတ်ထားတဲ့ပျားရည်၊ ပြောင်းဖူးဖျော်ရည် စတာတွေကို စားသုံးမိပါက -

-  နုံးခွေခြင်း၊ အစာမစားခြင်း၊

-  ၀မ်းချုပ်ခြင်း၊ ဆီးမသွားခြင်း၊

-  ပျော့ခွေနေခြင်း၊

-  အာခေါင်ခြောက်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။

        တစ်နှစ်အထက်ကလေးငယ်များရဲ့ အစာခြေစနစ်ဟာကောင်းစွာမဖွံ့ဖြိုးသေးတာကြောင့် ပျားရည်နဲ့ ပြောင်းဖူးဖျော်ရည်မှာရှိနေတဲ့ ဘက်တီးရီးယားပိုးမွှားများကို ခုခံစွမ်းမရှိတာကြောင့် တိုက်ကျေွးခြင်းမပြုသင့်ပါဘူး။

        အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့အထိပြင်းထန်တာကြောင့် အထက်ပါရောဂါလက္ခဏာများကိုခံစားရပါက လူနာကိုနီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးခေါ်ဆောင်ပြီးကုသမှုခံယူသင့်ပါတယ်။

 ဘယ်လိုကာကွယ်ကြမလဲ

        1 နှစ်အောက် ကလေးငယ်တွေကိုပျားရည်မတိုက်သင့်ပါဘူး။ ကလေးငယ်တွေကိုစည်သွပ်ဘူးတွေ မကျေွးသင့်သလို လူကြီးတွေအနေနဲ့လည်း သေချာပြန်လည်ချက်ပြူတ်ပြီးမှ စားသုံးသင့်ပါတယ်။

        အရေးကြီးဆုံးတစ်ချက်ကတော့ လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုအပ်ပါတယ်။

 

 

Dr.Htet Htet Aung

www.drmyanmar.com