/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်နဲ့-အူပေါက်ခြင်း

အစာအိမ်နဲ့ အူပေါက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဟိုဘက်အိမ်ကလူလေ အစာအိမ်ပေါက်လို့ အရေးပေါ် ဆေးရုံတင်လိုက်ရတယ်၊ ဟိုလူလေ အူပေါက်လို့ အရေးပေါ် ခွဲလိုက်ရတယ်၊ စသည်ဖြင့် မကြာခဏ ကြားဖူးကြမယ် ထင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း ဘာကြောင့်ပေါက်တယ်၊ ဘယ်လိုလက္ခဏာတွေ ပြတယ်၊ ဘာအန္တရာယ်တွေရှိတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

          အူအတက်ရောင်ခြင်း၊ အူမြွာရောင်ခြင်း၊ သည်းခြေရောင်ခြင်းစတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ၊ ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ပေါက်ထွက်နိုင်ပါတယ်။

          ဒီလိုပေါက်ထွက်တဲ့အခါ ဘက်တီးရီးယားပိုး၊ သည်းခြေရည်၊ အစာအိမ်အက်ဆစ်၊ ချေဖျက်လက်စ အစားအစာတွေနဲ့ ဝမ်းအညစ်အကြေးတွေ ဝမ်းခေါင်းထဲကို ဝင်သွားပြီး ဝမ်းခေါင်းနံရံတွေ ရောင်ရမ်းလာတတ်ပါတယ်။ ဒါဟာ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

●        ဝမ်းဗိုက်အောင့်ခြင်း

●        ချမ်းတုန်ခြင်း

●        ဖျားနာခြင်း

●        ပျို့ခြင်း

●        အန်ခြင်း

●        လှုပ်မရ၊ ထိမရအောင် ဗိုက်နာခြင်း

●        ဗိုက်ဖောင်းလာခြင်း

●        ဗိုက်မာပြီးတင်းတောင့်လာခြင်း

 

>>     ဒီလိုလက္ခဏာတွေအပြင် -

●        ပင်ပန်းနွမ်းနယ်လာခြင်း

●        ဆီး၊ ဝမ်းနည်းခြင်း

●        အသက်ရှူ ရခက်ခြင်း

●        ရင်တုန်ခြင်း

●        မူးဝေခြင်း စတဲ့လက္ခဏာတွေပါ ရလာတတ်ပါတယ်။

 

>>    ဖြစ်ရတဲ့အကြောင်းရင်းများ

●        အူအတက်ရောင်ခြင်း

●        အူမြွာရောင်ခြင်း

●        အစာအိမ်နာခြင်း

●        သည်းခြေကျောက်တည်ခြင်း

●        သည်းခြေအိတ်ပိုးဝင်ခြင်း

●        အူရောင်ရမ်းရောဂါများ

●        Meckel’s diverticulum လို့ခေါ်တဲ့ အူအတက်လို အတက်ကလေး ရောင်ခြင်း

●        အူလမ်းကြောင်းကင်ဆာ

●        ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာရခြင်း

●        ဝမ်းဗိုက် ခွဲစိတ်မှုများ

●        အက်စပရင်၊ အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက်တွေကြောင့် အစာအိမ်အနာဖြစ်ခြင်း

●        ပြင်ပအရာဝတၳုတွေ၊ တိုက်စားတတ်တဲ့အရာတွေ မျိုမိခြင်း

●        ဆေးလိပ်သောက်ခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း

●        ရှားရှားပါးပါး အစာအိမ်နဲ့ အူလမ်းကြောင်းကြည့်မှန်ပြောင်းကြောင့် ဒဏ်ရာရခြင်း

 

>>    အစာအိမ်နဲ့ အူပေါက်ခြင်းကို ဘယ်လိုသိနိုင်မလဲ?

          ရင်ဘတ်နဲ့ ဝမ်းဗိုက် ဓာတ်မှန်ရိုက်ခြင်းဖြင့် ဝမ်းဗိုက်ထဲ လေ ရှိ၊ မရှိ သိနိုင်ပြီး အူပေါက်ခြင်းကို သေချာသိနိုင်ဖို့ CTကွန်ပျူတာဓာတ်မှန် ရိုက်ကြည့်နိုင်ပါတယ်။

          သွေးထဲမှာ -

●        သွေးဖြူဥတွေ များလာခြင်း စတဲ့ ပိုးဝင်ခြင်း လက္ခဏာများ

●        သွေးဆုံးရှုံးမှု များ၊ မများ သိနိုင်မယ့် သွေးနီဥအမှတ်

●        သွေးတွင်းလျပ်လိုက်ရည်

●        သွေးတွင်းအက်ဆစ်ဓာတ်

●        ကျောက်ကပ်လုပ်ငန်းဆောင်တာ

●        အသညး်လုပ်ငန်းဆောင်တာ စတာတွေကို စစ်ဆေးကြည့်ရှုနိုင်ပါတယ်။

 

>>    ကုသနည်းများ

          အများစုမှာတော့ ပေါက်နေတဲ့အပေါက်ကိုဖာပြီး ဖြစ်ရတဲ့အကြောင်းရင်းကို ကုသနိုင်ဖို့အပြင် ဝမ်းဗိုက်အမြှေးပါး ရောင်စေတဲ့အစာ၊ ဝမ်းအညစ်အကြေး၊ သည်းခြေရည် စတာတွေကို ဆေးထုတ်ဖို့အတွက် ခွဲစိတ်ကုသရပါမယ်။ ရှားရှားပါးပါး တစ်ခါတလေ အပေါက် သူ့အလိုလို ပိတ်သွားတဲ့အခါ ပိုးသတ်ဆေးလေး ပေးနိုင်ပါတယ်။ တစ်ခါတလေ အူတစ်ပိုင်းတစ်စကို ဖြတ်ထုတ်ပြီး အူလမ်းကြောင်းလွှဲ အပေါက်ဖောက်ပြီး ဗိုက်မှာ ဝမ်းအိတ်လေး တပ်ထားဖို့ လိုအပ်နိုင်ပါတယ်။

 

>>    နောက်ဆက်တွဲဆိုးကျိုး ဘာတွေဖြစ်တတ်သလဲ?

●        သွေးထွက်ခြင်း

●        ပိုးဝင်ခြင်း

●        ဝမ်းတွင်း ပြည်တည်ခြင်း

●        အနာ ပိုးဝင်ခြင်း

●        အူပုတ်ခြင်း

●        အူလမ်းကြောင်းလွှဲ အပေါက်အမြဲဖောက်ထားရခြင်း

●        အနာမကျက်ခြင်း (အထူးသဖြင့် အာဟာရ မပြည့်ဝသူ၊ ဆေးလိပ်သောက်သူ၊ အရက် အလွန်အကျွံသောက်သူ၊ ဆေးသုံးသူ၊ မသန့်ရှင်းသူ၊ ပိုးဝင်ခြင်း၊ သွေးအဆိပ်ဓာတ်တက်ခြင်း၊ အဝလွန်သူ၊ ဆီးချိုရှိသူ စတဲ့လူတွေမှာ ဖြစ်နိုင်ပါတယ်။)

 

>>    ကုသအောင်မြင်မှု အခြေအနေ

          ခွဲစိတ်ကုသ အောင်မြင်၊ မမြင်ဟာ အပေါက်အရွယ်အစား၊ မခွဲစိတ်မီ ကြာခဲ့ချိန်တွေပေါ် မူတည်နေပါတယ်။ ဒါပေမဲ့ အသက်ကြီးသူ၊ နဂိုအူလမ်းကြောင်းရောဂါရှိသူ၊ သွေးထွက်လွန်သူ၊ အာဟာရ မပြည့်ဝသူ၊ အရက် အလွန်အကျွံသောက်သူ၊ ဆေးလိပ်သောက်သူ၊ ကင်ဆာကုသမှုခံယူနေသူ၊ စတီးရွိုက်ဆေး သောက်နေရသူ၊ အခြားနာတာရှည်ရောဂါ ရှိသူတွေမှာတော့ ကုသမှု ခက်ခဲနိုင်ပါတယ်။

 

>>    ဘယ်လိုကာကွယ်ကြမလဲ?

          ဖြစ်စေတဲ့အကြောင်းရင်းတွေထဲက နဂို အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ ရှိ၊ မရှိကို စစ်ဆေးသိရှိခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အကယ်၍ ဗိုက်အောင့်တာ၊ ဖျားနာတာတွေ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ပြသပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)