/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်အနာဖြစ်စေသော-အဓိကအကြောင်းအရင်းများ

အစာအိမ်အနာဖြစ်စေသော အဓိကအကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အစာအိမ်အနာလို့ပြောလိုက်တာနဲ့ လူတိုင်းက အပူအစပ်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လို့ပဲထင်ကြပါတယ်။ အမှန်တော့ ကျွနု််ပ်တို့ရဲ့အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားပိုးတွေဝင်ရောက်လာခြင်းကြောင့် ဖြစ်ပါတယ်လို့ စမ်းသပ်ချက်တွေအရ တွေ့ရှိခဲ့ရပါတယ်။

နံပါတ် 1 အဖြစ်အများဆုံး အကြောင်းအရင်း - H.pylori

အစာအိမ်အနာဖြစ်စေတဲ့ နံပါတ် 1 အကြောင်းအရင်းကတော့ H.pylori ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်ပြီး လူ 4 ယောက်မှာ 3 ယောက်နီးပါးကူးစက်ခံနေရပါတယ်။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စစ်တမ်းအရ H.pylori က အစာအိမ်အနာဖြစ်ရတဲ့ 80% - 90% လောက်ရဲ့အကြောင်းအရင်းတစ်ခုဖြစ်တဲ့အပြင် အစာအိမ်ကင်ဆာ 50% နဲ့ လည်းသက်ဆိုင်နေပါတယ်။

အစာအိမ်အနာမဖြစ်အောင် အစာအိမ်ကိုယ်တိုင်က သဘာဝအတိုင်းကာကွယ်နိုင်စွမ်းရှိပါတယ်။ အစာအိမ်အတွင်းနံရံမှာရှိတဲ့ အချွဲမြှေးပါးလေးက အစာအိမ်နံရံကို အက်ဆစ်တွေတိုက်စားမှုမှကာကွယ်ပေးထားပါတယ်။ ဒီအစာအိမ်ထဲမှာ ရှိတဲ့အက်ဆစ်တွေက အကာအကွယ်မရှိရင် ခန္ဓာကိုယ်တစ်သျှူးတွေကို ပြင်းထန်စွာအန္တရာယ်ပေးနိုင်သလို တစ်ချိန်တည်းမှာပဲ အစာချေလုပ်ငန်းအတွက် မရှိမဖြစ်အရေးပါ,ပါတယ်။

အစာအိမ်ကိုအကာကွယ်ပေးတဲ့အချွဲလွှာနဲ့ အက်ဆစ်တွေက ဘက်ညီနေရမယ်။ ဒီလိုဘက်ညီမှုပျက်စီးသွားပြီဆိုရင် အနာဖြစ်လာစေပါတယ်။ H.pylori က urease ဆိုတဲ့ဓာတ်တစ်မျိုးထုတ်ပေးပြီး ဒီဓာတ်က အက်ဆစ်တွေကိုဓာတ်ပျယ်စေပြီး အက်ဆစ်မရှိတဲ့နေရာမှာ ဘက်တီးရီးယားပိုးတွေရှင်သန်လာစေပါတယ်။

ဒုတိယအဖြစ်များဆုံး အကြောင်းအရင်း - အကိုက်အခဲပျောက်ဆေးများ

ဒုတိယအဖြစ်အများဆုံးအကြောင်းအရင်းကတော့ NSAID လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေပါပဲ။ Aspirin, ibuprofen ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကိုကာကွယ်ပေးနေတဲ့ အချွဲတွေထွက်တာကို ပိတ်လိုက်တဲ့အတွက် အစာအိမ်နံရံကို အက်ဆစ်တွေနဲ့ အစာခြေရည်တွေရဲ့တိုက်စားခြင်းကို ပိုပြီးခံရစေပါတယ်။ ဒီအခါမှာ အစာအိမ်အတွင်းနံရံနဲ့ အက်ဆစ်တွေထဲကို H.pylori ကထိုးဖောက်ဝင်ရောက်လာပါတယ်။

တစ်ခါတစ်လေမှာ အစာအိမ်ဆေးတွေက အက်ဆစ်တွေကိုတားရမယ့်အစား အက်ဆစ်တွေအများကြီးပိုထွက်စေတဲ့အတွက် အစာအိမ်အတွင်းဘက်ညီမှုတွေကို ပျက်စီးစေပြီး အနာဖြစ်ဖို့ (သို့) နာတာရှည်ရင်ပူစေဖို့အတွက် အခွင့်အလမ်းပိုများစေပါတယ်။

ဒါကြောင့် အစာအိမ်အနာမဖြစ်စေဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေကိုလိုအပ်မှသာသောက်ပါ။ မဖြစ်မနေသောက်ရမယ်ဆိုရင် အစာစားပြီးမှသောက်ပါ။

အခြားအကြောင်းအရင်းများ

H.pylori တွေ၊ အကိုက်အခဲပျောက်ဆေးတွေလောက်မဆိုးပေမယ့် အစာအိမ်အနာဖြစ်စေဖို့ အားပေးတဲ့အခြားအကြောင်းအရင်းအချို့လည်းရှိပါတယ်။ အဲဒါတွေကတော့ -

အစာအစား မမှန်ခြင်း - အားလုံးသိနေကြတဲ့ အစာအိမ်အနာဖြစ်စေတဲ့အချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် အစာအိမ်အနာမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်ခြင်းက အစာအိမ်အနာဖြစ်စေဖို့ သေချာတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

အရက်သောက်ခြင်း - အရက်တစ်မျိုးတည်းကြောင့်တော့ အစာအိမ်အနာမဖြစ်ပေမယ့် H.pylori၊ အကိုက်အခဲပျောက်ဆေးတွေနဲ့အတူဆို ပိုဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှု - ဆေးလိပ်သောက်ခြင်းလိုပဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတွေက အနာကျက်နှေးစေပါတယ်။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကတော့ အစာအိမ်အနာဖြစ်နိုင်ချေများစေပါတယ်။

ကဖင်းဓာတ် - ကဖင်းဓာတ်က အစာအိမ်ထဲရှိ အက်ဆစ်ပမာဏနဲ့ပြင်းအားကိုများလာစေပြီး အစာအိမ်အနာရှိသူတွေမှာဆိုရင် အနာပိုဆိုးစေပါတယ်။ အက်ဆစ်များများထွက်ရတဲ့အကြောင်းအရင်းကတော့ ကဖင်းဓာတ်တစ်မျိုးတည်းကြောင့်တော့လည်းမဟုတ်ပါဘူး။ ဘက်တီးရီးယားပိုး၊ ဆေးလိပ်(သို့) အရက်စတဲ့အချက်တွေနဲ့ ပေါင်းပြီးဖြစ်ပါတယ်။

အက်ဆစ်နှင့် pepsin - အက်ဆစ်နဲ့ pepsin ဓာတ်များလွန်းရင်လည်း အစာအိမ်နံရံကိုတိုက်စားပြီးအနာဖြစ်စေနိုင်ပါတယ်။ အများအားဖြင့်တော့ အကြောင်းအရင်းတစ်ခုခုကြောင့် အစာအိမ်နံရံကိုအားနည်းသွားစေပြီး ဒီအခါမှာ ပုံမှန်အက်ဆစ်ပမာဏကတောင် နံရံကိုတိုက်စားပြီး အနာဖြစ်စေပါတယ်။ အက်ဆစ်များလွန်းရင်တော့ ရင်ဘတ်ကို အက်ဆစ်တွေပြန်ကန်ထွက်ပြီး ရင်ပူစေပါတယ်။

မိသားစုရောဂါရာဇဝင် - မိသားစုနဲ့ အမျိုးအရင်းတွေထဲမှာ အူသိမ်မှာ အနာပေါက်ဖူးတာမျိုးရှိတယ်ဆိုရင် အဲလိုအနာမျိုးဖြစ်နိုင်ချေများပါတယ်။

ဘာအကြောင်းကြောင့်ပဲ အနာဖြစ်ဖြစ် အစာအိမ်အနာကို သေချာကုသမှုခံယူဖို့ အရေးကြီးပါတယ်။

အစာအိမ်အနာဖြစ်လာပြီဆိုရင်တော့ မိမိနဲ့ကိုက်ညီတဲ့ ကုသမှုခံယူရပါမယ်။ ကုထုံးတွေကို ရွေးချယ်တဲ့နေရာမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် စာတွေများများဖတ်ပြီး သိထားဖို့လိုပါတယ်။ ဖြစ်နေတဲ့ရောဂါလက္ခဏာတွေကို ကုသတာထက် ဖြစ်ရတဲ့နောက်ခံအကြောင်းအရင်းကိုရှာဖွေကုသရပါမယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com