အစာအိမ်အနာ၏ နောက်ဆက်တွဲဆိုးကျိုးများ
အစာ မစားခင်လည်း နာ၊ အစာစားပြီးလည်း နာ ဒါဆိုရင် အစာအိမ်ရောဂါပဲ ဖြစ်ရမယ် ဆိုတဲ့ ကြော်ငြာကို တော်တော်များများ ကြားဖူးကြမှာပါ၊ အစာအိမ်အောင့်တဲ့ အတွေ့အကြုံလည်း အများစု ကြုံတွေ့ဖူးကြမယ် ထင်ပါတယ်။ အစာအိမ်အနာဆိုတာ အဖြစ်များသလို မပေါ့ဆသင့်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အစာအိမ်အနာရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။
အစာအိမ်အနာကို မကုဘဲထားရင် ဒါမှမဟုတ် ကုသတာ အကျိုးမထူးရင် နောက်ဆက်တွဲ ဆိုးကျိုး ကြီးကြီးမားမားတွေ ဖြစ်လာနိုင်တယ်။ အဖြစ်အများဆုံး နောက်ဆက်တွဲကတော့ သွေးထွက်တာ၊ အစာအိမ်တု့ိ၊ အူသိမ်တို့ပေါက်တာ၊ အစာလမ်းကြောင်း ပိတ်တာတွေ ဖြစ်လာနိုင်တယ်။
(၁) အစာအိမ် သွေးယိုခြင်း
အနာက အစာအိမ်နဲ့ အူသိမ်ကြွက်သားတွေကို တိုက်စားသွားရင် သွေးကြောတွေပါပျက်စီးမိပြီး သွေးထွက်လာစေနိုင်တယ်။ တကယ်လို့ ပေါက်ထွက်တဲ့သွေးကြောက သေးသေးလေးဆိုရင် အူလမ်းကြောင်းထဲ သွေးတွေ တစိမ့်စိမ့် စိမ့်ထွက်နေလိမ့်မယ်။ တဖြည်းဖြည်း ကြာလာတဲ့အခါ သွေးအားနည်းလာတတ်ပါတယ်။ တကယ်လို့ ပေါက်ထွက်တဲ့သွေးကြောက ကြီးတယ်ဆိုရင်တော့ ထိန်းမနိုင်အောင် သွေးထွက်ပြီး ချက်ချင်း ဆေးကုသမှုခံယူဖို့ လိုတယ်။ သွေးထွက်ခြင်းရဲ့ လက္ခဏာတွေကတော့ မတ်တပ်ရပ်လိုက်ချိန်မှာ မူးသွားတာ၊ အားနည်းနေတာ၊ သွေးတွေအန်တာ၊ မိုက်ခနဲလဲတာတွေနဲ့ လာတတ်တယ်။ ဝမ်းမည်းမည်းတွေလည်း သွားတတ်သေးတယ်။ သွေးထွက်နေတဲ့ အနာအများစုကိုတော့ မှန်ပြောင်းကြည့်ပြီး ဆေးထည့်တာ၊ သားရေကွင်းပြစ်တာတွေ လုပ်ပေးလု့ိရတယ်။ ဒီလို မှန်ပြောင်းနဲ့မှ မရရင်တော့ ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။
(၂) အစာအိမ်ပေါက်ခြင်း
တစ်ခါတလေ အနာက အစာအိမ်နဲ့ အူသိမ်နံရံကို လှိုက်စားသွားပြီး အပေါက်ဖြစ်သွားတတ်ပါတယ်။ ဘတ်တီးရီးယားနဲ့ မကြေညက်သေးတဲ့ အစားအသောက်တွေ အားလုံးဟာ အစာအိမ်ထဲကနေ ဝမး်ခေါင်းကြီးထဲကို ရောက်သွားတော့တယ်။ ဒါကြောင့် အစာအိမ် အနာပေါက်ထွက်တဲ့အခါ ဝမ်းခေါင်းနံရံတွေ ရောင်ရမ်းတတ်ပါတယ်။ ဒီလို အစာအိမ်ပေါက်ထွက်တဲ့အခါ ရုတ်တရက်ကြီး စူးခနဲ အရမ်းနာသွားတတ်တယ်။ ချက်ချင်း ဆေးရုံတက်ပြီး ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။
(၃) အူကျဉ်းခြင်း၊ အူပိတ်သွားခြင်း
အစာအိမ်နဲ့ အူသိမ်နဲ့ ဆက်ထားတဲ့နေရာနားမှာ အနာဖြစ်တဲ့အခါ ရောင်ရမ်းပြီး အူပေါက်ကိုကျဉ်းသွား၊ ပိတ်သွားစေကာ အစာအိမ်ထဲက အစာတွေ အူထဲဝင်လို့မရအောင် တားဆီးထားတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အစာအိမ်ထဲမှာ ရှိသမျှအစာတွေအားလုံးကို ပြန်အန်တော့တာပါပဲ။ ဒီလိုကျဉ်းတဲ့အခါ မှန်ပြောင်းနဲ့ ဘောလုံးလေးထည့်ပြီး ကျဉ်းနေတာကို ပြန်ချဲ့ပေးလို့ရတယ်။ မှန်ပြောင်းနဲ့ ဘောလုံးလေးကိုထည့်ပြီး ကျဉ်းနေတဲ့လမ်းကြောင်းလေးကို တိုးဖွင့်လိုက်ရုံပါပဲ။ ဒီလိုချဲ့လို့မှမရရင် ခွဲစိတ်ကုသဖို့ လိုနိုင်ပါတယ်။
>> ဘာကြောင့် အစာအိမ်အနာ ဖြစ်ရတာလဲ?
အစာအိမ် ဒါမှမဟုတ် အူသိမ်နံရံရဲ့ ကာကွယ်ပေးထားတဲ့အလွှာလေး ပျက်စီးသွားတဲ့အခါ အစာအိမ်အနာ ဖြစ်လာတတ်တယ်။ အနာသေးသေးလေးဆိုရင်တော့ ဘာလက္ခဏာမှ မပြလောက်ပေမယ့် အနာကြီးကြီးတွေကတော့ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ သွေးထွက်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါတယ်။ အနာအများစုက အတွင်းနံရံရဲ့ ပထမအလွှာမှာ ဖြစ်တာများတယ်။ ဒီ့ထက်ကျော်သွားပြီ ဆိုရင်တော့ အလွှာတစ်လျှောက်လုံးကို စားသွားပြီး အပေါက်ပေါက်သွားတော့တာပေါ့။ ဒီလို ပေါက်သွားတာဟာ အရေးပေါ်အခြေအနေပါ။
အစာအိမ်အနာဟာ အပူအစပ်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တာများတယ်လို့ ယူဆထားခဲ့ကြပေမယ့် တကယ်တမ်းတော့ Helicobacter pylori လု့ိခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာ များပါတယ်။ အနာအများစုဟာ ပိုးသတ်ဆေးနဲ့ကုဖို့ လိုအပ်ပါတယ်။ တစ်ခါတလေတော့ ခွဲစိတ်ကုသမှုခံယူရနိုင်ပါတယ်။
ဒါကြောင့် အစာအိမ်အနာကို ပေါ့ပေါ့ဆဆ မထားဘဲ သေသေချာချာ ကုသမှုခံယူဖို့ အကြံပြုပါရစေ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























