အစွမ်းထက်တဲ့ အိမ်သုံး ချောင်းဆိုးပျောက် ကုထုံးများ
နေ့ရောညရော ဆိုးနေတဲ့ချောင်း စိတ်ပျက်စရာကောင်းလောက်အောင် လူရှေ့သူရှေ့တောင်မရှောင် ဆိုးတဲ့ချောင်းအတွက် အစွမ်းထက် အိမ်သုံးသဘာဝဆေးဝါးလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။
● ရေနွေးထဲကို ပျားရည်စစ်စစ် တစ်ဇွန်းထည့်ပြီး သံပုရာရည် လေးလေးငါးစက်လောက် ညှစ်ထည့်ကာ သောက်သုံးတဲ့အခါ ချွဲပျော်စေပြီး နေရသက်သာစေပါသတဲ့။ တစ်ခုရှိတာက ဒီပျားသံပရာဆေးနည်းကို တစ်နှစ်အောက်ကလေးတွေမှာ မသုံးပါနဲ့တဲ့။
● ကြက်သွန်နီနံ့ဟာ မျက်ရည်ယိုလောက်အောင် ပြင်းပေမယ့် အိပ်ခါနီး အိပ်ရာဘေးမှာ လေးစိတ်စိတ်ထားတဲ့ ကြက်သွန်ပန်းကန်လေးကို ထားအိပ်ရင် ကလေးတွေ ညကျရင် ချောင်းမဆိုးတော့ဘူးဆိုပဲ။
● ရေနွေးငွေ့ဟာ ချောင်းဆိုးတာကို သိသိသာသာ သက်သာစေပါတယ်။ ရေနွေးငွေ့ ရှူရှိုက်ခြင်း ရေနွေးလေးနဲ့ ရေချိုးခြင်းဖြင့် ချောင်းဆိုးသက်သာစေပါတယ်။
● ပူရှိန်းပြားလေးတွေဟာ ပေါ်ပြူလာဖြစ်တဲ့ ချောင်းဆိုးပျောက်ဆေးပါ။ ချောင်းဆိုးပျောက် ပူရှိန်းတွေမှာပါဝင်တဲ့ ဇင့်နဲ့မင့်ဓာတ်ဟာ အစွမ်းထက်တဲ့ ချောင်းဆိုးပျောက်ဆေးပါ။
● ချောင်းဆိုးနေစဉ် ငရုတ်ကောင်းလေး ခတ်ထားတဲ့ ဟင်းရည်လေးမှုတ်သောက်တာ ငရုတ်သီးစိမ်းလေး ကိုက်စားတာက ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေပါတယ်။ လည်ချောင်းရှင်းစေပြီး ချောင်းဆိုး သက်သာပါတယ်။
● ရေများများ သောက်ခြင်းဖြင့် ရောင်ရမ်းတာတွေကို လျှော့ချပြီး မိမိရဲ့ခန္ဓာကိုယ်ကို ရေဓာတ် ပြန်လည်ပြည့်ဝ ကျန်းမာလာစေပါတယ်။ ရေ သို့မဟုတ် သကြား မပါတဲ့ အသီး လတ်လတ်ဆတ်ဆတ် ဖျော်ရည်တွေနဲ့ ရေဓာတ် ဖြည့်တင်းပါ။
● ဈေးကွက်ထဲက ချောင်းဆိုးပျောက်ဆေးတွေကလည်း အဆင်ပြေပါတယ်။ မိမိနဲ့ အဆင်ပြေမယ့် ချောင်းဆိုးပျောက်ဆေးကို ရွေးချယ်သောက်သုံးနိုင်ပြီး ရိုးရိုးအအေးမိတာကို သက်သာစေပါတယ်။ ချောင်းဆိုးနေစဉ်မှာ ကြက်သွန်ဖြူ လတ်လတ်ဆတ်ဆတ်ကို နေ့စဉ် ဝါးစားတာက အအေးမိလို့ဖြစ်တဲ့ ချောင်းဆိုးကို မြန်မြန်ပျောက်စေပါတယ်။
အအေးမိတဲ့အခါ နှာရည်တွေက နှာခေါင်းနောက်ကနေ စီးဝင်သွားပြီး လည်ချောင်းယား ချောင်းဆိုးလာရပါတယ်။
>> ချောင်းဆိုးရတဲ့ တခြားအကြောင်းအရင်းတွေကတော့ -
● ပန်းနာရင်ကြပ်ရောဂါ
● နာတာရှည်ထိပ်ကပ်နာ
● အစာရေမျိုဆန်တက်ရောဂါ
● နာတာရှည်နှာခေါင်းပိတ်ရောဂါတွေကြောင့် ဖြစ်စေပါတယ်။
အအေးမိချောင်းဆိုးတဲ့အခါ ဒီလိုလေးတွေ ကြိုးစားကြည့်လို့ရအောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
နောက်ဆုံး အရေးအပါဆုံးတခုကတော့ ဆေးပညာသုတေသနတခုအရ ကော်ဖီနေ့စဉ်သောက်ခြင်းဖြင့် ပန်းနာရင်ကြပ်ချောင်းဆိုးနာကို ဖြစ်စေတဲ့ အလားအလာကို သိသိသာသာ ကျဆင်းစေပါတယ်တဲ့။ ကော်ဖီ ကြိုက်သူတွေအတွက် ပျော်စရာသတင်းလေးပေါ့။ ဒါပေမဲ့ ခရင်မ်တွေ သကြား၊ နို့ဆီတွေ အများကြီး ထည့်လို့တော့ မရဘူးနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























