အဆစ်အမြစ် တောင့်တင်းခြင်း
အသက်ကြီးလာလို့ပဲဖြစ်ဖြစ်၊ ရောဂါတွေကြောင့်၊ လူနေမှုပုံစံတွေကြောင့်ပဲဖြစ်ဖြစ် အဆစ်အမြစ်တွေ တောင့်တင်းလာတဲ့အခါ လှုပ်ရှားရ၊ အလေးမရ၊ လမ်းလျှောက်/မတ်တတ်ရပ်ရတာတွေ ခက်ခဲလာတတ်ပါတယ်။
အဆစ်အမြစ် တောင့်တင်းစေတတ်တဲ့ အချက်တချို့ကတော့ -
● အဝလွန်ခြင်း
● အဆစ်ရောင်ခြင်း
● အစားအသောက်
● အရေပြားလေးဘက်နာ
● အဆစ်အိတ်ရောင်ခြင်း စသည်တို့ ဖြစ်ပါတယ်။
>> အဆစ်ရောင်ရတဲ့ အကြောင်းရင်းများ
၁။ အဆစ်အိတ်ရောင်ခြင်း
အဆစ်ထဲမှာရှိတဲ့ အရည်အိတ်ကလေး ရောင်ရမ်းတဲ့အခါ နာကျင်ပြီး တောင့်တင်းလာတတ်ပါတယ်။
များသောအားဖြင့် ပခုံး၊ တင်ပါးဆုံ၊ ဒူး၊ ခြေချင်းဝတ်၊ တံတာင်ဆစ်နဲ့ ခြေမတို့မှာ ဖြစ်လေ့ရှိပါတယ်။
အဆစ်အိတ်ရောင်ရမ်းခဲ့ရင် အဆစ်ကို အနားယူပေးခြင်းဖြင့် သူ့အလိုလို သက်သာသွားပါလိမ့်မယ်။
၂။ ကျီးပေါင်းတက်ခြင်း
ကျီးပေါင်းတက်ခြင်းဟာ အင်မတန် အဖြစ်များပါတယ်။ အဆစ်ကို ကြာရှည်သုံးလာရတာကြောင့် ပျက်စီးယိုယွင်းလာတာ ဖြစ်တဲ့အတွက် အသက် ၆၅ နှစ်ကျော်မှာ အဓိကတွေ့ရတတ်ပါတယ်။
လက်ချောင်း၊ တင်ပါးဆုံ၊ ဒူး၊ ခါး၊ လည်ပင်း စတဲ့ အဆစ်တွေကို ထိခိုက်နိုင်ပါတယ်။
ကြာလာတဲ့အခါ အဆစ်ရောင်ပြီး နာလာတာ၊ လှုပ်ရှားလိုက်တိုင်း ချိုးချိုးချွတ်ချွတ် အသံထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ အဓိကကတော့ နာတာ၊ ရောင်တာကို သက်သာဖို့အတွက် ကုသပေးပြီး ဆိုးရွားလာခဲ့ရင် ခွဲစိတ်ဖို့ လိုအပ်လာနိုင်ပါတယ်။
၃။ သွေးလေးဖက်နာ
သွေးလေးဖက်နာဟာလည်း အလွန်အဖြစ်များပြီး အသက် ၃၀ မှ ၆၀ အတွင်းမှာ ဖြစ်တတ်ပါတယ်။
ခုခံအားစနစ် ကမောက်ကမဖြစ်ပြီး ကိုယ့်အဆစ်တွေ ကိုယ်ပြန်တိုက်တဲ့အတွက် ဖြစ်တတ်ပြီး ဒီလိုတိုက်ခိုက်ချိန်မှာ ရောင်တာ၊ နာတာ ဖြစ်တတ်ပါတယ်။
ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ရောဂါဆိုးရွားမှုကို တားဆီးပေးတဲ့ကုထုံးတွေ ရှိပါတယ်။
၄။ အရေပြားလေးဖက်နာ
သွေးလေးဖက်နာလိုပဲ ခုခံအား ကမောက်ကမကြောင့် ဖြစ်တတ်ပြီး ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ တောင့်တင်းခြင်းတွေနဲ့ လာနိုင်ပါတယ်။
ကုသရ ခက်ခဲတတ်ပြီး အဓိက,က ရောဂါလက္ခဏာတွေ သက်သာလာအောင် လုပ်ပေးနိုင်ပါတယ်။
၅။ ဂေါက်ရောဂါ
ဂေါက်ရောဂါဟာ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပြီး ခြေမမှာ ရုတ်တရက် နာကျင်လာခြင်း၊ အထိမခံဖြစ်လာခြင်း၊ တောင့်တင်းလာခြင်း၊ ရောင်ရမ်းပူနွေးလာခြင်းတို့နဲ့ လာတတ်ပါတယ်။
ရုတ်တရက် ပေါ်လာပြီး သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဖြစ်လိုက်၊ ပျောက်လိုက်နဲ့ တစ်သက်လုံး ဖြစ်နိုင်ပါတယ်။
ကုသမှုကတော့ ရောဂါ ပိုမဆိုးအောင်နဲ့ သွေးတွင်း Uric acid ဓာတ် လျှော့ချနိုင်အောင် အဓိက လုပ်ဆောင်ပေးပါတယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာပြသင့်သလဲ?
● ရက်ပိုင်းအတွင်း မသက်သာရင်
● ရုတ်တရက် ရောင်ရမ်းလာရင်
● ပြငး်ပြင်းထန်ထန် နာကျင်ခဲ့ရင်
● အဆစ်တွေ ပုံပျက်လာခဲ့ရင်
● အဆစ်ပူပြီး ရောင်ရမ်းလာခဲ့ရင်
● အဆစ် မလှုပ်နိုင်လောက်အောင် ဆိုးလာခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
>> အိမ်တွင်းကုသနည်းများ
ဆရာဝန်ပေးတဲ့ဆေးတွေအပြင် အရောင်၊ အနာ သက်သာအောင်အိမ်မှာလည်း အခြားနည်းလမ်းလေးတွေ ပြုလုပ်နိုင်ပါတယ်။
● အပူ၊ အအေးကပ်ခြင်း
● အကိုက်အခဲပျောက်ဆေး သောက်ခြင်း
● ကိုယ်အလေးချိန် လျှော့ချခြင်း
● လေ့ကျင့်ခန် းပြုလုပ်ခြင်း
● သင့်တင့်မျှတစွာ စားသုံးခြင်း
● ငါးကြီးဆီ စတဲ့ ဖြည့်စွက်ဆေးတွေ စားခြင်း
>> နိဂုံးချုပ်
လူအများစုဟာ အသက်ကြီးလာတာနဲ့အမျှ အဆစ်တွေ တောင့်တင်းလာတတ်ပါတယ်။ များသောအားဖြင့် လှုပ်လှုပ်ရှားရှား လုပ်ကိုင်တဲ့အခါ ပျောက်သွားတတ်ပါတယ်။
ဘာကြောင့် နာနေမှန်းမသိခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























