/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆစ်အမြစ်-ရောင်ရမ်းနာကျင်တတ်သူတွေနဲ့-အေးခဲတဲ့ရာသီ

အဆစ်အမြစ် ရောင်ရမ်းနာကျင်တတ်သူတွေနဲ့ အေးခဲတဲ့ရာသီ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    အေးမြတဲ့ရာသီ၊ နှင်းဖွေးသောရာသီဆိုတာ အဆစ်အမြစ် ရောင်ရမ်းတတ်သူတွေအဖို့တော့ စိတ်ညစ်စရာ ရာသီဥတုတွေပါပဲ။ ဆောင်းရာသီမှာ မြူမှုန်ဖွေးဖွေးတွေနဲ့အတူ လည်ချောင်းနာတာ၊ အေးပြီး အဆစ်အမြစ်တွေ ကိုက်ခဲနာကျင်လာတာတွေ တွဲလာတတ်တာပေါ့။ ဒီလိုရာသီဥတုမျိုးမှာ အဆစ်အမြစ်တွေ မကိုက်ခဲရလေအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို နယူးယော့ဆေးရုံက အဆစ်အမြစ်အထူးပြု ဆရာဝန်ကြီး လင်ဒါရက်ဆဲလ်က ဒီလိုအကြံပြုထားပါတယ်။

>>    တုပ်ကွေးကာကွယ်ဆေးထိုးပါ။
    နာတာရှည်ရောဂါသည်တွေ၊ အသက် ၆၅ နှစ်ကျော်သူတွေဟာ တခြားသူတွေထက်စာရင် တုပ်ကွေးဖြစ်နိုင်ခြေ ပိုများတယ်နော်။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေး ထိုးပါ။ ထိုးရင်းနဲ့ တခြား ဘာကာကွယ်ဆေးတွေများ ထိုးဖို့လိုဦးမလဲဆိုတာကို ဆရာဝန်နဲ့ တစ်ခါတည်း တိုင်ပင်ကြည့်ပါ။

>>    လက်ကို အမြဲသန့်ရှင်းအောင် ထားပါ။
    ခုခံအား ကမောက်ကမဖြစ် အဆစ်ရောင်ရောဂါတွေနဲ့ ဒီရောဂါတွေမှာ သုံးတဲ့ ခုခံအားကျဆေးတွေကြောင့် ပိုးဝင်နိုင်ခြေ အင်မတန် များပါတယ်။ ပိုးတွေရှိတဲ့ မျက်နှာပြင်တွေကို ကိုင်တွယ်လိုက်၊ မျက်လုံးတွေ၊ နှာခေါင်းတွေကို ကိုင်လိုက်လုပ်တဲ့အခါ နေမကောင်း ဖြစ်လာတတ်တော့တာပေါ့။ ဒါကြောင့် လက် မကြာမကြာ ဆေးပေးခြင်းက ရောဂါဘယတွေ ဖြစ်ပွားနှုန်းကို တစ်ဝက်လောက်အထိ လျှော့ချပေးတယ်။ ရောဂါထိန်းချုပ်ရေးဗဟိုက လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆေးကြောပေးသင့်တယ်လို့ ဆိုကြတယ်။

>>    ဗီတာမင်ဒီ သောက်ပေးပါ။
    အိမ်တွင်းအောင်းတာ များလာတဲ့အခါ နေရောင်ခြည်ကနေရတဲ့ ဗီတာမင်ဒီကို မရတော့တဲ့အတွက် အရိုးတွေကို သန်မာအောင် မထိန်းထားနိုင်တော့ဘူးပေါ့။ ဒါကြောင့် ဗီတာမင်ဒီ သောက်ဆေး သောက်ပေးဖို့ လိုတယ်။

>>    အဆစ်အမြစ်တွေကို နွေးထွေးအောင်ထားပါ။
    အဆစ်အမြစ်တွေ တောင့်တင်းနာကျင်လာတဲ့အပြင် အဆစ်အမြစ် လေးဖက်နာသမားတွေရဲ့ ၁၂% လောက်မှာ တွဲရှိနေတတ်တဲ့ Raynaud’s phenomenon လို့ခေါ်တဲ့ အခြေအနေ ခံစားနေရသူတွေမှာ အေးချိန် ခြေဖျားလက်ဖျား သွေးကြောလေးတွေ ကျဉ်းသွားတတ်တယ်။ ဒီလိုကျဉ်းသွားပြီး ထုံကျဉ်နာကျင်မှု မခံစားရလေအောင် အတွင်းက လက်ရှည်၊ ဘောင်းဘီရှည် ခံဝတ်တာ၊ လျှပ်စစ်စောင်ခြုံတာ၊ ခြေဖျား လက်ဖျား အနွေးပေး လက်အိတ်ကလေးတွေ ဝတ်တာမျိုး လုပ်ပေးသင့်တယ်နော်။

>>    ရေမှုန်ရေမွှားတွေကို သတိထားပါ။
    လူသွားလမ်းတွေ၊ လှေကားတွေဟာ မြူမှုန်မွှားတွေကြောင့် ချောနေတတ်တဲ့အပြင် အဆစ်အမြစ်နာသမားတွေမှာ နဂိုကမှ ခြေမခိုင်တဲ့အတွက် ချော်လဲမှာကို ကြောက်ရပါတယ်။ ချော်မလဲစေဖို့ မိုးတွင်းစီးဖိနပ်လိုမျိုး ကုပ်အားကောင်းတဲ့ဖိနပ်တွေကို စီးပေးဖို့ လိုပါတယ်။ ပြီးတော့ အာရုံမလွှဲဘဲ လမ်းလျှောက်တာကို ဂရုစိုက်ပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)