/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆီလေးမျိုးအကြောင်း-သိကောင်းစရာ

အဆီလေးမျိုးအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အဆီပိတ်နေပြီ အဆီတွေကြီးပဲလို့ ပြောလေ့ရှိကြပါတယ်။ ဒါဆို အဆီဆိုတာ အမြဲမကောင်းတဲ့အရာလား။ လတ်တလောမှာ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ အဆီဆိုတာ လေးမျိုးရှိပြီး တစ်ခုနဲ့တစ်ခု ကွဲပြားခြားနားတဲ့ မောလီကျူးတည်ဆောက်မှုနဲ့ ကျန်းမာရေးသက်ရောက်မှုတွေ ရှိပါတယ်။ အဆီဆိုတာ အနီရင့်ရောင်ကနေ အသားရောင်အထိကို အင်မတန်ရှုပ်ထွေးပါသတဲ့။

●  အညိုရောင်အဆီ : ကောင်းတဲ့အဆီ
အညိုရောင်အဆီကို လည်ဂုတ်မှာ တွေ့ရတတ်ပြီး အစားအသောက်တွေကို အပူအဖြစ် ပြောင်းလဲပေးပါတယ်။ အအေးဓာတ်ခံရတဲ့အခါ ကြွက်သားတွေလိုပဲ ကယ်လိုရီတွေကို လောင်စာအဖြစ် လောင်ကျွမ်းစေပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ရှိသူ ဒါမှမဟုတ် ကိုယ်အလေးချိန်နည်းသူတစ်ယောက်မှာ အညိုရောင်အဆီ ၂-၃ အောင်စလောက်ကနေ  ၃ နာရီအတွင်း ကယ်လိုရီ ၂၅၀ လောက်ထိ လောင်ကျွမ်းစေနိုင်ပါတယ်။

●  အသားရောင်အဆီ : ကောင်းသောအဆီ
ကြွက်သားတွေမှာတော့ ဒီအညိုရောင်နဲ့ အဖြူရောင်အဆီ ရောထားတဲ့အဆီဟာ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အရေးပါကြောင်း တွေ့ရပါတယ်။ Dana-Farber ကင်ဆာဌာနက ပြောချက်အရ ကြွက်သားတွေ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတစ်သျှူးတွေကနေပြီး irsin ဆိုတဲ့ ဟော်မုန်းထွက်ပြီး အဖြူရောင်အဆီကို အညိုရောင်အဆီအဖြစ် ပြောင်းပေးပါတယ်။ လူတွေမှာလည်း ဒီလိုဟော်မုန်းရှိတာမို့ လေ့လာသူတွေက လူတွေမှာလည်း လေ့ကျင့်ခန်းလုပ်တဲ့အခါ အညိုရောင်အဆီအဖြစ် ပြောင်းပေးနိုင်လိမ့်မယ်လိူ့ ယူဆကြပါတယ်။ ဒီအဆီတွေဟာ ဗိုက်မှာ သွားစုမယ့်စွမ်းအင်တွေကို သိမ်းဆည်းပေးပါတယ်။

●  အရေပြားအောက် အဖြူရောင်အဆီပြင် : မကောင်းမဆိုးအဆီ
ဒီအဆီမျိုးဟာ အရေပြားအောက်မှာ ကပ်နေပါတယ်။ ၂၀၀၄ ခုနှစ် နယူးအင်္ဂလန်ဂျာနယ်က ပြုလုပ်တဲ့ လေ့ကျင့်ခန်းတစ်ခုမှာ အဝလွန်နေတဲ့အမျိုးသမီး ၁၅ ယောက်မှာ အဆီစုပ်ပြီး အဆီဖယ်ရှားပေးခြင်းက ၃ လအကြာ ပြန်စမ်းသပ်ရာမှာ သွေးပေါင်၊ သွေးတွင်းအချိုဓာတ်နဲ့ ကိုလက်စထရောပမာဏတို့အပေါ် အကျိုးသက်ရောက်မှုမရှိတာကို တွေ့ရပါတယ်။

●  ကိုယ်တွင်းအင်္ဂါ အဖြူရောင်အဆီ : ဆိုးသောအဆီ
ဒီကိုယ်တွင်းအင်္ဂါမှာ ကပ်တွယ်နေတဲ့ အဖြူရောင်အဆီတွေဟာ အဆိပ်အတောက်တွေနဲ့ ဖက်တီးအက်ဆစ်တွေကို သွေးထဲထုတ်လွှတ်ပြီး အသည်းမှာ သွားပုံစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ကိုယ်တွင်းအဆီတွေဟာ အင်ဆူလင်တုံ့ပြန်မှုကိုနည်းစေခြင်း၊ နာတာရှည်ရောင်ရမ်းစေခြင်း စတာတွေကို ဖြစ်စေနိုင်တဲ့ ကမ်မ်မီကယ်ဓာတ်သတ္တုတွေကို သွေးထဲထုတ်လွှတ်ပေးတဲ့အတွက် နှလုံးနဲ့သွေးကြောရောဂါဖြစ်နှုန်းကို များစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီအဆီတွေဟာ အရေပြားအောက်က အဆီပြင်လိုမဟုတ်ဘဲ သွေးအသွားအလာ အရမ်းများတာမို့ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် အကျလွယ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)