အဆုတ်ကင်ဆာအကြောင်း သိကောင်းစရာ
အဆုတ်ကင်ဆာဆိုတာ လူတိုင်းကြားဖူးသော ကင်ဆာရောဂါများတွင် တစ်ခု ပါဝင်ပါတယ်။ အမှန်တကယ်လည်း အဖြစ်များသော ကင်ဆာဖြစ်ပြီး လျင်မြန်စွာ အသက်သေဆုံးစေနိုင်တဲ့ လူသတ်ရောဂါတစ်ခုဆိုလည်း မမှားပါဘူး။
အမေရိကန်နိုင်ငံတွင် အဖြစ်များသော ကင်ဆာများအနက် တစ်ခုဖြစ်ပြီး အသက်ဆုံးရှုံးခြင်းများကို ဖြစ်စေသော ကင်ဆာများအနက် ထိပ်ဆုံးကရပ်တည်နေပါတယ်။ ဒါဆိုရင် ဒီလိုကြောက်စရာကောင်းတဲ့ အဆုတ်ကင်ဆာကို ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာကြည့်ရအောင်နော်။
>> ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
အမျိုးသမီးများထက်စာရင် အမျိုးသားတွေဟာ ဆေးလိပ်ပိုသောက်တတ်ကြလို့ အမျိုးသားတွေမှာ အဖြစ်များတတ်ပါတယ်။
အဆုတ်ကင်ဆာဖြစ်နှုန်းကို မြင့်တက်စေသောအချက်များ -
● ဆေးလိပ်သောက်ခြင်း
● ဓာတ်ငွေ့များ
● အလုပ်ခွင်တွင် Asbestos နဲ့ ထိတွေ့ရခြင်း
● ကင်ဆာရောဂါများကို ဓာတ်ကင်ကုသခြင်း
● အဆုတ်ကင်ဆာဖြစ်ဖူးခြင်း
● မိသားစုဝင်တစ်ဦးတွင် အဆုတ်ကင်ဆာရှိခြင်း
● အလုပ်ခွင်တွင် arsenic, beryllium, cadmium, vinyol chloride, nickel နဲ့ chromium compound, chloromethyl ethers, မီးခိုးငွေ့များ၊ ဒီဇယ်အိတ်ဇောငွေ့များနဲ့ ကြာရှည်ထိတွေ့ရခြင်း
>> အဆုတ်ကင်ဆာဖြစ်နှုန်းကို ဘယ်လိုလျှော့ချမလဲ?
● ဆေးလိပ်ဖြတ်ပါ။
● သင့်နေအိမ်အနီးတဝိုက်ရှိ radon ပမာဏကို စစ်ဆေးပါ။
● လုပ်ငန်းခွင် လုံခြုံစိတ်ချရေးကို ဦးစားပေးလိုက်နာပါ။
● မလိုအပ်ဘဲ ဓာတ်ကင်ခြင်း ရှောင်ကြဉ်ပါ။ CT scan မရိုက်မီ ကောင်းကျိုးနဲ့ဆိုးကျိုးကို သေချာလေ့လာပါ။
● မိသားစုထဲတွင် အဆုတ်ကင်ဆာမျိုးရိုးရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အသက် ၅၅ မှ ၈၀ ထိ ကျားမမရွေး ယခင်က ဆေးလိပ်အလွန်သောက်သူများ သို့မဟုတ် လက်ရှိဆေးလိပ်သောက်နေသူများ သို့မဟုတ် လွန်ခဲ့သော ၁၅ နှစ်ကမှ ဆေးလိပ်ဖြတ်ထားသူများ အားလုံး အဆုတ်ကင်ဆာစစ်ဆေးမှုကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။
ထို့ပြင် ကျန်းမာရေးနဲ့ညီညွတ်သော စားသောက်မှုပုံစံကို ထားရှိဖို့လိုပါတယ်။ အသီးအရွက်နဲ့ သစ်သီးများကို များများစားပြီး အသင့်စားအစာများနဲ့ အနီရောင်အသားများကို လျှော့စားသင့်ပါတယ်။ အဆီနဲ့အငန်များ လွန်ကဲစွာစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
● လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ဖို့လည်း ကြိုးစားကြည့်ပါ။
● ဆရာဝန်နဲ့တိုင်ပင်ပြီး နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























