/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆုတ်ကင်ဆာ-လက္ခဏာများ

အဆုတ်ကင်ဆာ လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အဆုတ်ကင်ဆာက အဖြစ်များတဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါပြီးတော့ ကင်ဆာ ရင့်လာတဲ့အချိန်ကျမှပဲ သိရတဲ့အတွက် အသိနောက်ကျတဲ့ ကင်ဆာတစ်မျိုးလည်း ဖြစ်ပါတယ်။

          အဆုတ်ကနေ အစပြုတဲ့ကင်ဆာနဲ့ တခြားနေရာတွေကနေပြီးတော့ အဆုတ်ဆီကို ပြန့်လာတဲ့ ကင်ဆာရယ်လို့ အဆုတ်ကင်ဆာအမျိုးအစား (၂) မျိုး ရှိပါတယ်။

 

>>    ရောဂါလက္ခဏာများ

        အဆုတ်ကင်ဆာရဲ့ အဓိကလက္ခဏာတွေကတော့ -

●        ချောင်းဆိုးတာ နှစ်ပတ်၊ သုံးပတ်ထက် ပိုကြာပြီး မပျောက်ခြင်း

●        အကြာကြီး ချောင်းဆိုးနေပြီး ပိုပိုဆိုးလာခြင်း

●        အသက်ရှူလမ်းကြောင်း ရောဂါပိုး အမြဲလိုလို ဝင်နေခြင်း

●        ချောင်းဆိုးသွေးပါခြင်း

●        အသက်ရှူ (သို့) ချောင်းဆိုးလျှင် နာခြင်း

●        အမြဲမောနေခြင်း

●        အမြဲနုံးပြီး အားကုန်နေခြင်း

●        အစာ စားချင်စိတ် မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

 

        တွေ့ရနည်းတဲ့ လက္ခဏာတွေကတော့ -

●        လက်ချောင်းတွေက တင်းပုတ်လို အဖျားကြီးလာခြင်း

●        100.4°F အထက် ကိုယ်ပူခြင်း

●        နှာချေခြင်း

●        အသံကြမ်းရှရှကြီး ဖြစ်လာခြင်း၊ သြလာခြင်း

●        အမြဲလို ရင်ဘတ်အောင့်ခြင်း၊ ပုခုံးနာနေခြင်း

 

>>    အဆုတ်ကင်ဆာဖြစ်စေသော အကြောင်းအရင်းများ

          ကင်ဆာအများစုလိုပဲ အကြောင်းအရင်း မသိရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဆေးလိပ် သောက်တာကတော့ အဓိက အဖြစ်များဆုံး အကြောင်းအရင်းပါပဲ။

          UK မှာရှိတဲ့ ကင်ဆာသုတေသနတွေရဲ့ အဆိုအရ အဆုတ်ကင်ဆာ (၁၀) ခုမှာ (၉) ခုက ဆေးလိပ်သောက်လို့ ဖြစ်ရတယ်လို့ ဆိုပါတယ်။ ၃% လောက်ကတော့ ကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့် သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရလို့ ဖြစ်ပါတယ်။

          တခြားအကြောင်းအရင်းတွေကတော့ ရေဒီယိုသတ္တိကြွဓာတ်ငွေ့တွေနဲ့ ထိတွေ့မှုရှိခြင်း၊ လေထုညစ်ညမ်းမှုနဲ့ မိသားစုရာဇဝင်ရှိလို့ ဖြစ်ပါတယ်။ အစားအစာတွေ နေထိုင်မှုပုံစံတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာနေဆဲပါပဲ။

          ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံရှိဖို့တော့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဆုတ်ကင်ဆာ ဖြစ်လာပြီဆိုရင် ပြန်ကောင်းနိုင်တဲ့ အခွင့်အရေးက ကင်ဆာအဆင့်ပေါ်မှာသာမကပဲ လူနာရဲ့ ကျန်းမာရေးအခြေအနေနဲ့ ခံနိုင်ရည်ရှိမှုတွေအပေါ်မှာလည်း မူတည်နေလို့ပါ။

 

>>    ကုထုံး

          ကင်ဆာကို စောစောသိပြီး ကင်ဆာဆဲလ်တွေကလည်း မပြန့်သေးဘဲနဲ့ နေရာသေးသေးလေးမှာပဲ ရှိနေသေးတယ် ဆိုရင်တော့ ဒီနေရာကို ခွဲစိတ်ပြီး ဖယ်ထုတ်ပစ်လို့ ရနိုင်ပါတယ်။ ကျန်းမာရေးအခြေအနေအရ ခွဲစိတ်ဖို့ မသင့်တော်ဘူးဆိုရင်တော့ ဓာတ်ကင်ပြီးတော့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးဖို့ ပိုအဆင်ပြေပါတယ်။ ခွဲစိတ်ဖို့ရော၊ ဓာတ်ကင်ဖို့ရောအတွက် အဆင်မပြေဘဲနဲ့ ကင်ဆာဆဲလ်တွေက ဝေးဝေးကို ပြန့်နေပြီဆိုရင်တော့ ကင်ဆာဆေးသွင်းတဲ့နည်းကို သုံးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)