/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆုတ်ကလေး-ကောင်းစေဖို့-…

အဆုတ်ကလေး ကောင်းစေဖို့ …

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက်ရှူလေ့ကျင့်ခန်းတွေ၊ လှုပ်ရှားမှုတွေနဲ့ ဗီတာမင်ဒီတွေက အသက်ရှူလမ်းကြောင်းကို အားပေးပါတယ်။ တကယ်လို့ ဒါနဲ့အလုပ်မဖြစ်ခဲ့ရင် -

 

       ဆေးလိပ်ဖြတ်ပါ။

          ဒါပဲလာမယ်ဆိုတာ သိပြီးသားမလား? တကယ်ပဲ ဆေးလိပ်သောက်တာဟာ အဆုတ်ကင်ဆာကစလို့ အဆုတ်ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတတ်တယ်။ ဆေးလိပ်ဟာ အဆုတ်လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း ကျဆင်းစေတယ်။ ဆေးလိပ်ဖြတ်လိုက်ပြီး ၉ လလောက်အကြာမှာ အဆုတ်လုပ်ဆောင်မှုကို ၁၀% လောက် တိုးတက်လာတာကို တွေ့ရတာက သက်သေပါပဲ။

 

       အသက်ရှူ လေ့ကျင့်ခန်းလုပ်ပါ။

          အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ပါ။ တကယ်ပါ။ ဒီလောက် ရိုးရှင်းပါတယ်။ အဆုတ်ကို ကျန်းမာစေဖို့ လုပ်နိုင်တဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ ဒီထဲက အလွယ်ကူဆုံးကတော့ ကျောကော့ မတ်တပ်ရပ်ပြီး အသက်ရှူ သွင်းလိုက်ပါ။ ၁၀ စက္ကန့်လောက် အသက်ရှူ ရပ်လိုက်ပြီးနောက် ပြန်ရှူထုတ်လိုက်ပါ။ တီဗီကြည့်ရင်းတောင် လုပ်လု့ိရတယ်။

 

       ဗီတာမင်ဒီ ပြည့်ဝအောင် သောက်ပါ။

          လတ်တလော လေ့လာမှုတစ်ခုမှာတော့ ဗီတာမင်ဒီ လုံလောက်ခြင်းဟာ အဆုတ်လုပ်ဆောင်နိုင်မှု ပိုကောင်းစေတယ်လို့ ဆိုတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ နွေရာသီတွင်း နေရောင်ကနေ ဗီတာမင်ဒီ ရနိုင်ပေမယ့် ဆောင်းရာသီရောက်တဲ့အခါ နေရောင်ပျေက်သွားတဲ့အတွက် ဗီတာမင်ဒီ ချို့တဲ့တတ်ကြပါတယ်။ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အဆီများတဲ့ ငါးတွေ၊ ကြက်ဥအနှစ်နဲ့ အနီရောင်အသားတွေပဲ ဖြစ်ပါတယ်။

 

       သီချင်းတွေ အော်ဆိုပစ်ပါ။

          တကယ်လို့ ရေချိုးခန်းထဲ သီချင်းအော်ဆိုတတ်တဲ့လူမိျုးဆိုရင် ဝမ်းသာလိုက်ပါတော့။ သီချင်းဆိုတာဟာ အဆုတ် လုပ်ကိုင်နိုင်စွမ်းကို တိုးတက်စေတယ်လို့ သိရတယ်။ ဗြိတိန်အဆုတ်အဖွဲ့အစည်းရဲ့ အဆိုအရ သီချင်းဆိုတာဟာ အဆုတ်ရောဂါရှိသူတွေအတွက် အထူးကောင်းတယ်လု့ိ သိရတယ်။ အဆုတ်ရောဂါရှိသူတွေမှာ သီချင်းဆိုရင်း အသက်ရှူတာကို ထိန်းထိန်းပေးတာက အဆုတ်ရောဂါကို တိုးတက်ကောင်းမွန်စေတယ်နော်။ လေ့လာဆဲဖြစ်ပေမယ့် သံစုံတီးဝိုင်းသီဆိုကြသူတွေဟာ သာမန်လူတွေထက် အဆုတ်လုပ်ဆောင်နိုင်စွမ်း အနည်းငယ် သာလွန်တယ်လို့ သိရတယ်။

 

       လှုပ်လှုပ်ရှားရှားနေပါ။

          အဆုတ်လုပ်ဆောင်နိုင်စွမ်းကို တိုးတက်ချင်ကြတဲ့ အကြောင်းရင်းတစ်ချက်ထဲမှာ လေ့ကျင့်ခန်းလုပ်ရင် မမောဖို့လည်းပါတယ်။ ကံကောင်းတာက လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဖြင့် အဆုတ်လုပ်ဆောင်နိုင်စွမ်း တိုးတက်နိုင်တာကို တွေ့ရတယ်။ အသက်ရှူတဲ့အခါ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ရှူထုတ်ကြတယ်မလား။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီဖြစ်စဉ်ပိုမြန်လာပြီး အဆုတ်ကို တဖြည်းဖြည်း ပိုသန်မာလာစေတယ်။

 

       ကိုယ်ဟန်အနေအထားကို ပြန်ပြင်ပါ။

          ကွေးပြီးထိုင်တဲ့အခါ အဆုတ်လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေတယ်။ ဒီလိုထိုင်တဲ့အခါ အဆုတ်ကို ညှစ်ထားသလိုဖြစ်ပြီး အဆုတ်က ပိုသေးသွားတယ်။ ဒါကြောင့် အဆုတ် လုပ်ဆောင်နိုင်စွမ်းကောင်းဖို့ မတ်မတ်ထိုင်ဖို့ လိုတယ်။ ဒီလို ကိုယ်ဟန်မှန်ခြင်းက ခါးနာတာကိုလည်း သက်သာစေပါတယ်။

 

       အိမ်တွင်းလေထု သန့်စင်အောင်လုပ်ပါ။

          မြို့မှာနေရင်တော့ လေထုညစ်ညမ်းတာကို အနှေးနဲ့အမြန် ခံစားရမှာပါ။ ခဏတဖြုတ် လေထုညစ်ညမ်းရုံနဲ့တင် အဆုတ်ကို ထိခိုက်နိုင်တယ်ဆိုတာ သိထားဖို့လိုတယ်။ အိမ်မှာ လေထုသန့်စင်အောင် ဖုန်မရှိအောင် သန့်ရှငး်ထားပါ။ အိမ်ထဲမှာ အပင်စိုက်ထားခြင်းက လေထုကို သန့်စင်စေတယ်။ ပြင်ပလေထု ညစ်ညမ်းမှုနည်းတဲ့နေ့မျိုးမှာ ပြတင်းပေါက်တွေ ဖွင့်ထားဖိ့လည်း မမေ့နဲ့နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)