အထီးကျန်ဝေဒနာ
အခုလို ဆက်သွယ်မှုတွေ လျင်မြန်နေတဲ့ခေတ်ကြီးမှာ အထီးကျန်ဝေဒနာသည်တွေ ပိုများလာတယ်ဆိုတာ မယုံမရှိနဲ့နော်။
၂၀၀၁ ကနေ ၂၀၁၇ ခုနှစ်အထိ လေ့လာထားတဲ့ လေ့လာမှုမှာ လူ ၆ ယောက်မှာ ၁ ယောက်လောက်က အထီးကျန်မှုကို ခံစားရတယ်လို့ သိရတယ်။
ဒီလိုအထီးကျန်နေတဲ့လူတွေဟာ လှုပ်ရှားမှု၊ အဝလွန်မှု၊ ဆေးစွဲမှု၊ စိတ်ကျန်းမာရေးမကောင်းမှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ ရန်ဖြစ်မှုတွေကြောင့် သာမန်ထက်ကို စောစောသေနှုန်း ပိုများတယ်ဆိုတာ စိတ်မကောင်းစရာ သိရတယ်။
အဲဒါကြောင့် အခုဆိုရင် အထီးကျန်မှုဟာ လူ့အဖွဲ့အစည်းရဲ့ ပြဿနာကြီး ဖြစ်လာပြီပေါ့။ ဒါဆိုရင် ဘယ်လိုလူတွေကို အထီးကျန်တယ်လို့ ခေါ်မလဲ?
လေ့လာမှုမှာ ဒီလိုစိတ်ဓာတ်ကျနေသူတွေကို မေးခွနး်တွေမေးတဲ့အခါ " သူများတွေဆီက အကူအညီ လိုချင်ပေမယ့် မရဘူး " ၊ " လူတွေက အလည်မလာကြဘူး " စသည်ဖြင့် ပြောတာကို သတိထားမိတယ်။
ဒီလေ့လာမှုမှာ ၂၀၀၁ တုန်းက ၂၁% ရှိရာကနေ ၂၀၀၉ မှာ ၁၆% ထိ ကျသွားပြီး အဲဒီနောက်ပိုင်းမှာတော့ ၁၇% မှာ တန်းနေတာကို တွေ့ရတယ်။
ဒီလိုအထီးကျန်မှု ခံစားရတာဟာ နှလုံးကိုလည်း ထိခိုက်စေပြီး အသက်ကို တိုစေနိုင်တယ်။
အမျိုးသမီးတွေမှာ အထီးကျန်မှု ပိုများပြီး အမျိုးသားတွေကတော့ လူမှုထောက်ပံ့တာ ပိုနည်းတာကို တွေ့ရတယ်။ ပြီးတော့ အထီးကျန်မှု အရမ်းဆိုးတာ များတာကလည်း အမျိုးသားတွေ ဖြစ်နေတတ်တယ်။ အမျိုးသားတွေမှာ အသက်အားဖြင့်ဆိုရင် ၄၅ ကနေ ၆၄ နှစ်ကြားမှာ အဖြစ်များတယ်။
တစ်ကိုယ်ရည် တစ်ကာယအမျိုးသားတွေမှာ ပိုဖြစ်တတ်ပြီး ၄၀% လောက်မှာ တွေ့ရတယ်။
နောက်ထပ် အလုပ်လက်မဲ့တွေမှာလည်း တွေ့ရသေးတယ်။
အသက် ၆၄ နှစ်ကျော်လာရင် ပိုဆိုးလာတတ်ပြီး အသက် ၇၅ နှစ်လောက်မှာ အမြင့်ဆုံး ၁၉% ကို ရောက်လာတယ်။
အမျိုးသမီးတွေမှာတော့ အဖြစ်အများဆုံးက အသက် ၂၅ ကနေ ၂၉ အတွင်း အရွယ်ပါတဲ့။
နောက်တစ်ချက်က အသက် ၆၅ နှစ်ကျော်မှ အိမ်ထောင်ဖက် ဆုံးရှုံးသူတွေထက်စာရင် အသက် ၆၅ နှစ်မတိုင်မီ ဆုံးရှုံးသူတွေက ပိုပြီးအထီးကျန်တတ်ကြတယ်လ ို့ဆိုတယ်။
>> ဒီလိုအထီးကျန်တာကို သက်သာစေဖို့၊ ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲ?
အချက် (၃) ချက် ရှိတယ်နော်။
● ပထမဆုံးကတော့ မိသားစုဆက်ဆံရေးကို ကောင်းအောင်လုပ်ပါ။
ကိုယ့်မိသားစု၊ ဆွေမျိုးတွေအကုန်လုံးနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနေပါ။
ခက်ခဲတဲ့အချိန်တွေမှာ မိသားစုဝင်တွေအချင်းချင်း ရိုင်းပင်းပါ။
● ဒုတိယအနေနဲ့ လူမှုအသိုင်းအဝိုင်းထဲမှာရှိတဲ့ လူတွေကို စောင့်ရှောက်ပေးပါ။
ကိုယ့်ဘေးနားပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေ၊ တစ်ယောက်တည်းနေတဲ့ အသိမိတ်ဆွေတွေကို ရိုင်းပင်းပါ။
တစ်ခါတလေ ဆက်ဆံရေးမှာ မပြေလည်တာတွေ ရှိနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒါက တဒင်္ဂပါပဲ။
● နောက်ဆုံးအနေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်ပါ။ များလေလေ ပိုကောင်းလေလေပါပဲနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























