အနားယူ အပန်းဖြေခရီး မထွက်သူတွေဟာ နှလုံးဖောက်ပြီး သေနှုနး်များတယ်လို့ ပြောကြပါတယ် ... ဒါကြောင့် အသက်ရှည်ချင်ရင် ခရီးများများထွက်နော်
ခရီးထွက်တယ်ဆိုတာ ဇိမ်ခံခြင်းတစ်မျိုးလို့ ယူဆကြတယ်။ တကယ်တော့ ကျန်းမာရေးအတွက် လိုအပ်ချက်တစ်ခုပဲနော်။ တောက်လျှောက်ကို အလုပ်လုပ်နေမယ်ဆိုရင် နေမကောင်း ဖြစ်လာမှာပါပဲ။ နာဆာသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်မှာဆိုရင် တစ်ပတ်လောက် အပန်းဖြေခရီးထွက်သူတွေဟာ ကောင်းကောင်းအိပ်ပျော်ပြီး ကောင်းကောင်း အလုပ်လုပ်လာနိုင်တယ်လို့ သိရတယ်။
>> အလုပ် အရမ်းလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ?
အလုပ်တွေ ကျုံးလုပ်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်နော်။ တစ်ပတ်ကို ၅၅ နာရီအထက် အလုပ်လုပ်သူတွေဟာ တစ်ပတ်ကို ၃၅ နာရီကနေ နာရီ ၄၀ လောက် အလုပ်လုပ်သူတွေထက် နှလုံးဖောက်နိုင်ခြေ ၁၃%လောက် ပိုများနိုင်ပြီး လေဖြတ်ဖို့ ၃၃% လောက် ပိုများလာနိုင်တယ်။ ပြီးတော့ အချိန်တွေ အများကြီး အလုပ်လုပ်သူတွေဟာ အရက် ပိုသောက်တတ်ကြပြီး တခြားကျန်းမာရေးပြဿနာ ဆိုးဆိုးရွားရွားတွေ ရတတ်တယ်။
ဒီ့ထက်ပိုဆိုးတာက ခရီးသွားရင်းတန်းလန်းနဲ့ အလုပ် အီးမေးလ်တွေကို လှမ်းလှမ်းစစ်နေတာဟာ ခရီး လုံးဝမသွားတာနဲ့ ဘာမှမထူးဘူးဆိုတာပါပဲ။
အပန်းဖြေခရီးက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုသလဲဆိုရင် -
စိတ်ဖိစီးမှုကို ပြေပျောက်စေတာက အကြီးမားဆုံးရလဒ်ပါပဲ။ ဒီခေတ်အခါကြီးမှာ လူတွေ တွေ့ကြုံနေရတဲ့ စိတ်ဖိစီးမှုဆိုတာ တော်ရုံတော့ မဟုတ်ဘူးနော်။
အပန်းဖြေခရီးရဲ့အရသာကို အပြည့်အဝ ခံစားဖို့ဆိုရင် -
၁။ ဖုန်းတွေ၊ လက်ပ်တော့တွေ အကုန်ပိတ်ပါ။
အနည်းဆုံး ၃ ရက်လောက်ကို ဖုန်းတွေ၊ အိုင်ပတ်တွေ၊ လက်ပ်တော့တွေကို ပိတ်ထားသင့်တယ်နေ်ာ။ မဖြစ်နိုင်ဘူး မနေနိုင်ဘူးဆိုရင်တော့ အင်တာနက် လိုင်းမမိတဲ့နေရာမျိုးကို သွားသင့်တယ်နော်။ နိုင်ငံခြားသွားပြီး ဖုန်း plan တွေ မဝယ်တာမျိုး၊ ဒါမှမဟုတ် တောင်တန်းဒေသတွေကို သွားတာမျိုး လုပ်သင့်တယ်။
၂။ ကိုယ့်ဘဝကို ကိုယ်ဂရုစိုက်ပါ။
လူအတော်များများဟာ ၆ လလောက် လိုသေးတဲ့ တစ်ပတ်တာ အပန်းဖြေခရီးကို လှမ်းမျှော်မှန်းနေတတ်ကြတယ်။ တကယ်လို့ ဘယ်မှမသွားဘဲ အပန်းဖြေလို့ရတယ် ဆိုတာရော သိလား? ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်ဆိုတာ ဒီလိုအပန်းဖြေနည်း သေးသေးလေးတွေကို ပြောတာပါပဲ။ အနှိပ်ခံတာ၊ ယောဂကျင့်တာ၊ အိပ်ပစ်လိုက်တာမျိုးပေါ့။
၃။ ရုံးပိတ်ရက်တွေမှာ ကောင်းကောင်း အနားယူပါ။
စနေနေ့ နေ့လည်မှာ အီးမေးလ်တွေ ပြန်နေတာ၊ တနင်္ဂနွေနေ့မှာ အလုပ်လုပ်နေတာမျိုးတွေက ပင်ပန်းနုံးချိစေလိမ့်မယ်နော်။ တကယ်တော့ ပိတ်ရက်ဆိုတာ ပင်ပန်းနွမ်းနယ်နေတာကို ပြေလျော့စေရမယ့်အချိန်မျိုးပါ။ ဖြစ်နိုင်ရင် တစ်လကို ၂ ပတ်လောက်တော့ ဘာမှမလုပ်ဘဲ ကောင်းကောင်း အနားယူပစ်ပါ။ တနင်္လာနေ့အထိကို ဆက်သွယ်မရပါဆိုတဲ့ အလိုအလျောက် အီးမေးလ်တွေ လုပ်ထားပါ။ တနင်္လာနေ့အထိစောင့်လို့ ဘာမှထူးပြီး ပြောင်းလဲမသွားဘူးဆိုတာ တွေ့မှာပါနော်။
၄။ တရားထိုင်ပါ။
၁၀ ရက်တာ တရားစခန်း ဝင်မိတာဟာ တကယ်ကို ဘဝအပြောင်းအလဲကြီး ဖြစ်နိုင်ပါတယ်။ အချိန်မရှိဘူးလို့ ထင်လား? ရအောင် ယူကြည့်ပါ။ အချိန်ကောင်းဆိုတာ ဘယ်တော့မှမရှိဘူး။ ၁၀ ရက်မြောက်တဲ့နေ့မှာ ကိုယ်မရှိလို့ ဘာမှထူးထူးခြားခြား ပြောင်းလဲသွားတာမရှိဘူးဆိုတာ သိလာမှာပါ။
၅။ ဘဝဆိုတာ အလုပ်နဲ့ချည်း တည်ဆောက်ထားတာ မဟုတ်ဘူးနော်။
ဘဝကို အလုပ်နဲ့ တည်ဆောက်ထားတဲ့သူတွေမှာတောင် ကိုယ့်ကို တခြားဘယ်အရာတွေက ပျော်ရွှင်စေသလဲဆိုတာ စဉ်းစားပါ။ အလုပ် အပြင်မှာ အားလုံးနဲ့ဝေးရာ ကမ်းခြေမှာ အပန်းဖြေတာ၊ သူငယ်ချင်းတွေနဲ့ ညစာ အတူစားတာ၊ လမ်းလျှောက်ရင်း သဘာဝတရားကို ခံစားတာမိျုး လုပ်သင့်တယ်။
ဘဝရဲ့နောက်ဆုံးအချိန်မှာ ပြန်ကြည့်ပြီး များများအနားမယူမိတာကို နောင်တရတာမိျုး မဖြစ်စေချင်ဘူးနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























