အနီးမှုန်
အနီးမှုန်ဆိုတာကတော့ အဝေးမှာရှိတဲ့အရာတွေကို ရှင်းရှင်းလင်းလင်း မြင်ရပေမယ့်လည်း အနီးကိုကြည့်ရင်တော့ မှုန်ဝါးဝါးပဲ မြင်ရတာကို ပြောတာပါ။ အနီးမှုန်တာ ဆိုးလာပြီဆိုရင်တော့ အနီးကိုကြည့်ရင် အရမ်းဝါးလွန်းလို့ စာရေး၊ စာဖတ်၊ အပ်ချုပ်စတဲ့ လုပ်နေကျ လုပ်ငန်းတွေကိုတောင်မှ မလုပ်နိုင်တော့ပါဘူး။ အနီးမှုန်တာက ရောဂါတစ်ခုမဟုတ်သလို ပြန်ပြီးပြင်လို့ရပါတယ်။
>> ဘာကြောင့် အနီးမှုန်ရတာလဲ?
ဆေးပညာသဘောအရဆိုရင် မျက်လုံးထဲကို ဝင်လာတဲ့အလင်းက မြင်လွှာပေါ်မှာ စုရမယ့်အစား အနောက်ဘက်မှာ သွားပြီးစုနေလို့ပါ။ ဒါက မျက်ကြည်လွှာက ပုံမှန်အတိုင်း မကွေးတဲ့အခါ (သို့) မျက်လုံးထဲမှာရှိတဲ့ မှန်ဘီလူးက ပုံမှန်ရှိရမယ့်နေရာရဲ့ အနောက်ကို အရမ်းရောက်နေရင် ဖြစ်တတ်ပါတယ်။ အနီးမှုန်က မျိုးရိုးလိုက်တတ်ပြီးတော့ မြင်လွှာရောဂါတစ်ခုခု (သို့) မျက်လုံးကင်ဆာတွေမှာလည်း ဖြစ်တတ်ပေမယ့်လညး် ရှားတော့ရှားပါတယ်။
>> လက္ခဏာများ
အနီးမှုန်တဲ့လက္ခဏာတွေကတော့ အမြင်အာရုံ ဝေဝါးခြင်း (အထူးသဖြင့် အမှောင်ထဲတွင်)၊ စာရေး၊ စာဖတ်နဲ့ အနီးကပ်ကြည့်ပြီးတော့ လုပ်ရတဲ့အလုပ်တွေမှာ ပြဿနာဖြစ်ခြင်း၊ မျက်လုံး ညောင်းကိုက်ခြင်း၊ မျက်လုံးဘေးပတ်လည်က ကြွက်သားတွေနာခြင်း၊ မကြာခဏ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အသက် ၄၀ ကျော်လာပြီဆိုရင်လည်း မျက်လုံးအာရုံစိုက်တာ ပုံမမှန်ဖြစ်လာပြီးတော့ အနီးကအရာတွေကို မြင်နိုင်စွမ်း လျော့လာတတ်ပါတယ်။ ဒါကတော့ အနီးမှုန်တင်မကဘဲ အဝေးမှုန်ပါတွဲပြီးတော့ ဖြစ်တတ်ပါတယ်။
အနီးမှုန်တာအတွက် မျက်မှန်တပ်ပြီးတော့ ပြုပြင်နိုင်ပေမယ့်လည်း တချို့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာပြီဆိုရင်တော့ နည်းနည်းခက်ပါတယ်။ အနီးမှုန်ရှိတဲ့ကလေးတွေမှာ cross eyes လို့ခေါ်တဲ့ အခြေအနေတစ်မျိုးလည်း တွဲပြီးတော့ ဖြစ်တတ်ပါတယ်။ ဒါကို သေချာမစစ်ဆေး၊ မကုသဘူးဆိုရင် ဘဝအရည်အသွေးအပေါ်မှာ ထိခိုက်မှုတွေ ရှိလာစေနိုင်ပါတယ်။ ဒါက တစ်ခါတလေမှာဆိုရင် ကားမောင်း၊ ဆိုင်ကယ်မောင်း၊ စက်တွေနဲ့ အလုပ်လုပ်ရတာ စတဲ့ အခြေအနေတွေမှာ အန္တရာယ် များစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























