အပူလျှပ်ခြင်း
အပူလျှပ်ခြင်းဟာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်။ဒီလိုအပူလျှပ်တဲ့အခါ ချက်ချင်း ဆေးရုံအရေးပေါ်ကို ပြေးရပါမယ်။
အများဆုံး ဖြစ်တတ်တဲ့ လူတွေကတော့ လေအေးပေးစက်မရှိတဲ့ အိမ်တွေ၊ တိုက်ခန်းတွေမှာနေတဲ့ သက်ကြီးရွယ်အိုတွေ၊ ရေဓာတ် ခန်းခြောက်နေသူတွေ၊ နာတာရှည်ရောဂါ ရှိသူတွေနဲ့ အရက်သမားတွေပဲ ဖြစ်ပါတယ်။
အပူလျှပ်ခြင်းရဲ့ လက္ခဏာတွေကတော့ -
● သတိမေ့မြောခြင်း
● အမူအကျင့်တွေ ပြောင်းလဲသွားခြင်း (ကယောက်ကတမ်းဖြစ်ခြင်း၊ စိတ်တို စိတ်ဆတ်လာခြင်း၊ စကားလေးလာခြင်း၊ ပုံစံမမှန်ခြင်း)
● ကိုယ်အပူချိန် 104°F (40°C) ဖြစ်လာခြင်း
● အသားအရေ ခြောက်သွေ့လာပြီး နှလုံးခုန်နှုန်း မြန်လာခြင်း (သို့) နှေးလာခြင်း
● ပူနေပေမယ့် ချွေး လုံးဝမထွက်ခြင်း
>> ဘယ်သူတွေ ဖြစ်တတ်သလဲ?
နှစ်စဉ်နှစ်တိုင်း အပူလွန်ကဲပြီး သေဆုံးသူတွေဟာ အသက် 50 ကျော်တွေဖြစ်ပြီး ဖြစ်စေနိုင်တဲ့ ကျန်းမာရေး အခြအနေတွေကတော့ -
● နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများ
● အသက်ကြီးလာတဲ့အတွက် ချွေးဂလင်းတွေနဲ့ အသားအရေမှာ ပြောင်းလဲမှုများ
● ကိုယ်ခန္ဓာကို အားနည်းစေနိုင်တဲ့ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ရောဂါများ
● ဆီးရွှင်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ နှလုံးနဲ့ သွေးတိုးရောဂါဆေးတချို့ (ဒီဆေးတွေဟာ ကိုယ်ခန္ဓာ အေးအောင်လုပ်ရာမှာ အနှောင့်အယှက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။)
● ဆေးတွေ အများကြီး သောက်ရခြင်း (ဘယ်ဆေးက အပူများစေနိုင်လဲဆိုတာ ဆရာဝန်ကို သေချာမေးမြန်းသင့်ပါတယ်။)
● အဝလွန်၊ အပိန်လွန်ခြင်း
● အရက်သေစာ သောက်စားခြင်း စတာတွေပဲ ဖြစ်ပါတယ်။
>> ဒီလိုမဖြစ်စေဖို့ ဘာတွေလုပ်ရမလဲ?
● ရေ၊ အသီးဖျော်ရည်၊ အရွက်ဖျော်ရည်တွေ များများသောက်ပါ။ ကော်ဖီနဲ့ အရက်တွေကို ရှောင်ပါ။
● ပန်ကာတွေ၊ လေအေးပေးစက်တွေ မရှိတဲ့ နေအိမ်မှာနေရင် အိမ်ကို တတ်နိုင်သမျှ အေးအောင်ထားပါ။ မီးဖို အသုံးပြုတာကို လျှော့ပါ။ အပူကဲတဲ့အချိန်တွေမှာ အမိုးအကာတွေ၊ လိုက်ကာတွေကို ပိတ်ထားပါ။ ညဘက်မှာ ပြတင်းပေါက်တွေ ဖွင့်ထားပါ။
● အိမ်မှာ အရမ်းပူရင် နေ့လယ်ပိုင်းတွေမှာ လေအေးပေးစက်ရှိတဲ့ shopping mall တွေ၊ ရုပ်ရှင်ရုံတွေ၊ စာကြည့်တိုက်တွေ၊ ဘိုးဘွားဂေဟာတွေနဲ့ သူငယ်ချင်းအိမ်တွေမှာ ခဏနေသင့်ပါတယ်။
● ဒီလိုအေးတဲ့နေရာကို သွားဖို့အတွက် မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုးတွေကို အကူအညီတောင်းပါ။ လိုအပ်ရင် တက္ကစီ စီးပါ။ အပြင်ဘက် နေပူပူမှာ ဘတ်စ်ကားကို အကြာကြီး ရပ်စောင့်နေတာမျိုး မလုပ်ပါနဲ့။
● ရာသီဥတုနဲ့လိုက်ပြီး ဝတ်စားဆင်ယင်ပါ။ ကော်တွန် အပါးသားတွေဟာ ပိုပြီးဝတ်ကောင်းပါတယ်။
● အရမ်းပူနေချိန်တွေမှာ အပြင်ဘက်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်လှုပ်ရှားရှား လုပ်တာမျိုး မလုပ်ပါနဲ့။
● အပြင်မှာ နေပူနေချိန် လူထူထူနေရာတွေကို မသွားပါနဲ့။
Dr. Mya Phoo Ngon (www.drmyanmar.com)





























