/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဖျား-ရှိ၊-မရှိ-သိဖို့-အရေးကြီးလာသောအခါ

အဖျား ရှိ၊ မရှိ သိဖို့ အရေးကြီးလာသောအခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အခုလိုအချိန်မှာ လူတစ်ယောက် ဖျားနေတယ်ဆိုရင် အရင်ကာလတွေတုန်းကလို ပေါ့ပေါ့ဆဆနေလို့ မရတော့ပါဘူး။ ဖျားပြီဆိုကတည်းက ကိုဗစ်ကြောင့်ဖျားတာလည်း ဖြစ်နိုင်တဲ့အတွက်ကြောင့် မိမိမှာ အဖျားရှိ၊ မရှိသိဖို့ဆိုတာ အင်မတန်မှကို အရေးကြီးလာပါပြီ။

>>  ပုံမှန်ကိုယ်အပူချိန်က ဘယ်လောက်ရှိရမှာလဲ?
လူတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အပူချိန်ဟာ ၉၈.၆ ဒီဂရီဖာရင်ဟိုက်ဒ်ဆိုပြီးတော့ ပြောကြပါတယ်။ ဒါဟာ ၁၈၅၁ ခုနှစ်တုန်းက လူနာပေါင်း ၂၅,၀၀၀ ရဲ့ ကိုယ်အပူချိန်ကို ချိုင်းကြားကနေ သာမိုမီတာနဲ့တိုင်းပြီး စမ်းသပ်မှုလုပ်ရာကနေရလာတဲ့ ရလဒ်တစ်ခုပါ။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကိုယ်အပူချိန်ဟာ ဆယ်စုနှစ်တစ်ခုမှာ တစ်ဒီဂရီရဲ့ တစ်စိတ်လောက် ကျဆင်းလေ့ရှိတာကို လေ့လာချက်တွေအရ သိရှိရပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ လူတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အပူချိန်ကို ၉၇.၈ ဒီဂရီဖာရင်ဟိုက်ဒ်လို့ သတ်မှတ်ထားကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အနည်းငယ် ခြားနားမှုရှိနိုင်လို့ ၉၇ ကနေ ၉၉ ဒီဂရီဖာရင်ဟိုက်ဒ်အတွင်း ရှိတယ်ဆိုရင် ပုံမှန်ပဲလို့ ပြောလို့ရပါတယ်။

>>  ၉၇.၈ ဒီဂရီဖာရင်ဟိုက်ဒ်ကို ပုံမှန်လို့ အမြဲသတ်မှတ်ထားသလား?
ခန္ဓာကိုယ်အပူချိန်ဆိုတာ အမြဲတမ်း တစ်သမတ်တည်းရှိနေတာ မဟုတ်ပါဘူး။ ကိုယ်လုပ်ဆောင်လိုက်တဲ့အပြုအမူ၊ ရာသီဥတု စတာတွေကြောင့် ပြောင်းလဲနိုင်ပါတယ်။ နေ့တစ်နေ့တည်းမှာတောင် ကိုယ်အပူချိန်ဟာ ခြားနားနိုင်ပါတယ်။ ညနေပိုင်းတွေမှာ ကိုယ်အပူချိန် တက်လေ့ရှိပါတယ်။ ထူထဲတဲ့အဝတ်တွေ ဝတ်ထားသလား၊ ရာသီဥတုပူနေသလား၊ ပူနွေးတဲ့အစားအသောက်တွေ စားထားသလား၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ထားသလား၊ မကြာသေးခင်ကမှ ကာကွယ်ဆေးထိုးထားသလား စတဲ့ အချက်တွေကလည်း ကိုယ်အပူချိန်အပေါ် သက်ရောက်မှုရှိနေပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာမလာခင် သားဥကြွေတဲ့အချိန်မှာဆိုရင် ကိုယ်အပူချိန်ဟာ သာမန်ထက် တစ်ဒီဂရီလောက် တက်လေ့ရှိပါတယ်။

>>  ဘာကြောင့်ဖျားရတာလဲ?
ဖျားတယ်ဆိုတာ ခန္ဓာကိုယ်အနေနဲ့ Inflammatory process လို့ခေါ်တဲ့ ရောင်ရမ်းမှုဖြစ်စဉ်ကို တုံ့ပြန်တဲ့ဖြစ်စဉ်တစ်ခုပါ။ ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်စဉ် ဖြစ်ရင် Cytokine လို့ခေါ်တဲ့ ဓာတ်တွေထွက်လာပါတယ်။ ဒီ Cytokine တွေကို ကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် ဖျားရတာပါ။

>>  ဖျားရတဲ့အကြောင်းတွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သောရောဂါများ (ဥပမာ - ရာသီတုပ်ကွေး၊ ကိုဗစ်)၊ ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောရောဂါများ (ဥပမာ - ဆီးလမ်းကြောင်းပိုးဝင်ခြင်း)၊ ကိုယ့်ဆဲလ်ကိုယ်ပြန်တိုက်သော Autoimmune ကိုယ်ခံအားရောဂါများ (ဥပမာ - သွေးလေးဖက်နာရောဂါ၊ အရေပြားလေးဖက်နာရောဂါ)၊ တချို့သောကင်ဆာရောဂါများ၊ တချို့သောဆေးဝါးများ (သို့) မကြာသေးခင်ကမှ ကာကွယ်ဆေးထိုးထားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

>>  ကိုယ်အပူချိန် ဘယ်လောက်ဆိုရင် ဖျားတယ်လို့ သတ်မှတ်သလဲ?
စံသတ်မှတ်ချက်အရတော့ ကိုယ်အပူချိန် ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ဒ်ဆိုရင် ဖျားတယ်လို့ သတ်မှတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခြားနားမှုရှိနိုင်လို့ ရှိသင့်တဲ့အပူချိန်ထက် များနေပြီဆိုရင်ကို အဖျားရှိတယ်ဆိုပြီး ပြောလို့ရပါတယ်။ ကိုယ်အပူချိန်တက်တာအပြင် ခန္ဓာကိုယ်ပူနွေးလာတယ်လို့ ခံစားရခြင်း၊ နဖူးကိုစမ်းကြည့်ရင် ပူနွေးနေခြင်း၊ ချမ်းတုန်တာတွေရှိနေခြင်း စတဲ့ လက္ခဏာတွေဟာလည်း ဖျားနေတယ်ဆိုတာကို ပြနေပါတယ်။

>>  ကိုယ်အပူချိန်ကို ဘယ်လိုတိုင်းကြမလဲ?
အခုဆိုရင် အဖျားတိုင်းဖို့အတွက် သာမိုမီတာတွေ အိမ်တိုင်းလိုလိုမှာ ရှိနေကြမှာပါ။ ဈေးကွက်ထဲမှာလည်း သာမိုမီတာမျိုးစုံ ရောင်းချပေးနေတာကို တွေ့ရပါတယ်။ သာမိုမီတာတစ်ခုချင်းဆီမှာတော့ ကောင်းကျိုးနဲ့ဆိုးကျိုးဆိုတာ တွဲရှိနေမှာပါ။ ပြဒါးသာမိုမီတာတွေက ဈေးသက်သာတယ်ဆိုပေမယ့် တိုင်းရတဲ့အချိန်ကြာပါတယ်။ ကိုယ်အပူချိန်ကို ဖတ်ဖို့ရာလည်း ခက်ခဲပါတယ်။ ဒီဂျစ်တယ်သာမိုမီတာတွေကတော့ တိုင်းရတာလည်း မြန်တယ်။ အလွယ်တကူလည်း ဖတ်လို့ရပါတယ်။ ဒါပေမဲ့ ပြဒါးနဲ့ယှဉ်လိုက်ရင်တော့ ဈေးကြီးပါတယ်။

>>  ဘယ်အချိန်မှာ ဆေးကုသမှုခံယူကြမလဲ?
ဖျားတာတစ်ခုတည်းရှိရုံနဲ့တော့ အသက်အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ ကိုယ်အပူချိန်ဟာ ၁၀၃ ဒီဂရီဖာရင်ဟိုက်နှင့်အထက်ရှိပြီဆိုရင်၊ ဖျားနေတာ သုံးရက်ကျော်ပြီဆိုရင်၊ ဖျားတာအပြင် လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းကြွက်သားများ တောင့်တင်းနေခြင်း၊ ခန္ဓာကိုယ်တွင ်အနီစက်များထွက်ခြင်း စတဲ့ လက္ခဏာတွေ ရှိလာရင်တော့ စိုးရိမ်ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ဆေးကုသမှုခံယူပါ။
အခုချိန်မှာဖျားရင် လူတိုင်းက ကိုဗစ်ဖြစ်ပြီလားဆိုပြီလား စိုးရိမ်တတ်ကြပါတယ်။ ကိုဗစ်ရောဂါမှာ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ အနံ့ပျောက်ခြင်း၊ အရသာမရခြင်း စတဲ့လက္ခဏာတွေ ရှိတတ်ပါတယ်။ ဒီလိုလက္ခဏာတွေရှိတဲ့အပြင် မိမိဟာ ကိုဗစ်ကူးစက်နိုင်ခြေမြင့်တဲ့သူ ဖြစ်တယ်ဆိုရင်တော့ ဖျားနာကုဆေးခန်းတွေကို ဆက်သွယ်ပြီးတော့ တာဝန်ခံဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ပြုမှုနေထိုင်သင့်ပါတယ်။
ဒါ့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေရဲ့ အရေးပေါ်လက္ခဏာတွေဖြစ်တဲ့ အသက်ရှူရခက်ခြင်း၊ နှုတ်ခမ်းပြာလာခြင်း၊ တစ်ချိန်လုံးမှိန်းနေခြင်းတွေ ရှိလာရင်တော့ အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံး ခံယူသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)