အဖြစ်များသော ဟော်မုန်းရောဂါများ
1. ဆီးချိုရောဂါ
ဆီးချိုရောဂါဟာ ဟော်မုန်းနှင့်ဆိုင်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံးတစ်ခုဆိုလည်း မမှားပါဘူး။ မြန်မာနိုင်ငံမှာ အများစုက ဆီးချိုရောဂါ ရှိနေတာကို မသိတာက များပါတယ်။ အဓိကဇာတ်ကောင်က အင်ဆူလင် ဖြစ်ပါတယ်။ ပန်ကရိယ (မုန့်ချိုအိတ်) က ထုတ်လုပ်တဲ့ အင်ဆူလင်က အချိုဓာတ်ကို ခန္ဓာကိုယ်က စွမ်းအင်အဖြစ် အသုံးချနိုင်အောင် ကူညီပေးပါတယ်။ ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တာကြောင့် အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှု နည်းတဲ့အခါမှာဖြစ်စေ၊ အင်ဆူလင်ဟော်မုန်း အာနိသင် လျော့နည်းလာတဲ့အခါဖြစ်စေ သွေးထဲတွင် သကြားဓာတ်တွေ မြင့်မားလာခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်လာပါတယ်။
2. သိုင်းရွိုက်နှင့် ပတ်သက်သော ရောဂါများ
အမေရိကမှာတော့ ဆီးချိုပြီးရင် ဒုတိယအဖြစ်အများဆုံး ရောဂါလို့တောင် ဆိုကြတယ်။ လည်ပင်း ရှေ့တည့်တည့်မှာရှိတဲ့ သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဇီ၀ကမ္မဖြစ်စဉ်တွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက် အဓိကကျတဲ့ သိုင်းရွိုက်ဟော်မုန်း ထုတ်ပေးပြီး ဟော်မုန်း နည်းခြင်း၊ များခြင်းက ခန္ဓာကိုယ်အပေါ်မှာ သက်ရောက်မှု တော်တော်ရှိပါတယ်။ ဟော်မုန်းများ (Hyperthyroid) နေရင် ဂနာမငြိမ်၊ အိပ်မပျော်၊ စိတ်ဆတ်၊ နှလုံးတုန်၊ ရင်တုန်၊ ရာသီမမှန် စတာတွေဖြစ်နိုင်ပြီး ဟော်မုန်းနည်း (Hypothyroid) တဲ့သူက မောပန်းလွယ်၊ စိတ်ဓာတ်ကျ၊ ၀မ်းချုပ်၊ ရာသီမမှန်၊ ၀လာတာတွေ ဖြစ်နိုင်ပါတယ်။
3. သားဥအိမ်အရေအိတ်များ ရောဂါစု
အမျိုးသမီး ၁၀ ယောက်မှာ တစ်ယောက်ဖြစ်နိုင်တဲ့ ရောဂါလို့တောင် ပြောနိုင်ပါတယ်။ မျိုးဥအိမ်တွင် အရေအိတ်ငယ်များစွာပါပြီး မျိုးဥ မှန်မှန်မကြွေခြင်း၊ ရာသီ ကမောက်ကမဖြစ်ခြင်း တို့အပြင် ယောကျ်ားဟော်မုန်း သာမန်ထက် များနေခြင်းကြောင့် အမွေးအမျှင်ထူခြင်း၊ ၀က်ခြံများခြင်း စတဲ့ လက္ခဏာစုတွေကို ခံစားရတာ ဖြစ်ပါတယ်။ ကုသနည်းကတော့ အခြားသော ဟော်မုန်းဆိုင်ရာရောဂါတွေလိုပဲ ဟော်မုန်းပမာဏ ပုံမှန်ဖြစ်အောင် ထိန်းညှိပေးရပါတယ်။
4. အမျိုးသားဟော်မုန်း (Testosterone) အားနည်းခြင်း
ကမ္ဘာတစ်၀န်းရှိ ဟော်မုန်းအားနည်းခြင်းကို ခံစားနေရတဲ့ အမျိုးသားဦးရေ ဘယ်လောက်ရှိတယ် ဆိုတာကတော့ လေ့လာနေဆဲဘဲ။ အသက်ကြီးတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဟော်မုန်း အားနည်းတာကြောင့် လိင်စိတ် နည်းပါးခြင်း၊ လိင်ထောင်မတ်ရန် ခက်ခဲခြင်း၊ ထိပ်ပြောင်လာခြင်း၊ ကြွက်သား အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အားအင်ကုန်ခမ်းခြင်း စတဲ့ လက္ခဏာတွေ ခံစားရပါတယ်။
5. အရိုးပွခြင်း
အရိုးပွခြင်းဆိုတာ အရိုးသိပ်သည်းဆကျပြီး အရိုးပါးလာခြင်းကို ခေါ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွနိ်ုင်ချေ ပိုများပြီး အသက်အရွယ် ကြီးလာခြင်း အီစရိုဂျင်ဟော်မုန်းနည်းလာခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ အမျိုးသားတွေမှာဆိုရင်လဲ အမျိုးသားဟော်မုန်းနည်းခြင်းက အရိုးပွခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























