/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အများသုံး-အိမ်သာများကနေ-ကူးစက်နိုင်သောရောဂါများ

အများသုံး အိမ်သာများကနေ ကူးစက်နိုင်သောရောဂါများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သင်ဟာ အများသုံးအိမ်သာများကို ကြောက်လန့်တတ်သူတစ်ဦးလား? ဒါဆိုရင် သင့်တစ်ယောက်တည်း မဟုတ်ပါဘူး။ အများသုံးအိမ်သာများမှာ ရောဂါဆိုးတွေကို သယ်ဆောင်ပေးမယ့် ပိုးမွှားတွေ အများကြီးရှိတာမို့ ကျန်းမာရေးကို ဂရုစိုက်သူတွေတိုင်း စိုးရိမ်ကြပါတယ်။

          အိမ်သာ ကြမ်းပြင်၊ တံခါးကနေစပြီး အိမ်သာ ကြွေခွက်နှင့် အိမ်သာတွင်း သင် ထိတွေ့သမျှ နေရာတိုင်းမှာ ပိုးမွှားတွေ ရှိနေပါတယ်။ နောက်ပြီး အိမ်သာ ရေဆွဲချချိန်တွင် ပိုးမွှားတွေဟာ ၆ ပေလောက် မြင့်တက်လာပြီး အိမ်သာတွင်း လေထုမှာ ၂ နာရီခန့် နေထိုင်နိုင်ကြပါသေးတယ်။

          အများသုံးအိမ်သာများကနေ ရရှိနိုင်သော ရောဂါများကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။

(၁)    အူလမ်းကြောင်း ပိုး၀င်ခြင်း

          ဘတ်တီးရီးယားပိုးကြောင့်ဖြစ်သော ၀မ်းလျှော၀မ်းပျက်ရောဂါများ အဖြစ်များပါတယ်။ ပိုးမွှားတွေဟာ ၀မ်းလျှောနေသူတစ်ဦးရဲ့ မစင်ကနေတစ်ဆင့် လေထဲတွင် ပျံ့ပြီး တခြားသူထံ ၀င်ရောက်ကူးစက်နိုင်ပါတယ်။

 

(၂)    အရေပြား ပိုး၀င်ခြင်း

          လည်ချောင်းနာခြင်း၊ အဆုတ်ယောင်ခြင်း၊ အရေပြားအနာများ ဖြစ်ပေါ်ခြင်းအပြင် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသော ပိုးမွှားများပါ ၀င်ရောက်နိုင်ပါတယ်။ ထိုရောဂါပိုးတွေဟာ အိမ်သာတွင်းရှိ နေရာများမှာ အချိန်တော်တော်ကြာအောင် နေထိုင်ပေါက်ပွားနိုင်တာမို့ ရောဂါကူးစက်ဖို့ အလားအလာ များပြားပါတယ်။

 

(၃)    ဗိုင်းရပ်စ်ပိုး၀င်ခြင်း

          အိမ်သာတက်ခြင်းဖြင့် တုပ်ကွေးရောဂါ ကူးစက်နိုင်တယ်ဆိုတာ သိပါသလား။ အချို့သော တုပ်ကွေးဗိုင်းရပ်စ်များဟာ လေထုထဲတွင် ခဏလေးသာ အသက်ရှင်နိုင်သော်လည်း Influenza vius, Norovirus စသော တုပ်ကွေးဗိုင်းရပ်စ်တွေအနေနဲ့ အိမ်သာထဲတွင် ရက်အတော်ကြာ အသက်ရှင်နေနိုင်တာမို့ ကူးစက်စေနိုင်တာ ဖြစ်ပါတယ်။

 

(၄)    လိင်ကတစ်ဆင့် ကူးစက်သောရောဂါများ

          အိမ်သာကြွေခွက်ပေါ် ထိုင်ခြင်းဖြင့် လိင်ကတစ်ဆင့် ကူးစက်သောရောဂါတွေ ဖြစ်နိုင်ချေရှိသလားလို့ မေးခွန်းထုတ်နိုင်ပါတယ်။ သာမန်အားဖြင့် ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုနိုင်ပေမယ့်လညး် သင့်အရေပြားတစ်နေရာတွင် အပေါက်အပြဲ ရှိနေပါက  ထိုရောဂါများ ကူးစက်ဖို့ လွယ်ကူကြောင်း သတိချပ်သင့်ပါတယ်။

          အိမ်သာကတစ်ဆင့် ကူးစက်စေသော ရောဂါများအကြောင်းကို သိရှိပြီး အများသုံးအိမ်သာတွေကို အသုံးပြုဖို့ ကြောက်လန့်နေပြီ မဟုတ်လား။ သင့်အနေနဲ့ အိမ်သာကထွက်တိုင်း လက်ဆေးသည့် အလေ့အထကို မွေးမြူပြီး ကိုယ်ခံအားကောင်းမွန်နေမည်ဆိုပါက ကူးစက်နိုင်ချေ အလွန်နည်းပါးပါတယ်။

          အဆိုပါရောဂါပိုးတွေဟာ အိမ်သာထဲမှာပဲ နေထိုင်ပေါက်ပွားတာ မဟုတ်ဘူးနော်။ သင့်မိုဘိုင်းဖုန်းတွေ၊ ဘတ်စ်ကားပေါ်က လက်တန်းတွေ၊ သင့်မီးဖိုချောင်သုံးပစည်းများနှင့် အများသုံးနေရာများမှာလည်း နေထိုင်ကြတာမို့ ထိုအရာများကို ထိတွေ့ပြီးတိုင်း လက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ထိတ်လန့်ဖွယ်ပြောရရင် သင့်အလုပ်စားပွဲဟာ အိမ်သာထက် အဆ ၂၀၀ ကနေ ၄၀၀ လောက် ရောဂါပိုးတွေ နေထိုင်ပါတယ်။ ဒါကြောင့် အချိန်တိုင်း လက်ဆေးဖို့ မလွယ်ကူရင်တောင် လက်ဆေးဂျဲလ် (Hand sanitizer) များကို ဆောင်ထားနိုင်ပါတယ်။

 

>>    ရောဂါပိုးများ မကူးစက်စေဘဲ အများသုံးအိိမ်သာများကို ဘယ်လိုအသုံးပြုမလဲ?

●        အိမ်သာတံခါးကို လက်ဖြင့် တိုက်ရိုက်မထိဘဲ တစ်ရှူးသုံးပြီး အဖွင့်အပိတ်လုပ်ပါ။

●        အိမ်သာကြွေခွက်ပေါ်တွင် ခင်းသော စက္ကူများကို ဆေးဆိုင်များတွင် ၀ယ်ယူပါ။ အိမ်သာမတက်ခင် ထိုစက္ကူ ခင်းပေးနိုင်ပါတယ်။

●        အိမ်သာ ရေဆွဲချသော ဘုလုံးကို တစ်ရှူးဖြင့်ကိုင်ပြီး ဆွဲချသင့်ပါတယ်။

●        အိမ်သာ ရေမဆွဲချမီ ကြွေခွက်ကို အဖုံးဖုံးပြီးမှ ဆွဲချပါ။

●        အိမ်သာတက်ပြီးတိုင်း လက်ကို စင်ကြယ်စွာဆေးကြောပါ။

●        ထို့နောက် တစ်ရှူးဖြင့် ခြောက်အောင် သုတ်ပါ။

Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)