/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အမျိုးသမီးတို့ရဲ့-ကျန်းမာရေးအတွက်-စစ်ဆေးသင့်သည်များ

အမျိုးသမီးတို့ရဲ့ ကျန်းမာရေးအတွက် စစ်ဆေးသင့်သည်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမျိုးသမီးများဟာ နေမကောင်း ဖြစ်မနေရင်တောင်မှာ တစ်နှစ်တစ်ကြိမ်တော့ ဆရာဝန်နဲ့ ပြသပြီးတော့ စစ်ဆေးမှုခံယူဖို့လိုပါတယ်။ တစ်နှစ်တစ်ကြိမ် သွားတဲ့အခါတွေမှာ ဆရာဝန်က စစ်ဖို့လိုတဲ့အရာတွေ၊ ကာကွယ်ဆေးတွေနဲ့ ကိုယ့်မှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို တိုင်ပင်ဆွေးနွေးပေးပါလိမ့်မယ်။

          ဒီတော့ အသက်အရွယ်အလိုက် စစ်ဆေးမှုခံယူသင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။

          Well-woman exam - ဒါကတော့ ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် အသက် ၂၁ နှစ်ကစပြီး နှစ်စဉ် စစ်သင့်ပါတယ်။ ဆရာဝန်က လိုအပ်တာတွေ မေးမြန်း၊ စစ်ဆေးပြီးနောက်မှာ တိုင်ပင် ဆွေးနွေးပေးပါလိမ့်မယ်။

 

၁။     သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း

          ဒါကတော့ သားအိမ်ခေါင်းကင်ဆာအတွက် စစ်တာပါ။ သားအိမ်ခေါင်းအချွဲယူပြီး စစ်တာနဲ့ HPV လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကို စစ်တာပါ။

          အသက် 21-29 နှစ်အရွယ်အမျိုးသမီးတွေမှာ - ၃ နှစ်တစ်ကြိမ်

          30-65 နှစ်အရွယ် - စစ်ဆေးမှု နှစ်မျိုးလုံး ၅ နှစ်တစ်ကြိမ်၊ သားအိမ်ခေါင်းအချွဲ စစ်ဆေးခြင်း တစ်မျိုးတည်း - ၃ နှစ်တစ်ကြိမ်

          အသက် ၆၅ နှစ်နှင့်အထက် - သားအိမ်ခေါင်းအချွဲ စစ်ဆေးတာ ၃ ကြိမ်ဆက်တိုက် ပုံမှန်ဖြစ်ပြီးတော့ ၁၀ နှစ်အတွင်းမှာ ပုံမမှန်တာမရှိဘူးဆိုရင် ဆက်စစ်စရာမလိုတော့ပါဘူး။

          သားအိမ်ရော၊ သားအိမ်ခေါင်းပါ ဖြတ်ထုတ်လိုက်ပြီးရင်တော့ သားအိမ်ခေါင်းအချွဲ စစ်စရာ မလိုတော့ပါဘူး။ သားအိမ်ပဲ ထုတ်ထားရင်တော့ ဆက်စစ်ဖို့လိုပါတယ်။ ဘယ်လို၊ ဘယ်လောက် တစ်ခါစစ်ရမယ် ဆိုတာကတော့ မိမိဆရာဝန်နဲ့ တိုင်ပင်ပါ။

 

၂။     လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စစ်ဆေးခြင်း

          လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်တဲ့ ဘက်တီးရိးယားပိုးတွေဖြစ်တဲ့ chlamydia နဲ့ gonorrhea တို့ကိုတော့ ဆီးစစ်ကြည့်လို့ရပါတယ်။ ဒီရောဂါပိုးနှစ်မျိုးလုံးက ရောဂါလက္ခဏာ မပြတတ်ဘဲနဲ့ ကုသမှုမခံယူရင်တော့ သနေ္ဓမအောင်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ရောဂါပိုးရှိတဲ့အမေက မွေးလာတဲ့ ကလေးတွေမှာလည်း ကျန်းမာရေးပြဿနာ တော်တော်များများဖြစ်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

          လိင်ဆက်ဆံမှုရှိတယ်ဆိုရင် စပြီးစစ်ဆေးသင့်ပါတယ်။ အသက် ၂၅ နှစ်အထိ တစ်နှစ်တစ်ကြိမ် စစ်ရပါမယ်။ ဖြစ်နိုင်ချေများတဲ့ အသက်ကြီးတဲ့အမျိုးသမီးတွေမှာလည်း စစ်ဖို့လိုပါတယ်။ လိင်ဆက်ဆံဖက်အသစ်နဲ့ ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖက်များခြင်းတွေကြောင့် ဒီရောဂါပိုးဝင်နိုင်ချေ များစေပါတယ်။

 

၃။     HIV စစ်ဆေးခြင်း

          HIV ပိုး ဝင်ရာကနေပြီးတော့ ခုခံအားကျဆင်းမှု ရောဂါလက္ခဏာစုလို့ခေါ်တဲ့ AIDS ကို ဖြစ်စေပါတယ်။ HIV ပိုးကို သွေးစစ်ကြည့်လို့ ရပါတယ်။

          လိင်ဆက်ဆံမှုရှိတယ်ဆိုရင် အနည်းဆုံး တစ်ကြိမ်တော့ စစ်ဆေးကြည့်သင့်ပါတယ်။ အိမ်ထောင်ဖက်ကိုလည်း စစ်ကြည့်ဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုယ်ဝန်စရှိတဲ့အစောပိုင်းမှာ စစ်ရပါတယ်။ ဘယ်လောက်တစ်ခါ စစ်သင့်တယ်ဆိုတာကတော့ ကိုယ့်မှာ ဖြစ်နိုင်ချေရှိတဲ့အချက်တွေပေါ် မူတည်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ အပြုအမူတွေရှိရင် အနည်းဆုံး တစ်နှစ်တစ်ကြိမ် စစ်ရပါမယ်။

 

၄။     ရင်သားစစ်ဆေးခြင်း

          ဆရာဝန်က သေချာစစ်ပေးရင် ရင်သားကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေကို စောစောသိနိုင်ပါတယ်။ အသက် ၂၀ နဲ့ ၃၀ အရွယ်ရောက်လာတဲ့ အမျိုးသမီးတွေအနေနဲ့ ဆရာဝန်ဆီမှာ ၃ နှစ်တစ်ကြိမ်နဲ့ မိမိဘာသာ တစ်လတစ်ကြိမ် စစ်ကြည့်သင့်ပါတယ်။ အသက် ၄၀ အရွယ်ဝင်လာတဲ့ အမျိုးသမီးတွေကတော့ တစ်နှစ်တစ်ကြိမ် စစ်ကြည့်ဖို့လိုပါတယ်။

 

၅။     ရင်သားဓာတ်မှန်

          ဒါကတော့ ရင်သားမှာ အကြိတ် ရှိ၊ မရှိ ဓာတ်မှန်ရိုက်ကြည့်သင့်ပါတယ်။ ဒါက ရင်သားကင်ဆာကို စောစောသိနိုင်ဖို့အတွက် အရေးပါ,ပါတယ်။ အသက် ၄၀ ကျော်လာရင် mammogram ၁-၂ နှစ်တစ်ကြိမ် ရိုက်သင့်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့အချက်အပေါ် မူတည်ပြီးတော့ ဒီထက်စောစောနဲ့ မကြာခဏစစ်သင့်ပါတယ်။

          ရင်သားနှစ်ဖက်လုံး ဖြတ်ထုတ်ထားရင်တော့ ရိုက်ဖို့မလိုပါဘူး။ ဘယ်အရွယ်မှာ ရိုက်ဖို့ မလိုတော့ဘူးလဲ ဆိုတာကတော့ ဆရာဝန်က ပြောပါလိမ့်မယ်။

 

၆။     ဆီးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း

          သွေးတွင်းသကြားဓာတ် စစ်ကြည့်ရင် ဆီးချိုကို စောစီးစွာ သိနိုင်ပါတယ်။ လက်ထိပ်ကနေပြီးတော့ သွေးဖောက်စစ်တာ ဖြစ်ပြီးတော့ မခက်ပါဘူး။ ပိုပြီးမှန်တဲ့အဖြေရဖို့အတွက် ညဘက်မှာ အနည်းဆုံး အစာနဲ့ ၈ နာရီလောက် ခွာပြီးတော့ မနက်စောစော သွေးဖောက်စစ်လို့ ရပါတယ်။

          လေ့လာမှုတွေအရ အသက်ကြီးလာရင် သွေးတွင်းသကြားဓာတ် တက်လာလို့ အသက် ၄၅ ဝန်းကျင်မှာ စစ်သင့်ပါတယ်။ ကိုယ့်ရဲ့မိသားစုမှာ ဆီးချိုရှိရင်၊ သွေးတိုး၊ သွေးတွင်းကိုလက်စရော များခြင်း၊ သွေးကြောရောဂါရှိခြင်း၊ အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်းစတဲ့ ဖြစ်နိုင်ချေများတဲ့အချက်တွေရှိရင် စောစောစစ်သင့်ပါတယ်။

 

၇။     အူမကြီးကင်ဆာ စစ်ဆေးခြင်း

          အူမကြီးကင်ဆာ စစ်တဲ့နည်းလမ်းတွေ အများကြီးထဲမှာ အကောင်းဆုံးကတော့ အူမကြီးမှန်ပြောင်း ကြည့်တာပါ။

          အသက် ၅၀ အရွယ်မှာ စပြီးတော့စစ်ဖို့ အကြံပေးပေမယ့်လည်း ကိုယ့်ရဲ့အခြေအနေပေါ် မူတည်ပါတယ်။ မိသားစုထဲမှာ အူမကြီးကင်ဆာ ရှိတာလိုမျိုး ဖြစ်နိုင်ချေရှိတဲ့အချက်တွေရှိရင် အသက်ငယ်ငယ်နဲ့ စစ်ဖို့လိုပါတယ်။

 

၈။     အရိုးသိပ်သည်းဆစစ်ဆေးခြင်း

          အရိုးထဲက ကယ်ဆီယမ်နဲ့ အခြားသတ္တုဓာတ်တွေရဲ့ပမာဏကို DEXA scan နဲ့ စစ်ဆေးလို့ရပါတယ်။ ဒါစစ်ထားရင် အရိုးပွရောဂါကို စောစောသိနိုင်ပါတယ်။

          အသက် ၆၅ နှစ်မှာ စစစ်သင့်ပြီးတော့ အရိုးကျိုးရင်တော့ ဒီထက်စောစော စစ်သင့်ပါတယ်။ တခြားဟာတွေလိုပဲ ဒါကလည်း ကိုယ့်ရဲ့ဖြစ်နို်င်ချေရှိတဲ့အချက်တွေပေါ် မူတည်ပါတယ်။ စံအားဖြင့်တော့ ၂ နှစ်တစ်ကြိမ် စစ်သင့်ပါတယ်။

          တစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပြီးတော့ ဒါတွေအပြင် ထပ်စစ်ဖို့ လိုတာတွေလည်း ရှိနိုင်ပါတယ်။ ဒီတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ လိုအပ်တာတွေကို စစ်ဆေးဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)