/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အမြင်အာရုံကို-မပေါ့ဆစေလို

အမြင်အာရုံကို မပေါ့ဆစေလို

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မပေါ့ဆသင့်တဲ့ အမြင်အာရုံ လက္ခဏာများကတော့ -

1.      ရုတ်တရက် အမြင်ဝေဝါးခြင်း

          ရုတ်တရက်ကြီး အမြင်အာရုံ ချို့ယွင်းသွားခြင်းဟာ မျက်လုံး ဒါမှမဟုတ် ဦးနှောက်ကို သွေးပို့ရာမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေပြီဖြစ်ကြောင်း ပြသနေပါတယ်။ ဆေးရုံ၊ ဆေးခန်း ချက်ချင်းပြသ ကုသခြင်းဖြင့် ရောဂါကြီးကြီးမားမား မဖြစ်အောင် ကာကွယ်နိုင်သလို အသက်အန္တရာယ်ကိုတောင် ကာကွယ်နိုင်ပါသေးတယ်။ ဒီလို အမြင်အာရုံ ရုတ်တရက် ချို့ယွင်းခြင်းဟာ လေဖြတ်ခြင်း ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ရဲ့ အစလက္ခဏာ ဖြစ်တတ်တဲ့အတွက် အမြင်အာရုံ ပြန်လည်ကောင်းမွန်လာရင်တောင် မပေါ့မဆဘဲ စမ်းသပ်ကုသသင့်ပါတယ်။

 

2.      အပြင်ဘက်ကို မျက်လုံးဖောင်းထွက်လာခြင်း

          Graves’s disease လို့ ခေါ်တဲ့ လည်ပင်းကြီးရောဂါတစ်မျိုးမှာ သိုင်းရွိုက်ဟော်မုန်းတွေ အများကြီး ထွက်လာတတ်တဲ့အတွက် ဒီလို မျက်လုံးပြူးလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ လက်တုန်ခြင်း စတဲ့ လက္ခဏာရပ်တွေနဲ့လည်း လာတတ်ပါတယ်။ ဆေးသောက်ခြင်း၊ ခွဲစိတ်ခြင်းဖြင့် သိုင်းရွိုက်ဟော်မုန်းပမာဏကို လျော့ကျစေနိုင်ပါတယ်။

 

3.      အမြင် မှုန်ဝါးလာခြင်း

          ဒီလို အမြင်မှုန်ဝါးလာခြင်းဟာ သွေးတွင်းအချိုဓာတ်တွေ တက်စေနိုင်တဲ့ ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဆီးချိုကို သေချာမထိန်းနိုင်တဲ့အခါ မျက်လုံးတွင်းရှိ သွေးကြောမျှင်လေးတွေ ပေါက်ထွက်ပြီး သွေးတွေနဲ့ အရည်တွေ စိမ့်ထွက်လာတတ်တဲ့ ဆီးချိုမြင်လွှာရောဂါ ဖြစ်လာနိုင်ပါတယ်။ မျက်လုံးအမြင် ဝါးလာပြီး ညဘက်တွေမှာ မမြင်တော့တာမျိုး ဖြစ်လာတတ်ပါတယ်။ လေဆာနဲ့ စိမ့်ထွက်နေတဲ့ သွေးကြောကို ဖာထေးပြီး သွေးကြောအသစ်တွေ ဖြစ်ပေါ်နေတာကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒီလို လေဆာပစ်ခြင်းက ဘေးဘက်အမြင်ကို ထိခိုက်စေတတ်ပေမယ့် အလယ်တည့်တည့် အမြင်ကိုတော့ ကာကွယ်ပေးနိုင်ပါတယ်။

 

4.      မျက်ကြည်လွှာတစ်ဝိုက် ကွင်းပေါ်လာခြင်း

          မျက်ကြည်လွှာတစ်ဝိုက်မှာ ပတ်ပြီး နို့နှစ်ရောင်အဆီတွေ ပုံလာခြင်းကြောင့် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ မျက်ကြည်လွှာကို တစ်ပတ်ပတ်ပြီး ကွင်းအပြည့် ဖြစ်တတ်ပါတယ်။ အသက်ကြီးသူတွေမှာ ဖြစ်တာဟာ စိတ်ပူပန်စရာ မရှိပေမယ့် အသက် 40 အောက်မှာ ပေါ်လာခြင်းဟာ သွေးတွင်း ကိုလက်စထရောဓာတ် များနေပြီဆိုတာကို ပြနေပါတယ်။

 

5.      မျက်ခွံကျခြင်း

          Myasthenia gravis လို့ခေါ်တဲ့ ကြွက်သား အားယုတ်ရောဂါတစ်မျိုးမှာ ကိုယ့် ကိုယ်ခံအားစနစ်က ကိုယ့်ကြွက်သားတွေကို ပြန်တိုက်ခိုက်ပြီး ကြွက်သား အားလျော့တတ်ပါတယ်။ အထူးသဖြင့် မျက်လုံး၊ မျက်နှာနဲ့ လည်ပင်း ကြွက်သားတွေကို ထိခိုက်တတ်ပြီး အစာ ဝါးရတာ၊ မျိုရတာ၊ စကားပြောရတာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ သက်သာစေဖို့အတွက် သွေးလဲလို့ ရပေမယ့် ရေရှည်အတွက် အဆင်မပြေတတ်ပါဘူး။ ဆေးဝါးတွေနဲ့လည်း ကုသလို့ ရပါသေးတယ်။ ဒါပေမဲ့ တချို့လူတွေမှာ သိုင်းမတ်အကြိတ်ကို ခွဲစိတ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။

 

6.      မျက်လုံး ဝါခြင်း

          အသားတွေ၊ မျက်လုံးတွေ ဝါနေပြီဆိုရင် အသည်းပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်။ အသည်း ရောင်နေတဲ့အခါ၊ ပျက်စီးသွားတဲ့အခါမျိုးမှာ ဘီလီရူဘင်လို့ခေါ်တဲ့ ဓာတ်တစ်မျိုး များလာတဲ့အတွက် ဝါတတ်ပါတယ်။ အစားအစာ မဆင်ခြင်ခြင်း၊ ကင်ဆာရောဂါ၊ ပိုးဝင်ခြင်းနဲ့ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းတွေကြောင့် အသည်း ပျက်စီးတတ်ပါတယ်။ ကုသမှုတွေကတော့ နေထိုင်မှုပုံစံ ပြောင်းလဲတာ၊ ဆေးဝါးတွေနဲ့ ကုသတာကစလို့ အသည်းအစားထိုး လဲလှယ်ကုသမှုအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။

 

7.      မျက်ခမ်းလှုပ်ခြင်း

          မျက်ခမ်းလှုပ်ခြင်းဟာ သူသူကိုယ်ကိုယ် ဖြစ်တတ်ပြီး သူ့အလိုလို ပျောက်သွားတတ်တဲ့အတွက် အန္တရာယ်မရှိတာ များပါတယ်။ အရက်၊ ပင်ပန်းနွမ်းနယ်မှု၊ ကော်ဖီတွေနဲ့ ဆေးလိပ်တွေကြောင့် ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး နာတာရှည် အာရုံကြောဖွဲ့ ရောဂါ (multiple sclerosis) လိုမျိုး အာရုံကြောရောဂါတွေနဲ့လည်း ပတ်သက်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအာရုံကြောရောဂါတွေကြောင့် ဖြစ်တာမျိုးမှာ လမ်းလျှောက်ရ ခက်ခဲတာ၊ စကားပြော ခက်ခဲတာ စတဲ့ အခြားလက္ခဏာတွေနဲ့ တွဲဖက်လာတတ်ပါတယ်။

 

8.      ညဘက် အမြင်ချို့ယွင်းခြင်း

          အလင်းရောင် လျော့နည်းချိန်မှာ အမြင်အာရုံ အားနည်းလာရင်တော့ မျက်မှန် လိုအပ်နေတာ၊ အတွင်းတိမ်ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဟာ အသက်ကြီးသူတွေမှာသာ ဖြစ်တတ်တာ ဖြစ်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်မှာ ညဘက်အမြင် ချို့ယွင်းတာ သိပ်မဖြစ်တတ်ပါဘူး။ ဖြစ်လာခဲ့ရင်တော့ ဗီတာမင် A ဓာတ် လျော့နည်းနေလို့ ဖြစ်နိုင်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ အတွေ့များပြီး ဗီတာမင် A အားဆေးတွေ ဗီတာမင် A ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကန်စွန်းဥ၊ အမဲအသည်း၊ ဟင်းနုနွယ်ရွက်၊ မုန်လာဥနဲ့ ရွှေဖရုံသီး စတာတွေပဲ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)