/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အမြင်အာရုံတွေ-မဝေဝါးစေဖို့

အမြင်အာရုံတွေ မဝေဝါးစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဒီဆောင်းပါးမှာ အမြင်အာရုံ ဝေဝါးလာစေတဲ့ အဖြစ်အများဆုံး အကြောင်းရင်း (၅) ချက်နဲ့ ဒါတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ဖော်ပြပေးသွားမှာပါ။

          ရောဂါတစ်ခုခုဖြစ်တိုင်းမှာ အသက်ကြီးလာတာကြောင့်လို့ အလွယ်တကူ အပြစ်လွှဲချတတ်ကြပေမယ့် အခါခပ်သိမ်းတော့ အသက်ကြောင့်မဟုတ်ဘဲ အခြားဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီအကြောင်းရင်း အများစုဟာ ကြိုတင်ကာကွယ်နိုင်တာ များပါတယ်။

 

၁။     ကွန်ပျူတာမျက်နှာပြင် အကြည့်များခြင်း

          တစ်နေကုန် ကွန်ပျူတာ ကြည့်နေရသူတွေမှာ မျက်လုံး ဝေဝါးလာတာ၊ မျက်လုံးညောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာ ကြည့်နေစဉ်မှာ မျက်တောင် ခတ်သင့်သလောက် မခတ်မိတတ်တဲ့အတွက် မျက်လုံးခြောက်ပြီး ညောင်းလာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာတွေ ဖုန်းတွေ ကြည့်နေစဉ်မှာ မျက်တောင် ပုံမှန်ခတ်ပေးခြင်းက အမြင်ဝေဝါးခြင်းကို ၇၀% သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

          ကွန်ပျူတာ၊ ဖုန်းမျက်နှာပြင်တွေကို ပိတ်လိုက်တာနဲ့ ဒီလက္ခဏာတွေလည်း ပျောက်သွားတတ်ပေမယ့် ဒီလို မျက်လုံးညောင်းတာမျိုးတွေ မဖြစ်ရလေအောင် ၂၀/၂၀/၂၀ စည်းမျဉ်းကို လိုက်နာဆောင်ရွက်သင့်ပါတယ်။ မိနစ် ၂၀ တိုင်းမှာ ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ခန့် ကြည့်ပေးပါ။ ပြီးတော့ မျက်တောင် မကြာခဏခတ်ပေးဖို့လည်း မမေ့ပါနဲ့။

 

၂။     မျက်ကပ်မှန်

          မျက်ကပ်မှန်တွေဟာ မျက်မှန်အစား တပ်ရတာ အဆင်ပြေပေမယ့် အကြာကြီး တပ်ထားခြင်းက အမြင်အာရုံပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ကြာကြာတပ်လေလေ အမှုန်အမှိုက်၊ အချွဲတွေနဲ့ ပရိုတင်းတွေ စုပုံလာပြီး ကိုက်ခဲဝေဝါးလာနိုင်ပါတယ်။

          မျက်ကပ်မှန်ကို အမြဲတမ်း ဆေးရည်နဲ့ ဆေးဆေးပေးပြီး ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လဲလဲပေးပါ။

 

၃။     မျက်ကြည်လွှာ ခြစ်မိခြင်း

          မျက်ကြည်လွှာကို ခြစ်မိတဲ့အခါ နာကျင်တာ၊ ဝေဝါးတာ၊ နီရဲလာတာ၊ မျက်လုံးထဲ တစ်ခုခုဝင်နေသလို ခိုးလို့ခုလုဖြစ်တာတွေ ဖြစ်လာတတ်ပါတယ်။ မျက်ကြည်လွှာ ပေါက်ပြဲနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

၄။     ဆေးဝါးများ

          Antihistamine ဆေးတွေ၊ သွေးတိုးကျဆေးတွေ၊ စိတ်ကျရောဂါပျောက်ဆေးတွေဟာ မျက်လုံးခြောက်တာ၊ ခိုးလို့ခုလုဖြစ်တာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ ဟော်မုန်းဆေးတွေ၊ အဆစ်အမြစ်လေးဘက်နာနဲ့ ဆီးချိုဆေးတွေကလည်း အမြင်အာရုံအပြောင်းအလဲတွေ ဖြစ်လာစေနိုင်ပါတယ်။

          ဆေးကိုရပ်ပစ်လိုက်ဖို့တေ့ာ မလိုပါဘူး။ ဒါပေမဲ့ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။

 

၅။     ရေတိမ်

          ရေတိမ်ဟာ အသက်ကြီးသူတွေမှာ အဖြစ်များပေမယ့် အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ မျက်လုံးထဲမှာ အရည်တွေ စုပုံလာတာကြောင့် မျက်လုံးအာရုံကြော ပျက်စီးသွားနိုင်ပါတယ်။ ရေတိမ်ဟာ ဘာရောဂါလက္ခဏာမှ ကြိုတင်မပြဘဲ ရုတ်တရက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးစမ်းသပ်မှုကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ စောစောသိ စောစောကုနိုင်ရင် ပြန်ကောင်းသွားနိုင်ပေမယ့် နောက်ကျမှသိခဲ့ရင်တော့ ကုသမရနိုင်တော့ပါဘူး။

Dr. Mya Phoo Ngon (www.drmyanmar.com)