အမှန်အကန် ကျန်းမာချင်လား ... ဒါတွေ လိုက်နာပါ
အမှန်အကန် စစ်မှန်စွာ နေကောင်းကျန်းမာခြင်းကို လူတိုင်း တောင့်တကြပါတယ်။ တောင့်တသလောက်လည်း အရေးပါတဲ့အချက်လေးတွေကို လျစ်လျူရှုတတ်ကြလို့ ဗဟုသုတအနေနဲ့ ဖတ်ကြည့်နော်။
● အရက်လေး တစ်ခွက်လောက် မမော့ရရင် မနေနိုင်သူ၊ ဘီယာလေးမှ တစ်ကျိုက်လောက် မချရရင် အဆင်မပြေသူတွေ တစ်ပတ်ကို တစ်ခါလောက်ပဲ သောက်ကြည့်ဖို့ ကြိုးစားကြည့်ပါလား။
● အပြင်စာတွေဝယ်စားရင်း မိမိကိုယ်မိမိ သိပ်အလိုလိုက်မိနေသလား။ အလိုလိုက်တာတွေကို ခဏရပ်ပြီး အိမ်ထမင်းအိမ်ဟင်းလေးတွေ ချက်စားတာ၊ အာဟာရပြည့် ဖျော်ရည်လေးတွေ လုပ်သောက်တာတွေ လုပ်ကြည့်ပါလား။
● ကော်ဖီ၊ လက်ဖက်ရည် လုံးဝဖြတ်ချင်ပေမယ့် မသောက်ရ မနေနိုင်လို့ စိတ်ညစ်နေပြီလား။ ကိုယ့်ကိုယ်ကို အလိုလိုက်ပြီး တစ်ရက်နှစ်ခွက်လောက်က သိပ်တော့ပြဿနာမရှိနိုင်ပါဘူး။ သကြားနည်းနည်းနဲ့ ခါးခါးလေး ဖျော်ကြတာပေါ့။
● ဝိတ်လျှော့ချင်ဇော အားကြီးပြီး အစားတွေ ရှောင်စားချင်ရာ မစားရရင်လည်း ဘဝကြီးက သိပ်နေလို့ မသာယာပြန်ပါဘူး။ မထိန်းနိုင်၊ မသိမ်းနိုင် အလွန်အကျွံပြန်မစားမိဖို့ အာဟာရ ပြည့်ပြည့်ဝဝ မလျှော့လွန်း မတင်းလွန်း စားကြည့်တာကလည်း ကောင်းတဲ့အခြေအနေလို့ ဆိုရမှာပါ။
● ပွဲတက်တာ၊ ခရီးထွက်တာ၊ တွေ့ဆုံပွဲတွေကို လက်မလွတ်တာက ဘဝကို ပိုမိုပျော်ရွှင်စေပြီး နေလို့ကောင်းစေပါတယ်။ မိတ်ဆွေသစ်တွေ ဖွဲ့ပါ။ မိတ်ဆွေဟောင်းကို မပြတ်တွေ့ဆုံပါ၊ တစ်ခါတလေ မိတ်ဆွေအသစ်တွေကပဲ ကိုယ့်ဘဝတစ်လျှောက်လုံး ပေါင်းသင်းရမယ့်လူတွေ ဖြစ်နေတတ်ပါတယ်။ လူမှုရေးတွေ တတ်နိုင်သလောက် လုပ်ပါ။ ပွဲတက်ပါ။
● ဘဝကို အကောင်းဆုံး အနေအထားမှာ နေထိုင်ပါ။ အကောင်းဆုံး အနေအထားဆိုတာ ငွေတွေရှိတာ၊ ဇိမ်ခံပစ္စည်း ပေါများတာလို့ မဆိုလိုပါဘူး။ အပေါင်းလက္ခဏာဆောင်တဲ့ အတွေးအခေါ်တွေ ရှိဖို့ကို ပြောတာပါ။
● ပျော်ရွှင်တဲ့ တက်ကြွကျန်းမာတဲ့ဘဝဆိုတာ စနစ်ကျသပ်ရပ်လှပတဲ့ ကျန်းမာရေးဘ၀ အခြေအနေတခုကို မိမိဘာသာ စိတ်ရှည်ရှည် နေ့စဉ်တည်ဆောက်တာ ဖြစ်ပါတယ်။ မိမိရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကသာ မိိမိအတွက် အလုပ်အဖြစ်ဆုံး ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)






























