/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရက်ကြောင့်-အာရုံကြော-ထိခိုက်ခြင်း

အရက်ကြောင့် အာရုံကြော ထိခိုက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အရက်က အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ အစွန်အဖျားရှိ အာရုံကြောတွေဟာ ခန္ဓာကိုယ်၊ ကျောရိုးဆစ် အာရုံကြောနဲ့ ဦးနှောက်တို့ကို ဆက်သွယ်ပေးထားပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံ သောက်သုံးသူတွေမှာ ခြေတွေ၊ လက်တွေမှာရှိတဲ့ အာရုံကြောတွေ ပျက်စီးသွားပြီး ထုံကျင်ပြီး နာလာတတ််ပါတယ်။

          အာရုံကြောတွေရဲ့ လုပ်ဆောင်ချက်တွေကို ဗီတာမင် B1၊ ဗီတာမင် B3၊ Folic acid၊ ဗီတာမင် B6၊ ဗီတာမင် B12 နဲ့ ဗီတာမင် E တို့က ထောက်ပံ့ပေးပါတယ်။ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းက ဒီဓာတ်တွေကို လျော့နည်းစေပြီး အာရုံကြော ထိခိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကံကောင်းတဲ့အချက်ကတော့ အရက်ကို ဖြတ်လိုက်တဲ့အခါ ဒီဓာတ်တွေ ပြန်လည်ပြည့်ဝလာပြီး အာရုံကြောတွေ နောက်ထပ် မပျက်စီးရအောင် ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ပျက်စီးပြီးသား အာရုံကြောအချို့ကတော့ ပြန်မကောင်းနိုင်တော့ပါဘူး။

 

♦       အရက်ကြောင့် အာရုံကြောထိခိုက်ခြင်း လက္ခဏာရပ်များ

          အရက်ကြောင့် အာရုံကြော ထိခိုက်တဲ့အခါ လှုပ်ရှားမှုကိုရော ခံစားမှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုထိခိုက်ရာမှာ ကသိကအောင့်ဖြစ်ရုံကနေ ဒုက္ခိတဘဝရောက်တဲ့အထိကို ဒုက္ခပေးနိုင်ပါတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဘဝရဲ့အရည်အသွေးကို ကျစေနိုင်ပါတယ်။

          ဒီလိုထိခိုက်စေနိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကတော့ -

>>    ခြေထောက်နဲ့ လက်

●        ထုံကျဉ်ခြင်း

●        တစ်ဆစ်ဆစ် ထိုးခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း

●        ကြွက်တက်ခြင်း

●        ကြွက်သား အားနည်းခြင်း၊ သိမ်လှီသွားခြင်း

●        ကြွက်သား အလုပ် မလုပ်နိုင်တော့ခြင်း

●        လှုပ်ရှားမှု လျော့နည်းခြင်း

 

>>    ဆီးနဲ့ ဝမ်း

●        ဆီးမထိန်းနိုင်ခြင်း

●        ဝမ်းချုပ်ခြင်း

●        ဝမ်းလျှောခြင်း

●        ဆီးသွားရာတွင် အစခက်ခြင်း

●        ဆီးကျန်သလို ခံစားရခြင်း

 

>>    အခြား

●        လိင်မှုကိစ္စ ခက်ခဲခြင်း

●        လိင်မှုစိတ်ဆန္ဒ ကျဆင်းခြင်း

●        စကားပြောရာတွင် ချို့ယွင်းခြင်း

●        အမျိုရခက်ခြင်း

●        အပူဓာတ် အလွန်အကဲ မခံနိုင်ခြင်း

●        ပျို့အန်ခြင်း

●        ခေါင်းမူးခြင်း

          ဒီလိုလက္ခဏာတွေ ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရောဂါကို စောစောသိပြီး စောစောကုသနိုင်ခြင်းက အမြန်ပျောက်ကင်းစေနိုင်ပါတယ်။

 

>>    ကုသနည်းလမ်းများ

          အဓိက ကုသနိုင်မယ့်နည်းလမ်းကတော့ အရက်ဖြတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အချို့မှာတော့ ပြင်ပလူနာအနေနဲ့ပဲ ဖြတ်နိုင်ပေမယ့် တချို့အတွက် ဆေးရုံတက်ပြီးဖြတ်ဖို့ လိုအပ်နိုင်ပါတယ်။

          အရက်ဖြတ်ပြီးပြီ ဆိုရင်တော့ အာရုံကြောပြဿနာဘက်ကို လှည့်ရပါတော့မယ်။ ရောဂါလက္ခဏာကို ကုသဖို့က အရေးကြီးပါတယ်။ အာရုံကြော ပျက်စီးသွားခြင်းက နေ့စဉ် ပုံမှန်ဘဝ အလုပ်အကိုင်တွေမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဒဏ်ရာအနာတရတွေလည်း ဖြစ်စေနိုင်ပါတယ်။

          ကုသရာမှာ တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှု ရှိနိုင်ပါတယ်။ လိုအပ်တဲ့ ကုသမှုတွေကတော့ -

●        အာရုံကြော အားဆေးများ (Folic Acid၊ ဗီတာမင် B1၊ ဗီတာမင် B3၊ ဗီတာမင် B6၊ ဗီတာမင် B12 နဲ့ ဗီတာမင် E)

●        အကိုက်အခဲ ပျောက်ဆေးများ (စိတ်ကျရောဂါဆေး Tricyclic Antidepressant ၊ အတက်ကျဆေးများ)

●        ဆီးသွားရ လွယ်စေတဲ့ဆေးများ

●        ကြွက်သား သိမ်လှီခြင်းများအတွက် လေ့ကျင့်ခန်းများ

●        ခြေလက်တုန်ရင်မှုကို ထိန်းချုပ်ပေးမယ့် အထိန်းပစ္စည်းများ

●        ဒဏ်ရာအနာတရမဖြစ်အောင် ကာကွယ်ပေးမယ့် ကာကွယ်ရေးကိရိယာများ

●        မူးဝေခြင်းကို သက်သာစေရန် အထူးစီမံထားသော ခြေအိတ်များ

 

>>    အရက်ကြောင့် အာရုံကြော ထိခိုက်ခြင်း

          အာရုံကြော ထိခိုက်ခြင်းမှာ အကောင်းအတိုင်းတော့ ပြန်မဖြစ်နိုင်တော့ပါဘူး။ အရက်ကို မဖြတ်ဘဲ ဆက်သောက်နေရင်တော့ ပိုပိုဆိုးလာနိုင်ပါတယ်။ ကြာလာတဲ့အခါ ဒုက္ခိတဘဝ ရောက်နိုင်ပြီး နာတာရှည် နာကျင်မှုဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ စောစောသိပြီး ကုသလိုက်နိုင်ပါက အာရုံကြော ထိခိုက်မှုကို နည်းပါးစေပြီး အရက်ကို လုံးဝဖြတ်တောက်လိုက်ခြင်းနဲ့ အစားအသောက် ဆင်ခြင်ခြင်းတို့က အာရုံကြောတွေကို အကောင်းအတိုင်းနီးပါး ပြန်ဖြစ်စေနိုင်ပါတယ်။

 

>>    အရက်ကြောင့် အာရုံကြော ထိခိုက်မှုကို ကာကွယ်ရန်

●        အရက် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ပါ။

●        အာရုံကြောလက္ခဏာများ ပေါ်လာတာနဲ့ အရက်ကို ဖြတ်လိုက်ပါ။

●        အရက်ဖြတ်ရာမှာ အခက်အခဲဖြစ်နေပါက ကျွမ်းကျင်သူများကို အကြံဉာဏ်တောင်းပါ။

●        ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။

●        ဗီတာမင် ချို့ယွင်းမှုမဖြစ်အောင် လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးများ သောက်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)