/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရက်နဲ့-လုံးဝ-တွဲမသောက်သင့်တဲ့ဆေးများ

အရက်နဲ့ လုံးဝ တွဲမသောက်သင့်တဲ့ဆေးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဆေးကို အရက်နဲ့ တွဲသောက်လို့ရလားလို့ အရက်ချိုးတွေ မေးလေ့ရှိပါတယ်။ အရက်ဟာ ဆေးရဲ့အာနိသင်မှာ ထိခိုက်မှု ရှိစေနိုင်သလို ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း များစေနိုင်ပါတယ်။ ဒါကြောင့် အနည်းငယ်မျှသာ သောက်တာက ပြဿနာ ဖြစ်လေ့မရှိပေမယ့် တစ်ခါတစ်ရံ လုံးဝရှောင်ရှားရမယ့် အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။

 

>>    ဆေးကို အရက်နဲ့ ရောသောက်တဲ့အခါ

          အမျိုးသမီးတွေရဲ့ အစာအိမ်မှာ အရက်ကို ဖျက်ဆီးပေးတဲ့ အင်ဇိုင်းတစ်မျိုးဟာ အမျိုးသားတွေထက် ပိုနည်းတဲ့အပြင် ပျမ်းမျှ ရေဓာတ်လည်း ပိုနည်းတဲ့အတွက် အမျိုးသားတွေထက် အရက်ဒဏ်ကို ပိုခံစားရတတ်ပါတယ်။

          ဆေးကို အရက်နဲ့ တွဲသောက်တဲ့အခါ အရက်က ဆေးရဲ့စုပ်ယူမှု၊ ခြေဖျက်မှု၊ စွန့်ပစ်မှုတွေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ တချို့ဆေးတွေရဲ့ ခြေဖျက်မှုကို နှေးကွေးစေပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို ပိုများစေနိုင်သလို အခြား အိပ်ငိုက်တာ၊ ပျို့အန်တာစတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

 

>>    အရက်နဲ့ တွဲမသောက်သင့်တဲ့ ဆေးဝါးတွေကတော့ -

 

1.      ဘိန်းပါတဲ့ အကိုက်အခဲ ပျောက်ဆေးများ

          Hydrocodone/ Acetaminophan, Oxycodone, Hydromorphone စတဲ့ ဘိန်းပါတဲ့ အကိုက်အခဲပျောက်ဆေး အမျိုးအစားတွေကို အရက်နဲ့ တွဲသောက်မိတဲ့အခါ အိပ်ချင် ငိုက်မြည်းခြင်းအပြင် အသက်ရှူနှေးခြင်းပါ ဖြစ်လာတတ်တာကြောင့် ရှောင်ပေးသင့်ပါတယ်။

 

2.      အိပ်ဆေး

          Ativan, Xanax, Valium, Klonopin စတဲ့ အိပ်ဆေးတွေကို အရက်နဲ့သာ ရောသောက်မိပါက အရက်က အိပ်ဆေးရဲ့အစွမ်းကို အရှိန်မြှင့်တင်ပေးတာကြောင့်  အရေးပေါ်ကိုသာ မျက်စောင်း ထိုးထားလိုက်ပါတော့။

 

3.      စိတ်ကျရောဂါပျောက်ဆေး

          Paxil, Lexapro, Celexa စတဲ စိတ်ကျရောဂါ ပျောက်ဆေးတွေဟာလည်း အရက်နဲ့ တွဲဖက်မသောက်သင့်တဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။

 

4.      စိတ်ရောဂါဆေးများ

          Zyprexa, Risperdal, Clozapine စတဲ့ ဆေးတွေကိုလည်း အရက်နဲ့ တွဲမသောက်သင့်ပါဘူး။

 

5.      အမျိုးသား ကာမအားတိုးဆေး

          Cialis, Viagra, Levitra စတဲ့ ဆေးတွေဟာ သွေးကြောတွေကို ကျယ်စေတဲ့အတွက် သွေးပေါင်ကျတတ်ပါတယ်။ အရက်နဲ့ တွဲသောက်တဲ့အခါ သွေးပေါင် အလွန်အမင်းကျပြီး မူးဝေခြင်း၊ မျက်နှာရဲခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

 

6.      အကိုက်အခဲ ပျောက်ဆေးများ

          Motrin, Aleve, Celebrex ဆေးတွေကို အရက်နဲ့ တွဲသောက်ခြင်းဖြင့် အထူးသဖြင့် အသက် 55 နှစ်နဲ့အထက် လူကြီးတွေမှာ အစာအိမ်သွေးကြောပေါက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

7.      Metronidazole ပိုးသတ်ဆေး

          ဒီဆေးကို အရက်နဲ့ တွဲသောက်ပါက ဆိုးဆိုးရွားရွား ပျို့ခြင်း၊ အန်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

 

8.      သွေးပေါင်ကျဆေး

          Nitroglycerin နဲ့ Isordil စတဲ့ သွေးပေါင်ကျဆေးတွေဟာ သွေးကြောတွေကို ကျယ်စေနိုင်တဲ့အစွမ်း ရှိတဲ့အတွက် အရက်နဲ့ တွဲသောက်တဲ့အခါ အလွန်အမင်း သွေးပေါင်ကျစေနိုင်ပါတယ်။

 

9.      ဆီးချိုကျဆေးများ

          Insulin, Glyburide, Glipizide စတဲ့ ဆေးတွေဟာ အသည်းကနေ အချိုဓာတ်ထုတ်ခြင်းကို ဟန့်တားတဲ့အတွက် သွေးတွင်းအချိုဓာတ် ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းအချိုဓာတ် အလွန်အမင်း မကျဆင်းအောင် အရက်ကို ရှောင်သောက်ပါ။

 

10.    သွေးကျဲဆေး

          အရက်နဲ့ တွဲသောက်တဲ့အခါ Warfarin သွေးကျဲဆေးရဲ့အာနိသင်ဟာ ခန့်မှန်းရခက်ပါတယ်။ ဒါကြောင့် အရက်သောက်သူတွေမှာ သွေးကျဲနှုန်းကို တောက်လျောက် ပုံမှန်စစ်ဆေးရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)