အရက်ပြန် မှားသောက်မိရင် ဘာဖြစ်တတ်လဲ
မီသနောလို့ ခေါ်တဲ့ အဆိပ်ဓာတ်ဟာ အရက်ပြန်၊ အိမ်သုတ်ဆေးတွေ၊ ပေါ်လစ်တင်ဆီ၊ ရေမွှေး၊ ကြွေကြေးချွတ်ဆေးတွေမှာ ပါဝင်ပါတယ်။ မီသနောဓာတ်ဟာ ရှူရှိုက်မိတဲ့အခါ၊ မျိုချမိတဲ့အခါ အာရုံကြောနဲ့ အစာချေအဂါၤ၊ ကျောက်ကပ်တွေကို ကောင်းကောင်းပြဿနာ ပေးနိုင်နေပါတယ်။
>> မတော်တဆ မီသနော အဆိပ်သင့်တဲ့အခါ ...
● အန်မယ် ပျိုမယ်။
● ဗိုက်နာမယ်။
● အသက်ရှူရ ခက်မယ်။
● သွားရည်တွေ ကျမယ်။
● ခေါင်း အဆက်မပြတ်ကိုက်မယ်။
● မျက်စိ ဝါးမယ်။
● စိတ်ကစဥ့်ကလျား မတည်မငြိမ် ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။
မီသနောအရည် ပါဝင်တဲ့အရာတွေကို မတော်တဆသောက်မိတဲ့အခါ သွေးပေါင်တွေ ထိုးကျသွားပြီး အသက်ရှူနှုန်း မြန်လာတာကို တွေ့ရမှာပါ။ နှလုံးခုန်နှုန်းတွေ အလွန်မြန်ဆန်လာပြီး မတည်မငြိမ် ဖြစ်လာပါမယ်။
မီသနောအဆိပ်သင့်တာရဲ့ အဓိကအန္တရာယ်ကတော့ ခန္ဓာကိုယ်ထဲ အက်ဆစ်ဓာတ် များလာတာပါ။ အက်ဆစ်ဓာတ်တွေ အလွန်အကျွံ မြင့်တက်လာပြီး အသက်ရှူနှုန်းတွေ အလွန်မြန်လာပါတယ်။ အသက်ရှူရ စတင်ခက်ခဲလာပြီး အမောဖောက်လာမှာ ဖြစ်ပါတယ်။
မီသနောအဆိပ်ဓာတ်ဟာ ရေမွှေးတွေမှာလည်း ပါဝင်ပြီး မတော်တဆ သောက်မိတဲ့ကလေးတွေမှာ ရုတ်တရက် တက်ပြီး ဆေးရုံရောက်လာလေ့ ရှိပါတယ်။ အသက်ငယ်ငယ် ကလေးလေးတွေဟာ ရေမွှေး တစ်ပုလင်းလုံး မော့ချပြီး အပြင်းအထန် အန်၊ အသက်ရှူ ခက်ခဲကာ ဆေးရုံရောက်လာတဲ့အဖြစ်တွေ ရှိပါတယ်။ အောက်ဆီဂျင်ပေးခြင်း ဆလိုင်းပုလင်း အများကြီးချိတ်ခြင်း၊ နောက်ဆုံး လိုအပ်သလို ကျောက်ကပ် ဆေးတာတွေနဲ့ ကုသရပါတယ်။
>> မီသနော အဆိပ်သင့်တဲ့ လူနာတွေဟာ -
● မျက်တွင်းတွေ ချောင်ကျလာတယ်။
● အသားအရေတွေ ဖျော့တော့လာတယ်။
● ထိုင်းမှိုင်း လေးလံလာမယ်။
● အသက်ရှူကြပ်လာကာ နောက်ဆုံး သေဆုံးသည်ထိ အခြေအနေ ဆိုးလာနိုင်ပါတယ်။
>> မီသနော အဆိပ်မသင့်ရအောင် ဒါလေးတွေ ဖတ်ထားနော်။
● အရက်ပြန်ပုလင်းတွေ၊ ရေမွှေးတွေကို ကလေးတွေနဲ့ ဝေးဝေးထားပါ။
● ကလေးတွေကို အိမ်သုတ်ဆေးတွေနဲ့ မဆော့ပါစေနဲ့။
● ဘားတွေမှာ ကိုယ်မသိတဲ့သူ တိုက်တဲ့အရက်ကို လက်မခံပါနဲ့။
● ကော့တေးတွေ၊ ဈေးပေါတဲ့ဘီယာတွေမှာ မီသနော ပါနေတတ်ပါတယ်။
● ကြွေကြေးချွတ်ဆေးတွေ၊ အိမ်သာသန့်ဆေးတွေ သုံးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ပြောင်အောင်ဆေးပါ။
မီသနော အဆိပ်သင့်တာက သေဆုံးနိုင်ခြေ များပါတယ်။ အဓိက,က ကျောက်ကပ် လုံးဝပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် မီသနောအဆိပ်ဓာတ် ပါဝင်တဲ့အရာတွေကို အန္တရာယ်ကင်းကင်း အသုံးပြုခြင်း၊ တွေ့ကရာ မော့ချတတ်သော ကလေးတွေနဲ့ ဝေးဝေးထားခြင်း၊ သောက်စရာ အချိုရည်ပုလင်းတွေနဲ့ မထားသိုခြင်းဖြင့် အလွယ်တကူ မှားသောက်မိတာတွေကို ကာကွယ်နိုင်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























