/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရက်ဖြတ်ဖို့-နည်းလမ်းကောင်း

အရက်ဖြတ်ဖို့ နည်းလမ်းကောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အခုခေတ်မှာ အရက်ကို လူမှုဆက်ဆံရေးအရရော၊ စိတ်ဖြေလျော့ရာ၊ ပျော်စရာအဖြစ်ရော သောက်သုံးလာကြတယ်။ ဒီဆွဲငင်အားကို ကျော်လွှားဖို့ရာ ခက်ခဲတတ်ပေမယ့် ခဏတဖြုတ်လောက် အရက်ဖြတ်တာက ကျန်းမာရေးကိုလည်း အထောက်အကူပြုတဲ့အပြင် ထင်သလောက်လည်း မခဲယဉ်းပါဘူးနော်။

          ခဏတစ်ဖြုတ်လောက် အရက်ဖြတ်ဖို့ စဉ်းစားနေလား? ဘယ်လိုအကြောင်းရင်းကြောင့်ပဲဖြတ်ဖြတ် ဒီနည်းလမ်းလေးတွေက တစ်ပတ်ဖြစ်စေ၊ တစ်လဖြစ်စေ၊ နောက်ဆုံး တစ်သက်လုံးဖြစ်စေ အရက်ပြတ်သွားဖို့ကို အထောက်အကူဖြစ်မှာပါနော်။

 

>>    အရက် အများကြီးသောက်တာက ဘာလို့မကောင်းတာလဲ သိလား?

          တော်ရုံသင့်ရုံလောက် သောက်တာက ဘာမှမဖြစ်ပေမယ့် ညတိုင်းလိုလို သောက်နေမိတယ် ဆိုရင်တော့ ကျန်းမာရေးကိုထိခိုက်လာနိုင်စေသလို ကိုယ်အလေးချိန်ကျဖို့ စသဖြင့် ရည်မှန်းချက်တွေကိုလည်း ပျက်ပြားစေနို်င်တယ်နော်။ နောက်ပြီးတော့ အရက် အများကြီးသောက်တာက အအိပ်၊ စိတ်ခံစားချက်၊ အသားအရည်၊ ဟော်မုန်းတွေနဲ့ အစာချေစနစ်ကိုပါ ထိခိုက်လာနိုင်တယ်။

 

●      အိပ်ခြင်း

          လူအများစုဟာ ညမအိပ်ခင် ဝိုင်လေးတစ်ခွက်လောက် သောက်တာက ပိုအိပ်ကောင်းစေတယ်လို့ ထင်တတ်ကြပေမယ့် မဟုတ်ပါဘူးနော်။ တကယ်တော့ ကောင်းကျိုးထက် ဆိုးကျိုးကိုပိုပေးတယ်ဆိုတာ သိထားသင့်တယ်။ လေ့လာမှုတွေအရဆိုရင် အိပ်ချိန်ပထမပိုင်းဖြစ်တဲ့ ဦးနှောက်လှိုင်းတွေငြိမ်ကျသွားချိန်၊ နှလုံးခုန်သံတွေ၊ အသက်ရှူသံတွေ နှေးသွားချိန်၊ အိပ်မက်မမက်တဲ့ Non-rapid eye movement (NREM) အချိန်မှာတော့ ကောင်းကောင်း အိပ်ပျော်စေပေမယ့် အိပ်ချိန် ဒုတိယပိုင်းကိုတော့ အနှောင့်အယှက် ဖြစ်စေနိုင်လို့ နောက်နေ့မှာ နုံးနေစေတတ်တယ်။

 

       စိတ်ခံစားချက်

          လူအများစုဟာ သောက်နေတဲ့အချိန်မှာ စိတ်ပြေလျော့ခြင်းကနေ ကြမ်းတမ်းခက်ထန်ခြင်း၊ ဝမ်းနည်းခြင်းတွေအထိကို ဖြစ်တတ်တယ်။ ရေရှည်မှာဆိုရင်လည်း အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် စိတ်ကျရောဂါနဲ့ တခြားစိတ်ရောဂါတွေကို ဖြစ်စေနိုင်တယ်။

 

       အသားအရေ

          ညဘက်အရက်သောက်ပြီးနောက်နေ့မနက်မှာ အနီစက်တွေ၊ ဝက်ခြံဖုတွေ တွေ့တတ်တယ်မလား။ ဒါ စိတ်က ထင်နေတာ မဟုတ်ဘူးနော်။ ရေဓာတ် ခမ်းခြောက်တာ၊ ခုခံအားကျတာ၊ ဟော်မုန်း အပြောင်းအလဲတွေကြောင့် အရေပြားမှာ ဝက်ခြံတွေပေါက်တာ၊ ရောင်ရမ်းတာ၊ ခြောက်သွေ့တာတွေ ဖြစ်တတ်တယ်။

 

       ဟော်မုန်း

          ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ အဓိကလုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ထားတယ်။ အတော်အသင့် သောက်တာတောင်မှ ဟော်မုန်းကို အပြောင်းအလဲတွေ ဖြစ်စေနိုင်တယ်။ အထူးသဖြင့် အီစထရိုဂျင်များစေပြီး ပရိုဂျက်စထရုန်းဟော်မုန်းကို လျော့နည်းစေတယ်။ နောက်ကြာကြာသောက်ရင် ဖိစီးမှုဟော်မုန်းတွေ အထွက်များတတ်လို့ ညဘက်မှာ စိတ်ဖိစီးမှုနည်းအောင် သောက်တာက မနက်နိုးရင် ပိုပြီးစိတ်ဖိစီးမှု များစေတတ်တယ်ဆိုတာ သိထားဖို့ လိုတယ်နော်။

 

       ဇီဝကမ္မဖြစ်စဉ်

          အရက်က အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ဘတ်တီးရီးယားတွေအပေါ် သက်ရောက်မှုရှိလို့ အက်ဆစ် အထုတ်များလာတာ၊ အစာချေတာ မြန်စေတာမိျုး ဖြစ်တတ်လို့ လူ၊ သောက်တဲ့ အရက်အမျိုးအစား၊ သောက်တဲ့ပမာဏပေါ် မူတည်ပြီး ဝမ်းလျှောတာ၊ ဝမ်းချုပ်တာမျိုးတွေ ဖြစ်စေတတ်တယ်။ အရက်ကို အလွန်အကျွံ သောက်တဲ့သူတွေမှာ အရက်ကို ချေဖျက်အဆိပ်ထုတ်တဲ့ အသည်းကို ထိခိုက်စေလာပြီး အဆီတွေ စုပုံလာတာ၊ ရောင်ရမ်းလာတာ၊ အမာရွတ်ထင်လာတာမျိုးတွေထိ ဖြစ်လာတတ်တယ်။

 

       နှလုံး

          ဝိုင်နီ တစ်နေ့တစ်ခွက် သောက်တာဟာ နှလုံးအတွက် ကောင်းတယ်ဆိုတဲ့ စကားရှိတယ် ဆိုပေမယ့်လည်း ဒီအကြောင်းပြချက်နဲ့ အရက်သောက်တာကတော့ မဟုတ်သေးဘူးပေါ့။ အတော်အသင့် သောက်ရုံနဲ့တော့ ဒီစကားက မှန်ပေမယ့် ပမာဏ များလာရင်တော့ သွေးတုးိတာ၊ နှလုံး အခန်းကျယ်တာတွေအထိ ဖြစ်နိုင်တယ်နော်။

 

>>    အရက်သောက်ချင်စိတ်ကို လျှော့ချဖို့အတွက်

          တကယ်တော့ ဘားမှာဖြစ်ဖြစ်၊ ညစာစားပွဲဝိုင်းမှာဖြစ်ဖြစ် တစ်ခုခုကို ကိုင်ပြီး သောက်နေချင်ရတာ အကျင့်ပါနေရုံပါ။ အခုနောက်ပိုင်း ဘားတွေမှာ  အချဉ်ဖောက်၊ လက်ဖက်ရည်တွေ ရနေတတ်ပြီမို့ အရက်အစား ဒါကို သောက်ကြည့်ပါ။ အိမ်မှာလည်း ဒီအတိုင်းပဲပေါ့။ ကော့တေးကြိုက်တတ်သူတွေ ဆိုရင်တော့ ကလပ်ဆိုဒါကို အခါးရည်လေး နည်းနည်းနဲ့ သံပရာသီးလေး ညစ်သောက်ကြည့်လိုက်ပေါ့။

 

>>    အိမ်မှာ အရက်လုံးလုံး မထားပါနဲ့။

          လူအများစုအတွက်ကတော့ အိမ်မှာ ဝိုင်ပုလင်းရှိနေရင် အဲဒီဝိုင်ကို သောက်မှာပါ။ အဲဒါကြောင့် အိမ်မှာ ဘာအရက်မှ မရှိနေတာ အကောင်းဆုံးပဲပေါ့။

 

>>    အရက်သောက်ဖို့ မချိန်းပါနဲ့။

          အလုပ်ပြီးချိန်မှာ အရက်သောက်ဖို့ သူငယ်ချင်းတွေနဲ့ ချိန်းတတ်သလား? အဲဒီအစား မနက်ခင်းမှာ လက်ဖက်ရည်ဖြစ်ဖြစ်၊ ကော်ဖီဖြစ်ဖြစ် သောက်ဖို့ချိန်းပါ။ ဒါမှမဟုတ် အလုပ်ပြီးချိန်မှာ လမ်းလျှောက်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ ရှိုးပွဲကြည့်ဖို့၊ ဒါမှမဟုတ် စားသောက်ဆိုင် ကောင်းကောင်းလေးမှာ ချိန်းလိုက်ပါ။

 

>>    ဟန်ဆောင်ပါ။

          လူအတော်များမျာဟာ အရက်သောက်ဖို့ကို ဖိအားပေးခံကြရတတ်တယ်။ အထူးသဖြင့် အလုပ်နဲ့ ပတ်သက်တဲ့ စားပွဲတွေမှာပေါ့။ ဒီလိုအချိန်မျိုးမှာ အကောင်းဆုံး နည်းလမး်ကတော့ ဟန်ဆောင်တာပါပဲ။ အရက် စပ်ပေးတဲ့လူကို ခွက်ထဲ အရက်မထည့်ဘဲ ဆိုဒါထည့်ဖို့ တိုးတိုးလေး သွားပြောတာမိျုးပေါ့။ တကယ် သောက်၊ မသောက်ကို ဘယ်သူမှ လိုက်ကြည့်မနေပါဘူး။

 

>>    စိတ်ပြေလျော့ဖို့ တခြားနည်းလမ်းတွေ ရှာပါ။

          တစ်ခါတလေ စိတ်ပြေလက်ပျောက် သောက်တာမျိုးကတော့ ထားပါတော့။ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ အရက်ကို အားကိုးတာကတော့ မဟုတ်သေးဘူးပေါ့။ စိတ်ပင်ပန်းရတဲ့ တစ်နေ့တာ ကုန်ဆုံးချိန်မှာ အရက်လေးနဲ့ ဦးနှောက်ကို စိမ်တာက ကောင်းတယ်ထင်ရပေမယ့် တကယ်က တော်တော်ပင်ပန်းတာပါနော်။ တခြား စိတ်ပြေလျော့စေတဲ့နည်းလမ်းတွေဖြစ်တဲ့ ရေ စိမ်ချိုးပစ်တာ၊ အနှိပ်ခံတာ၊ ညဘက် တရားထိုင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)