/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရသာအာရုံ

အရသာအာရုံ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အရသာအာရုံဆိုတာ တကယ်တော့ နှာခေါင်းနဲ့ မှတ်ဉာဏ်ပေါ်မှာသာ မူတည်နေတယ်လို့ ဆိုပါတယ်။

          အရသာတစ်ခုကို မျက်လုံးမှိတ်ပြီး မွှေးရနံ့ကို ရှူရှိုက်ကြည့်တဲ့အခါ စားခဲ့ဖူးတဲ့အရသာတွေကို သတိရလာတတ်ပါတယ်။

          အမေရိကန်နိုင်ငံကျော် စားဖိုမှူး Wylie Dufresne ရဲ့ အဆိုအရ ဟင်းချက်ရာမှာလည်း ဟာသဉာဏ်ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လူတွေရဲ့ခံစားပုံကို လှည့်စားပြီး စားနေကျ အစားအစာတွေကို စားနေကျမဟုတ်တဲ့ပုံစံမျိုးနဲ့ လူတွေရဲ့ အရသာမှတ်ဉာဏ်ကို အလေးထား ဖန်တီးရတယ်လို့ ဆိုပါတယ်။

          ဟာသဉာဏ်နဲ့ မှတ်ဉာဏ်ဆိုတာဟာ ညစာ ချက်တဲ့အချိန်မှာ ပထမဦးဆုံး ခေါင်းထဲပေါ်လာတတ်တဲ့ အတွေးမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနည်းလမ်းကပဲ Dufresne ကို အစားအသောက်ဘုရင် ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

          အရသာဆိုတာ လျှာပေါ်မှာတင် ခံစားရတဲ့ခံစားမှုတစ်ခုသာ မဟုတ်ပါဘူး။ အရသာခံစားမှုရဲ့နောက်မှာ သိပ္ပံနည်းတွေ ရှိနေပါတယ်။

          Dufresneဟာ သိပ္ပံပညာရှင်တွေနဲ့ တိုင်ပင်ကာ လူတွေရဲ့ ခံစားပုံတွေကို အမျိုးမျိုး ဆော့ကစားပြီး ဟင်းနည်းအသစ်တွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရသာခံစားမှုစင်တာကြီးကို တည်ထောင်ခဲ့သူ ဇီဝဗေဒပညာရှင် Beauchampက သိပ္ပံပညာရှင်တွေနဲ့ စားဖိုမှူးတွေဟာ တစ်ဦးကိုတစ်ဦး အမှီအခို အားကိုးအားထားပြုသင့်တယ်လု့ိ ဆိုပါတယ်။

 

၁။     အမေစားတဲ့ အစားအသောက်တွေကို ပိုကြိုက်တတ်ကြပါတယ်။

          ကိုယ်ဝန်ဆောင်မိခင်တွေ စားလိုက်သမျှ အရသာတွေဟာ ရေမြွာရည်ထဲ ရောက်သွားတတ်ပြီး ကလေး မွေးလာတဲ့အခါ ဒီအရသာတွေကို ပိုကြိုက်တတ်လာပါတယ်။ နို့တိုက်မိခင်တွေမှာလည်း ဒီလိုပဲ ဖြစ်ပါတယ်။ ကလေး အစာ စားနိုင်တဲ့ အရွယ်ရောက်တဲ့အခါ ကလေးဟာ အမေ့ဗိုက်ထဲမှာ တွေ့ကြုံခဲ့တဲ့အရသာတွေကို ပိုကြိုက်တတ်လာပါတယ်။ မုန်လာဥနီဖျော်ရည်လို အရသာတွေ ပိုရောက်တတ်ပေမယ့် ဆား စားတာကြောင့် ရေမြွာရည်နဲ့ မိခင်နို့တွေ ငန်ကုန်တာမျိုးတော့ မရှိပါဘူး။ အထူးသဖြင့် အရသာတစ်ခုရဲ့ အနံ့က ကလေးဆီကို ရောက်သွားတာ ဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေး နို့တိုက်စဉ်မှာ အသီးအရွက်တွေလိုမျိုး အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားပေးခြင်းဖြင့် ကလေးအကြိုက်ကို တိုးစေနိုင်ပါတယ်။

          ယေဘုယျပြောရရင် အတွေအကြုံတွေကြောင့် အကြိုက်ဆိုတာ ဖြစ်လာတာပါ။ အရင်က ဆား စားခဲ့ဖူးတာကြောင့် ဆား စားချင်စိတ်ပေါ်တာ ဖြစ်တာကြောင့် လူအားလုံး ဆားလျှော့စားတဲ့အကျင့် လုပ်မယ်ဆိုရင် ဆားစားချင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်လို့ ဆိုပါတယ်။

          ဒါ့အပြင် ဒီအကြိုက်ဆိုတာဟာလည်း မွေးကင်းစကတည်းက စလာတယ်ဆိုတာလည်း သတိပြုသင့်ပါတယ်။

 

၂။     လျှာရဲ့ အစိတ်အပိုင်းတွေ အသီးသီးက အရသာအသီးသီးကို ခံစားယ်ဆိုတာ အတိအကျတော့ မမှန်ပါဘူး။

          စာအုပ်တွေထဲမှာ လျှာအရှေ့ပိုင်းက အချိုဓာတ်၊ လျှာဘေးဘက်တွေက အငန်ဓာတ်၊ လျှာနောက်ပိုင်းက အခါးဓာတ်ဆိုပြီး ပုံဆွဲ ဆွဲပြတာ တွေ့ဖူးကြမှာပါ။ ဒီအပိုင်းတွေ အသီးသီးက အရသာအသီးသီးကို အနည်းငယ် ပိုပြီးခံစားနိုင်တယ်ဆိုတာ ဟုတ်ကောင်း ဟုတ်နိုင်ပေမယ့် အတိအကျ ပိုင်းခြားထားတာတော့ မဟုတ်ပါဘူး။ တကယ်တော့ အရသာခံအာရုံကြောတွေဟာ လျှာအရင်းပိုင်းမှာ အဓိက ရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း လျှာဖြတ်လိုက်ရတဲ့သူတွေမှာ အရသာ ခံစားနိုင်စွမ်း ရှိနေကြသေးတာပဲ ဖြစ်ပါတယ်။

 

၃။     နှာခေါင်းကလည်း အရသာ ခံစားနိုင်ပါတယ်။

          အစာတစ်ခု စားတဲ့အခါ ခံစားရတဲ့ အရသာအများစုဟာ တကယ်တော့ အနံ့ကြောင့် ခံစားရတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံက စမ်းသပ်မှုတစ်ခုမှာ ပါဝင်သူတွေကို နှာခေါင်းပိတ်ပြီး ဂျယ်လီ စားစေတဲ့အခါ ဂျယ်လီဟာ လုံးဝနီးပါးကို အရသာမရှိ ဖြစ်သွားပါတယ်။ တကယ်တော့ အစာ စားတဲ့အခါ ပါးစပ်ထဲက အစားအစာရဲ့ အနံ့ဟာ အာခေါင်ကနေ နှာခေါင်းထဲကို ရောက်ရှိသွားပြီး အရသာကို အပြည့်ခံစားရစေပါတယ်။ နှာခေါင်းကိုပိတ်ပြီး အစာ စားလိုက်တဲ့အခါ ရေပိုက်ခေါင်းအဝကို ပိတ်လိုက်သလိုပဲ ရေ လုံးဝမစီးဆင်းနိုင်တော့ပါဘူး။

 

၄။     အစားအစာတစ်ခု စားလိုက်တဲ့အခါ အရင်စားခဲ့တဲ့အချိန်က သတိရစရာတွေကို ပြန်လည် ခံစားရတတ်တာဟာ အနံ့အာရုံကြောင့်လို့ ဆိုပါတယ်။

          အထူးသဖြင့် ကလေးဘဝက အမှတ်တရတွေကို အထူးအောက်မေ့ လွမ်းဆွတ်တတ်ကြပါတယ်။ ဒီလို အနံ့အာရုံနဲ့ စိတ်ခံစားချက်နဲ့ ဆက်နွယ်နေရတာဟာ အလွန်ရှေးကျတဲ့ ကာလတွေကတည်းက အနံ့အာရုံဟာ အခြားအာရုံတွေထက် ပိုပြီးစောစော ပေါ်ပေါက်ခဲ့တာကြောင့်လို့ ယူဆကြပေမယ့် သိပ္ပံနည်းကျ လေ့လာထားမှုတွေတော့ မရှိသေးပါဘူး။

 

၅။     မစားသင့်ဘူးဆိုတဲ့ အစားအသောက်တွေကိုမှ ပိုကြိုက်လေ့ရှိကြပါတယ်။

          လူတွေဟာ ဆား စားရာမှာ သဘာဝ လိုအပ်ချက်အရရော၊ မျိုးရိုးဘိုးစဉ်ဘောင်ဆက်အရရော စားကြတယ်လို့ ဆိုပါတယ်။ ဆားဟာ အခါးဓာတ်ကို ဖယ်ရှားပေးနိုင်တဲ့အတွက် အချိုဓာတ်ကို ပိုပေါ်လွင်စေပါတယ်။ ဒါကြောင့်လည်း လူတွေဟာ ဆားကို နေရာတကာမှာ လိုအပ်တာပဲဖြစ်ပါတယ်။ လူတွေဟာ စွမ်းအင်သိုလှောင်ဖို့ အဆီကို လိုအပ်ပေမယ့် ကြာရှည်လာပြီး အဆီတွေ စုပုံလာတဲ့အခါ ဆဲလ်တွေကို သေကြေစေပြီး အသက်တိုစေတတ်ပါတယ်။ အမေရိကန်အိမ်ဖြူတော် စားဖိုမှူး William Yosses က လူတွေဟာ ကိုယ့်အတွက် မကောင်းဘူးဆိုတာကိုမှ ကြိုက်နှစ်သက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို ဆားတွေ၊ အဆီတွေ အစားများတဲ့အခါ သွေးတိုး၊ နှလုံး၊ လေဖြတ်ရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် အခုနောက်ပိုင်းမှာ ဆား စားတာနဲ့ ပတ်သတ်ပြီး ကန့်သတ်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ် ရောဂါရာဇဝင်ရှိသူ အသက် ၅၁ နှစ်အထက် အာဖရိကန်၊ အမေရိကန်လူမျိုးတွေဟာ တစ်နေ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်သာ စားပေးသင့်ပြီး လူတိုင်းအတွက်တော့ တစ်ရက်ကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းမျှသာ စားပေးသင့်ပါတယ်။

 

၆။     ဆားနဲ့ အဆီကို အရသာမလျော့စေဘဲ လျှော့နိုင်ပါတယ်။

          ဆားပြဿနာကို ဖြေရှင်းတဲ့အခါ နည်းလမ်းနှစ်နည်း ရှိပါတယ်။ ဆား အစားထိုးခြင်းနဲ့ လူတွေကို ဆားစားတာ လျှော့စေခြင်းတို့ပဲ ဖြစ်ပါတယ်။ အဆီကိုရော ဘယ်လိုလျှော့ကြမလဲ? တကယ်တော့ စားစရာတွေကို အဆီလျှော့ပြီး အရသာ ပိုရှိအောင် ဖန်တီးနိုင်ပါတယ်။

          ဒါ့အပြင် ဆားအမှုန့် အနည်းငယ်မျှကို ဟင်းချက်ရာမှာ မထည့်ဘဲ ဟင်းတွေအပေါ်မှာ ဖြူးပေးခြင်းဖြင့် အရသာကို ထူးခြားစေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)