အရိုးတွေ သန်စွမ်းကျန်းမာအောင်
ကလေးဘဝမှာ သန်စွမ်းကျန်းမာတဲ့ အရိုးတွေကို တည်ဆောက်ပြီးတော့ ဒီအရိုးတွေကို ဘဝတစ်လျှောက်လုံး ကျန်းမာအောင် ထိန်းသိမ်းကြရပါတယ်။ အရိုးတွေက ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ကြီးထွားဖွံ့ဖြိုးနေကြပါတယ်။
အရိုးတွေကို သတ္တုဓာတ်များ (ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်)၊ အသားဓာတ်များ (ကော်လာဂျင်) နှင့် အခြားသက်ရှိဆဲလ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ သတ်မှတ်ထားတဲ့အသက်ရောက်ရင် အရိုးများ ပိုကြီးလာခြင်းမရှိတော့ပေမယ့် အရိုးဟောင်းတွေပျက်စီးပြီး အသစ်တွေ အစားထိုးဖြစ်ပေါ်လာပါတယ်။
အရိုးပွခြင်း (အရိုးတွေအားနည်းပြီး ကျိုးလွယ်ခြင်း) ကို ဖြစ်စေတဲ့ အကြောင်းအရာတွေကို သိထားခြင်းဖြင့် အရိုးတွေကို ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
1. Estrogen ဟော်မုန်းက အရိုးသိပ်သည်းမှုကို အားကောင်းစေပါတယ်။
သွေးဆုံးပြီးချိန်မှာ estrogen ဟော်မုန်းပမာဏ ကျဆင်းသွားတဲ့အတွက် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် အရိုးပွခြင်းပိုဖြစ်ပါတယ်။ ဒီအချိန်မှာ အမျိုးသမီးတွေရဲ့အရိုးသိပ်သည်းဆက 5 နှစ်ကျော်အတွင်း 20% လောက် ကျဆင်းသွားတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ estrogen ဟော်မုန်းက အရိုးအဟောင်းတွေကို ဖျက်ဆီးပြီး အသစ်တွေနဲ့ လဲလှယ်တဲ့နေရာမှာကူညီတဲ့အတွက် အမျိုးသမီးတစ်ယောက်မှာ ရာသီစက်ဝန်း ရပ်သွားရင် (သို့) estrogen အလုံအလောက် မထုတ်နိုင်တော့ရင် ရလဒ်အနေနဲ့ အရိုးတွေ ဆုံးရှုံးစေနိုင်ပါတယ်။ အမျိုးသားတွေကတော့ အသက် 65 နှစ်အရွယ်ရောက်ရင် အရိုးပွခြင်း ဖြစ်နိုင်ချေများပါတယ်။
2. အရက်အလွန်အကျွံသောက်ခြင်းက အရိုးကို ထိခိုက်စေပါတယ်။
လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်းနဲ့ အရက်သောက်ခြင်းကို ထိန်းချုပ်ခြင်းတို့က အရိုးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အရက်အလွန်အကျွံသောက်သုံးခြင်းက အရိုးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဆုံးရှုံးစေပါတယ်။ အမျိုးသား၊ အမျိုးသမီးတွေမှာ အရက်သောက်ခြင်းကြောင့် အရိုးအားနည်းစေပြီး ပျက်စီးစေပါတယ်။ အရက်သောက်တဲ့သူတွေမှာ ချော်လဲရင် အရိုးကျိုးနိုင်ခြေ ပိုများပါတယ်။
Osteocare 1
3. အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်အပြင် အခြားဓာတ်တွေလည်း လိုအပ်ပါတယ်။
အရိုးကျန်းမာစေရန် အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်မှာ ကယ်လ်စီယမ် တစ်နေ့လျှင် 1000 mg၊ အသက် 51-70 အရွယ်ရှိ အမျိုးသမီးတွေမှာ တစ်နေ့လျှင် 1200 mg လိုအပ်ပါတယ်။ ကယ်လ်စီယမ်တစ်မျိုးတည်းနဲ့တော့ မလုံလောက်ပါဘူး။ မဂ္ဂနီစီယမ်၊ အသားဓာတ်၊ ဗီတာမင် D တွေလည်း လိုအပ်ပါတယ်။ ဗီတာမင် D က ကယ်လ်စီယမ် စုပ်ယူမှုကို 50% ပိုပြီးကောင်းစေပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် တစ်နေ့လျှင် ဗီတာမင် D 600 IU, အသက် 70 အထက်အတွက် တစ်နေ့လျှင် 800 IU လိုအပ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ရင် အရိုးတွေက ဗီတာမင် D ဓာတ်ကိုထုတ်ပေးပါတယ်။ ငါး၊ အသည်း၊ နို့ တွေမှာ ဗီတာမင် D နဲ့ အသားဓာတ်တွေ ပါဝင်ပေမယ့် နေ့စဉ်လိုအပ်ချက်ကို ရရှိဖို့အတွက် လိုအပ်လျှင် ဖြည့်စွက်စာတွေနဲ့ ဆေးတွေသောက်ဖို့ လိုပါတယ်။ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူမှုကို ဟန့်တားတဲ့အတွက် အရိုးအတွက် မကောင်းပါဘူး။
4. အရိုးကျန်းမာရေးအတွက် အစာချေစနစ်ကောင်းမွန်ဖို့ အရေးကြီးပါတယ်။
အူရောင်ရောဂါ၊ lactose နဲ့ ဓာတ်မတဲ့သောရောဂါ၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း စတဲ့ အစာချေမှုနဲ့ပတ်သက်တဲ့ အခြေအနေတွေက အရိုးအားနည်းစေပါတယ်။ နာတာရှည် ဝမ်းအရည်တွေ သွားတဲ့ရောဂါရှိသူတွေမှာ အရိုးအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မစုပ်ယူနိုင်ပါဘူး။
5. စားချဉ့်ပြန်ရောဂါ ကုသဆေးတွေကလည်း အရိုးအားနည်းစေပါတယ်။
အက်ဆစ်ချေဖျက်တဲ့ဆေးတွေဖြစ်တဲ့ အလူမီနီယမ်ပါဝင်တဲ့ဆေးတွေက သိမ်းဆည်းထားတဲ့ ကယ်လ်စီယမ်တွေကို ကုန်ခမ်းစေတဲ့အတွက် ဒီဆေးတွေ အများကြီးသောက်ခြင်းကြောင့် အရိုးဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်။
Osteocare 2
6. စတီးရွိုက် (steroids ) ဆေးတွေကလည်း အရိုးအားနည်းစေပါတယ်။
Cortisone, prednisone, dexamethasone စတဲ့ စတီးရွိုက်ဆေးတွေက အချိန်ကြာမြင့်စွာ အသုံးပြုလာတာနဲ့အမျှ အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။ glucocorticoids, corticosteroids စတဲ့ စတီးရွိုက်ဆေးတွေကို လေးဖက်နာရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ ဓာတ်မတည့်ခြင်း၊ Crohn’s disease၊ ကင်ဆာနဲ့ ကိုယ်အစိတ်အပိုင်းတွေ အစားထိုးပြီးတဲ့နောက်မှာ သောက်ကြရပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ပမာဏအနည်းဆုံးနဲ့ အချိန်အတိုဆုံး သောက်ရပါမယ်။ ဒီဆေးတွေ သောက်နေစဉ်အတွင်းမှာ အရိုးကျန်းမာအောင် ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးရပါမယ်။
7. Phenobarbital (Barbiturate) တွေက အရိုးဆုံးရှုံးမှု ဖြစ်စေပါတယ်။
အတက်ရောဂါ၊ စိတ်ပူပန်မှုနဲ့ အိပ်မပျော်တဲ့ရောဂါတွေကို ကုသဆေးဖြစ်တဲ့ phenobarbital ဆိုတဲ့ ဆေးတစ်မျိုးကို တစ်ခါတစ်ရံမှာ စွဲသွားတတ်ပြီးတော့ လွဲမှားသုံးတတ်ကြပါတယ်။ Dilantin ဆိုတဲ့ အတက်ကျဆေးကလည်း အရိုးဆုံးရှုံးစေပါတယ်။ ဒီဆေးတွေက ကြာကြာသောက်လေလေ ဆိုးကျိုးပိုများလေလေ ဖြစ်တဲ့အတွက် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်ဟာပိုများလည်းဆိုတာကို နှိုင်းယှဉ်ပြီး ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပါ။
8. ရိုးတွင်းခြင်ဆီထဲမှာ သွေးဆဲလ်တွေ ပြုလုပ်ပါတယ်။
သွေးထဲမှာရှိတဲ့ သွေးနီဆဲလ်တွေက သက်တမ်းအကြာကြီး မရှည်တဲ့အတွက် အမြဲအသစ်တွေနဲ့ အစားထိုးဖို့ လိုအပ်ပါတယ်။ ဒီဆဲလ်အသစ်တွေကို ရိုးတွင်းခြင်ဆီထဲမှာ ပြုလုပ်ပါတယ်။ ရိုးတွင်းခြင်ဆီ ဆိုတာကတော့ အရိုးရဲ့အလယ်မှာပြီးတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အောက်ဆီဂျင်နဲ့ စွမ်းအင်တွေရရှိစေဖို့အတွက် တစ်နေ့ကို သွေးဆဲလ်များ သန်းနဲ့ချီပြီး ထုတ်လုပ်ပေးပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























