/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးပွလို့-အဆစ်ရောင်တာလား-သွေးလေးဖက်နာကြောင့်-ရောင်တာလား

အရိုးပွလို့ အဆစ်ရောင်တာလား ... သွေးလေးဖက်နာကြောင့် ရောင်တာလား ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အရိုးပွတယ်ဆိုတာ အရိုးသိပ်သည်းဆ နည်းလာပြီး ကျွတ်ဆတ်လာတာပါ။ အသက်ကြီးလာတာရယ် သွေးဆုံးတာရယ်ကြောင့်အပြင် အရိုးသန်မာစေတဲ့ အာဟာရဓာတ်တွေနည်းလို့ဖြစ်တဲ့ ရောဂါပေါ့။ သွေးလေးဖက်နာကတော့ ကိုယ်ခံအားလွန် အဆစ်အမြစ်ရောင်ရောဂါဖြစ်ပြီး အဆစ်တွေရဲ့ အနားသားတွေ အရွတ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။

          အဆစ်ရောင်တဲ့အခါ အရိုးနာတဲ့အခါ ဟိုတွေးဒီတွေး ဗျာမများရလေအောင် ဒါလေးဖတ်ထားနော်။

●        အရိုးပွလို့ နာတဲ့အဆစ်တွေက တင်ပါဆုံရိုး၊ ဒူး၊ ဂုတ်ကြောနဲ့ နောက်ကျောရိုးတွေမှာ အဖြစ်များပါတယ်။ သွေးလေးဖက်နာကျတော့ လက်ချောင်းလေးတွေ၊ လက်ကောက်ဝတ်၊ ပခုံး၊ ခြေချင်းဝတ်နဲ့ ခြေချောင်းလေးတွေ အဖြစ်များတာပါ။

●        အရိုးပွလို့ အဆစ်ရောင်တဲ့အခါ မနက်ပိုင်းမှာ ခဏလေး တင်းပြီး ပြန်သက်သာသွားတတ်ပေမယ့် သွေးလေးဖက်နာကြောင့်ဖြစ်တဲ့ လက်ချောင်းလေးတွေ တင်းတာနာကက နာရီဝက်ခန့် ကြာနေတတ်ပါတယ်။

●        အရိုးပွလို့ဖြစ်တဲ့ အဆစ်ရောင်တာက ရောင်ရုံသာရောင်ပြီး ပုံစံမမှန်တာတွေ မဖြစ်တတ်ပါဘူး။ သွေးလေးဖက်နာကြောင့်ဖြစ်တဲ့ အဆစ်နာကျတော့ အရိုးတွေပါ ပုံပျက်သွားတတ်ပါတယ်။

●        အရိုးပွတာကြာရင် အရိုးကျွတ်ဆတ်နေတာကြောင့် ထိခိုက် လဲပြိုတဲ့အခါ  ဂျွတ်ခနဲ အရိုးကျိုးတာတွေ မကြာခဏ ဖြစ်နိုင်ပါတယ်။ သွေးလေးဖက်နာကြောင့်ဖြစ်တဲ့ အဆစ်နာကတော့ ထိခိုက်မှုမရှိဘဲနဲ့တောင်  နီမယ်၊ ပူမယ်၊ နာမယ်၊ ဖျားမယ်၊ နုန်းတာတွေ ဖြစ်နိုင်ပါတယ်။

●        အရိုးပွတာက အဆစ်လေးတွေပဲ ကွက်ပြီး နာနေတာမျိုးဖြစ်ပေမယ့် သွေးလေးဖက်နာကျတော့ ပိန်လာမယ်၊ ဖြူဖျော့မယ်၊ ရင်ဘတ်အောင့်မယ်၊ မျက်လုံးနီမယ်၊ အဖုလေးတွေ ထွက််တာမျိုးနဲ့ တွဲတွေ့ရတတ်ပါတယ်။

          နှစ်မျိုးလုံးကတော့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းဖြစ်တဲ့ အကွေးအဆန့် အပူအအေးကပ်ခြင်း ယောဂကျင့်ခြင်း စတာတွေနဲ့ အဆစ်တွေကို တင်းကြပ်ခြင်းလျော့ပါးပြီး ပြန်လည်သန်စွမ်းလာဖို့ ကြိုးစားကြည့်နိုင်ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ အကြောအဆစ်ပညာရှင်ဟာ သင့်ကို အများကြီး အကူအညီပေးနိုင်ပါတယ်။

          ဒါပေမဲ့ လေ့ကျင်ခန်း လုပ်တဲ့အခါ အရိုးပွနေတဲ့ အန်ကယ်တွေကျတော့ အလှုပ်အရှားကို အထူးသတိပြုဖို့ လိုပါတယ်။ မတော်တဆလဲပြိုတဲ့အခါ အရိုးကျိုးသွားနိုင်ဖို့ အလားအလာများလို့ပါ။ အလေးအပင်လည်း မ,မစေချင်ပါဘူး။

          တစ်ဖက်ကလည်း သွေးလေးဖက်နာရှိတဲ့ အန်တီတွေ၊ မမတွေအနေနဲ့ လှုပ်လှုပ်ရှားရှား အပျော့စားလေ့ကျင့်ခန်း တစ်ခုခုလုပ်ဖို့ အကြောအဆစ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ရက်ခြား လုပ်ဆောင်ကြည့်သင့်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)