/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးပွအန္တရာယ်ကြိုတင်ကာကွယ်

အရိုးပွအန္တရာယ်ကြိုတင်ကာကွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးနိုင်ငံထဲကတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အသက် ၅၀ အထက် အမျိုးသမီး ၂၃၀ သန်းရှိတဲ့အထဲက ၄၆ သန်းလောက်က အရိုးပွရောဂါခံစားနေရပါသတဲ့။ အရိုးပွရောဂါဖြစ်ပွားနှုန်းကများလာတော့ အရိုးပွတယ်ဆိုတာဘာလဲဆိုတာနဲ့ ဘယ်လိုကာကွယ်မလဲဆိုတာကို သေချာသိထားဖို့လိုပါတယ်။

1.       အမျိုးသမီးတွေမှာ အသက် 35 နှစ်ကျော်လာပြီဆိုတာနဲ့ အရိုးသိပ်သည်းဆက စကျလာပြီးတော့ သွေးဆုံးချိန်ရောက်ရင်တော့ အရိုးသိပ်သည်းဆကျတာအများဆုံးပါပဲ။ အရိုးပွတဲ့အခါမှာ အရိုးတွေမှာ ပုံမှန်မဟုတ်တဲ့တစ်သျှူးတွေပါလာရုံသာမကဘဲနဲ့ အရိုးလည်းကျိုးလွယ်ပါတယ်။

2.       အရိုးပွတာက အရိုးအားလုံးမှာဖြစ်တယ်ဆိုပေမယ့်လည်း ပေါင်ရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးတိုင်တွေမှာ ပိုအဖြစ်များပါတယ်။ ဒါက အသံတိတ်ရောဂါတစ်မျိုးဖြစ်ပြီးတော့ ကိုယ့်အရိုးတွေအားနည်းနေတာကို မသိနိုင်ပါဘူး။

3.       အရိုးပွရောဂါရဲ့ ရှေးဦးလက္ခဏာအနေနဲ့ ပုံမှန်ထက်ပိုပြီးအရိုးကျိုးလွယ်တာ၊ ကျောကုန်းကြီးက ရှေ့ကိုကိုင်းနေတာတွေစဖြစ်တတ်သလို ခါးလည်းနာတတ်ပါတယ်။ ဒီလက္ခဏာတွေခံစားလာရရင်ပဲဖြစ်ဖြစ်၊ စောစောသွေးဆုံးရင်ပဲဖြစ်ဖြစ်၊ corticosteroids ပါ၀င်တဲ့ဆေးတွေကို လအတော်ကြာစွဲသောက်နေရရင်ပဲဖြစ်ဖြစ် အရိုးပွနိုင်ချေရှိတဲ့အတွက် ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

4.       အရိုးပွတာက ငယ်ငယ်က ကိုယ့်မှာ အရိုးသိပ်သည်းဆဘယ်လောက်ရခဲ့လဲဆိုတာနဲ့လည်း ဆိုင်ပါတယ်။ ငယ်ငယ်အရိုးတွေကြီးထွားတဲ့အချိန်မှာ အရိုးသိပ်သည်းဆအမြင့်ဆုံးကိုရခဲ့မယ်ဆိုရင် အရိုးပွတာကို အသက်ကြီးမှကြုံရမှာပါ။

5.       တင်ပါးဆုံရိုးကျိုးထားတဲ့လူကြီးတွေမှာ ၂၀% လောက်က နောက်ဆက်တွဲဆိုးကျိုးကြောင့် (သို့) ခွဲစိတ်မှုကြောင့် တစ်နှစ်အတွင်းသေဆုံးတာကို တွေ့ရပါတယ်။ ဒီထဲက အတော်များများကတော့ ရေရှည်ပြုစုမှုခံယူဖို့လိုပြီးတော့ လှုပ်ရှားမှုလုပ်ရာမှာလည်း ကန့်သတ်မှုတွေရှိနေပါတယ်။

6.       အရိုးပွရောဂါကိုကာကွယ်ဖို့အတွက် ဓာတ်မှန်ပုံမှန်ရိုက်ပြီးတော့ Bone Density Test ပုံမှန်စစ်ဖို့လိုပါတယ်။ အရိုးတွေကြွတ်ဆတ်နေတယ်ဆိုရင် ကယ်ဆီယမ်နဲ့ ဗီတာမင် D ပိုသောက်ပေးဖို့လိုပါတယ်။

7.       အရိုးပွရောဂါကာကွယ်ကုသဖို့ရာမှာ အစားအစာကလည်း အရေးကြီးတဲ့ကဏ္႑က ပါဝင်ပါတယ်။ သန်မာတဲ့အရိုးတွေကိုတည်ဆောက်ပြီးတော့ ထိန်းသိမ်းနိုင်ဖို့အတွက် ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာတွေကို စားဖို့လိုပါတယ်။ အဆီနည်းတဲ့နို့၊ ဒိန်ချဉ်၊ ပန်းဂေါ်ဖီအစိမ်း၊ ပန်းဂေါ်ဖီ၊ ဆယ်မွန်၊ တို့ဖူး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက အရိုးကိုကျန်းမာစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)









Dr. Mya Myo Myo Swe (www.drmyanmar.com)