အရိုးအတက် ထွက်နေပြီလား
အရိုးအတက်ဆိုတာ တဖြည်းဖြည်းချင်း ထွက်လာတတ်တာမျိုးဖြစ်ပြီး တခြားအစိတ်အပိုင်း တစ်ခုခုကို မဖိမချင်း၊ လှုပ်ရှားမှုတွေကို မကန့်သတ်မချင်း ဘာလက္ခဏာမှမပြဘဲ ရှိနေတတ်တယ်။
>> ဘယ်သူတွေမှာ အရိုးအတက် ထွက်တတ်သလဲ?
အသက်ကြီးလို့ အရိုးကျီးပေါင်းတက်တဲ့လူတွေမှာ ထွက်တတ်ပါတယ်တဲ့။
>> အရိုးအတက်ထွက်ရတဲ့ အကြောင်းလေး နည်းနည်းရှင်းပြဦးမယ်။
ကျီးပေါင်းဖြစ်တဲ့အရိုးမှာ အရိုးနု ပျက်စီးသွားတတ်တယ်။ ဒီလိုပျက်စီးသွားတဲ့အရိုးနုကို ပြန်ပြင်ဖို့ကြိုးစားရင်းနဲ့ အရိုးကို ဖုံးကာပေးထားတဲ့ အရိုးအမြှေးပါးကနေ အရိုးအသစ်တွေ ထွက်လာတော့တာပါပဲ။ ဒီဖြစ်စဉ်ကို Transforming growth factor beta လို့ခေါ်တဲ့ အချက်ပြပစ္စည်းလေးကနေပြီးတော့ အားပေးထောက်ကူပေးသေးတယ်။ ဒါပေမဲ့ ဘယ်လိုဘယ်ပုံ ဖြစ်လာတယ်ဆိုတာကို သေချာတော့ မရှင်းပြနိုင်သေးဘူး။ ဘာလု့ိလဲဆိုတော့ အရိုးနု ထိခိုက်မှုမရှိသေးဘဲနဲ့လည်း အရိုးအတက် ထွက်နေတာတွေလည်း ရှိတတ်တာကို တွေ့ရလို့ပါ။
>> အရိုးအတက်က ဘယ်နားတွေမှာ ထွက်တတ်လဲဆိုရင် ...
အရိုးတိုင်းရဲ့ဘေးတွေမှာ ထွက်တတ်သလို ပေါင်ရိုးနဲ့ဒူးရိုးအလယ်တွေမှာလည်း တွေ့ရတတ်တယ်။
ကျောရိုးကြီးတစ်လျှောက်မှာလည်း တွေ့ရတတ်ပြီး လည်ပင်းကျီးပေါင်း၊ ခါးကျီးပေါင်း စသည်ဖြင့် ဖြစ်တတ်တယ်။ ဒီလိုကျောရိုးမကြီးမှာဖြစ်ရင် ကြောက်ရတာက အရိုးအတက်က အာရုံကြောတွေကို သွားဖိတတ်တယ်။ ဒီလိုဖိမိရင် အာရုံကြောသွားတဲ့လမ်းကြောင်းမှာ နာတာ ကျင်တာ၊ ထုံတာ၊ စူးခနဲ စူးခနဲ၊ ပူခနဲ ပူခနဲ ဖြစ်တာတွေ တွေ့ရတတ်တယ်။ ပြီးတော့ ကြွက်တက်တာ၊ ကြွက်သားတွေ ဆတ်ခနဲ ဆတ်ခနဲ တုန်တာ၊ အားနည်းတာ၊ ထိန်းမရတာတွေလည်း ဖြစ်တတ်ပါသေးတယ်။
>> အရိုးအတက်ထွက်စေတတ်တဲ့ အကြောင်းရင်းတွေကို ပြောရမယ်ဆိုရင် ...
● အသက်ကြီးလာတာ
● ကျောရိုးအဆစ်ပြားတွေ ယိုယွင်းလာတာ
● အဆစ်တွေ ယိုယွင်းလာတာ
● အားကစားကြောင့် ထိခိုက်မှုတွေ၊ တခြားထိခိုက်မှုတွေ ဖြစ်တာ
● ကိုယ်ဟန်အနေအထား မမှန်တာ
● မျိုးရိုးဗီဇ
● မွေးရာပါ အရိုးအဆစ် ပုံမမှန်တာတွေကြောင့် ဖြစ်တတ်တယ်။
>> အရိုးအတက် ထွက်၊ မထွက်ကို သိရဖို့ -
လက်မှာ အတက်ထွက်၊ မထွက်ကို လက်ချောင်းဆစ်တွေနဲ့ လက်မအရင်းကို အဖုတွေ ထနေ၊ မနေ စမ်းကြည့်လို့ရတယ်။
တခြားအဆစ်တွေအတွက်ကတော့ ဓာတ်မှန်တွေ၊ MRI, CT ကွန်ပျူတာဓာတ်မှန်တွေ ရိုက်ကြည့်ရမယ်။ အသက် ၅၀ ကျော်တဲ့ လူတိုင်းနီးပါးမှာတော့ ရိုက်ကြည့်လိုက်ရင် အတက် အနည်းနဲ့အများ ထွက်နေတာ တွေ့ရမှာပါ။ ဒါပေမဲ့ အတက်အများစုက ဘာလက္ခဏာမှ မပြတတ်ဘူး။ ၄၀% လောက်မှာပဲ ကုသဖို့ လိုလောက်တဲ့ ရောဂါလက္ခဏာတွေ ပေါ်တတ်တယ်။
>> ဒါဆိုရင် ရောဂါလက္ခဏာပေါ်နေတဲ့လူတွေကို ဘယ်လိုကုရမလဲ?
အရိုးအတက်ရှိရုံနဲ့တော့ ကုစရာ မလိုဘူးနော်။ ရောဂါလက္ခဏာရှိမှ ကုရမယ်။
● ကိုယ်လက်လေ့ကျင့်ခန်းတွေ
● အကိုက်အခဲပျောက်ဆေးတွေ
● အရောင်ကျဆေးတွေ
● စတီးရွိုက်လိမ်းဆေးတွေ
● အရိုးအတက် ခွဲစိတ်မှုတွေ လုပ်လို့ရပါတယ်။
ပုံမှန်ဆိုရင်တော့ စောင့်ကြည့်ကုသတာလောက်ပဲ လုပ်လေ့ရှိတယ်။ အရမ်းဆိုးမှပဲ ခွဲရတတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
>> ဒါဆိုရငျ ရောဂါလက်ခဏာပေါျနတေဲ့လူတှကေို ဘယျလိုကုရမလဲ?
အရိုးအတကျရှိရုံနဲ့တော့ ကုစရာ မလိုဘူးနောျ။ ရောဂါလက်ခဏာရှိမှ ကုရမယျ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























