/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရေပြားတွေ-ယားလွန်းလို့-လူကြားသူကြားမရှောင်-ကုတ်နေရတဲ့-ဒုက္ခတွေ

အရေပြားတွေ ယားလွန်းလို့ လူကြားသူကြားမရှောင် ကုတ်နေရတဲ့ ဒုက္ခတွေ ကင်းဝေးအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      အခုတလော အရေပြားတွေ ယားလွန်းလို့ အအိပ်ပျက်၊ အစားပျက်တဲ့အပြင် လူကြားထဲ ကုတ်နေရလို့ အရှက်တွေ ရနေရပြီလား။ အရေပြားယားခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပြီး ယားယံခြင်းကြောင့် အလုပ်အကိုင်ပျက်ပြီး လူမှုရေး ထိခိုက်နိုင်တဲ့အထိ ဆိုးကျိုးပေးနိုင်ပါတယ်။ ဒီလိုဆိုးရွားတဲ့ယားယံခြင်းကို တိုက်ထုတ်ဖို့ နည်းလမ်းကောင်းလေးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

(၁)     လိမ်းဆေးလူးခြင်း
      အရေပြားယားခြင်းနဲ့ အကွက်များဖြစ်ပေါ်ခြင်းကို လွယ်ကူမြန်ဆန်စွာ သက်သာစေမယ့် နည်းလမ်းတစ်ခုကတော့ corticosteroid ပါသော လိမ်းဆေးများ လိမ်းဖို့ပါပဲ။ ဆေးမလိမ်းခင် ရေအေးအေးထဲ ဂွမ်းနှစ်ပြီး ယားသောနေရာပေါ်သို့ သုတ်ပေးခြင်းဖြင့် ဆေးကို ပိုမိုစိမ့်ဝင်စေတဲ့အပြင် ယားယံခြင်းကိုလည်း သက်သာစေပါတယ်။

(၂)     သောက်ဆေးသောက်ခြင်း
      ဆရာဝန် ညွှန်ကြားချက်ဖြင့် ဘာမီတွန်၊ စီထရင်းစသော ဆေးများကို သောက်နိုင်ပါတယ်။ ယားလွန်းသဖြင့် ညဘက် မအိပ်နိုင်သူတွေအတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။

(၃)    စိတ်ကျရောဂါ သက်သာဆေးသောက်ခြင်း
      စိတ်ကျ သက်သာဆေးများ သောက်ခြင်းဖြင့် စီရိုတိုနင်ဟိုမုန်းကို ပိုမိုထွက်စေပြီး ထိုနည်းဖြင့် ကိုယ်ခန္ဓာရှိ ယားယံခြင်းကို လှုံ့ဆော်သောအရာများကို သက်သာစေနိုင်ပါတယ်။ နာတာရှည် ယားယံခြင်းကို ခံစားနေရသူတွေအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

(၄)     ရေခဲကပ်ခြင်း
      အကုန်အကျသက်သာပြီး လွယ်ကူတယ်မလား။
      ညအိပ်ခါနီး ယားယံသောနေရာကို ရေခဲဝတ်ကပ်ခြင်းဖြင့် ယားယံခြင်းကို သက်သာစေတဲ့အပြင် ကုတ်ခြစ်မိခြင်းကြောင့် အရေပြားပွန်းပဲ့ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

(၅)     စိတ်ဖိစီးမှု လျှော့ချခြင်း
      စိတ်ဖိစီးခြင်းကြောင့် ယားယံခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ နာတာရှည်ယားယံခြင်း ခံစားနေရသူများကို စိတ်ဖိစီးမှု လျော့ကျစေသောနည်းလမ်းများဖြင့် ကုစားရာတွင် ယားယံခြင်း သက်သာလာတာကို တွေ့ရပါတယ်။ ယောဂ၊ တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း စသော မိမိနဲ့ အဆင်ပြေမယ့်နည်းကို အသုံးပြုပြီး စိတ်ဖိစီးမှု လျော့ကျအောင် ကြိုးစားသင့်ပါတယ်။

(၆)     အစိုဓာတ်ထိမ်းခရင်မ်များ လိမ်းခြင်း
      အလွန်စျေးကြီးတဲ့ခရင်မ်ဖြစ်ဖို့ မလိုပါဘူး။ သင့်အနီးအနားက စတိုးတွင်ရှိသော sensitive သမားများ သုံးနို်င်တဲ့ ခရင်မ်တစ်ခုကို ရွေးချယ်ပါ။ လိုရှင်းအစား ခရင်မ်က ပိုပြီး အစိုဓာတ်ပေးနိုင်တဲ့အတွက် ခရင်မ်ကိုသာ ရွေးသင့်ပါတယ်။ ရေချိုးပြီးချိန်တိုင်း တစ်နေ့ ၂ ကြိမ် လိမ်းပေးနို်င်ပါတယ်။ Caladryl ကဲ့သို့ calamine နဲ့ ပရုတ်ပါသောလူးဆေးများကိုလည်း လိမ်းနိုင်ပါတယ်။

(၇)     မုန့်ဖုတ်ဆိုဒါ သို့မဟုတ် ကွေကာဖြင့် ရေစိမ်ချိုးခြင်း
      ညအိပ်ခါနီးတို်င်း ရေကြက်သီးနွေးတွင် ဆပ်ပြာအနုစားနဲ့အတူ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်ပြီး ၃ဝ မိနစ်ကနေ တစ်နာရီခန့် ရေစိမ်ပေးပါ။ ကွေကာကို အမှုန့်များဖြစ်အောင် ကြိတ်ပြီးလည်း အလားတူ အသုံးပြုနိုင်ပါတယ်။

(၈)     Apple Cider Vinegar
      ပိုးသတ်အာနိသင်၊ မှိုများသေစေသော အာနိသင်များရှိပြီး အရေပြား ယားယံခြောက်သွေ့ခြင်းကို သက်သာစေပါလိမ့်မယ်။ အသုံးပြုနည်းကတော့ ဂွမ်းလုံးလေးများကိုသုံးပြီး ဗီနီဂါကို ယားသောနေရာတွင် လိမ်းပေးပါ။ ရေချိုးကန်ထဲတွင် ဗီနီဂါခွက်သေး ၃ ခွက်ခန့်ထည့် စိမ်ခြင်းလည်း ပြုလုပ်နိုင်ပါတယ်။

(၉)     ရေသောက်ခြင်း
      ရေများများသောက်ခြင်းဖြင့် အရေပြားကို ရေဓာတ်ပြည့်စေတဲ့အပြင် ယားခြင်းဖြစ်စေသော အဆိပ်များကို စွန့်ထုတ်ပေးပါသေးတယ်။ သတိထားဖို့ကတော့ ကော်ဖီနဲ့ အရက်တွေကတော့ ပိုမိုယားစေနိုင်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။ တစ်နေ့ကို ရေ ၂-၃ လီတာထိ သောက်သုံးပေးပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)