/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရေပြားမှာ-ဒါတွေတွေ့ရင်-သတိထားဖို့-လိုမယ်နော်

အရေပြားမှာ ဒါတွေတွေ့ရင် သတိထားဖို့ လိုမယ်နော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ကျန်းမာရေးနဲ့ ပတ်သက်လာရင် ပြည့်ပြည့်စုံစုံ သိထားလေကောင်းလေပါပဲ။ တစ်ခုခုဖြစ်လို့ ဆရာဝန်သွားပြရင်လည်း ကိုယ့်မှာဖြစ်နေတာတွေ၊ ခံစားနေရတာတွေကို ပြည့်ပြည့်စုံစုံ သိထားပြီးတော့ ပြောပြနိုင်ရင် အကောင်းဆုံးပေါ့။ ခန္ဓာကိုယ်မှာ အရေပြားကတော့ မြင်သာထင်သာအရှိဆုံးပါပဲ။ ဒါပေမဲ့လည်း အများစုက အရေပြားလို့ ပြောလိုက်ရင် ကျန်းမာရေးအထက်အလှအပပြသနာကိုပဲ ပိုသတိထားမိပြီး စိတ်ဝင်စားကြတယ်။ တကယ်တော့ အရေပြားဆိုတာက ခန္ဓာကိုယ်မှာ အကြီးဆုံးအင်္ဂါအစိတ်အပိုင်း ဖြစ်ပြီးတော့ အရေပြားမှာ တစ်ခုခုဖြစ်တာက တခြားကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ပြဿနာရှိနေလို့ ဖြစ်နိုင်ပါတယ်။ ဒီတော့အလှအပအတွက်သာမကပဲနဲ့ အရေပြားပေါ်က အောက်ပါလက္ခဏာတွေကိုလည်း စောင့်ကြည့်ဖို့လိုပါတယ်။

 

1.      အရေပြား အရောင်ပြောင်းသွားခြင်း၊ အသား မည်းသွားခြင်း

          နေရောင်ခြည်နဲ့ ထိတွေ့မှု များတဲ့အခါမှာဆိုရင် အသား မည်းသွားတာ၊ နေလောင်တာလောက်ကပဲ စိုးရိမ်စရာ မဟုတ်ပါဘူး။ အသားရောင် ရုတ်တရက် ပြောင်းသွားတာက ပိုပြီးကြီးမားတဲ့ ပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ အမာရွတ်၊ ဒူးခေါင်း၊ တံတောင်ဆစ်နဲ့ အခြားအဆစ်တွေ တစ်ဝိုက်မှာ (သို့) ခန္ဓာကိုယ်ရဲ့ အရေပြားအတွန့်အခေါက်တွေမှာ အရောင် ရုတ်တရက် ပြောင်းသွားတာက Addison’s disease လိုမျိုး ဟော်မုန်းရောဂါတစ်ခုခုရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဆီးချိုလိုမျိုး ရောဂါရှိသူတွေမှာဆိုရင် အသားအရေ ကြေးနီရောင် ပြောင်းသွားတာက သံဓာတ်ကို မချေဖျက်နိုင်တဲ့လက္ခဏာ ဖြစ်နိုင်ပြီးတော့ အသားဝါတာက အသည်းမှာ ပြဿနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီတော့ အရေပြား အရောင်ပြောင်းသွားတာမျိုးရှိရင် ဆရာဝန် သွားပြပါ။

 

2.      ဝက်ခြံ

          ဟော်မုန်းအပြောင်းအလဲ၊ ဟော်မုန်းမညီမျှမှုတွေ၊ စိတ်ဖိစီးမှုနဲ့ အမျိုးသမီးတွေမှာဆိုရင် ရာသီစက်ဝန်းတွေကြောင့် အများအားဖြင့် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ခါတလေတော့လည်း ဒီဝက်ခြံတွေက သူ့အလိုလို (သို့) ဒီအတိုင်း ဆေးလေးတွေ လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့လည်း ပျောက်မသွားဘဲနဲ့ ရာသီမမှန်တာတွေ၊ ဆေးလိမ်းလည်း မသက်သာတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ပါ။ အရွယ်ရောက်ပြီးသူတွေမှာ ဝက်ခြံပေါက်တာက သားဥအိမ်မှာ ရေအိတ်များစွာတည်တဲ့ ရောဂါလက္ခဏာစုကြောင့် ဖြစ်နိုင်ပါတယ်။

 

3.      အရေပြားပေါ်က အနီကွက်တွေ

          အကြောင်းအမျိုးမျိုးကြောင့် အရေပြားပေါ်မှာ အစက်အကွက်တွေ ဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ ဓာတ်မတည့်ရင် ဖြစ်တာများပါတယ်။ အရေပြားပေါ်မှာ အကွက်တွေ ပေါ်လာပြီးတော့ ပုံမှန်ဆေးတွေလိမ်းလို့မှ မပျောက်ရင် ဆရာဝန်နဲ့ပြကြည့်ပါ။

          လည်ဂုတ်ပေါ်တွေ၊ အရေပြား အတွန့်အခေါက်တွေမှာ ခရမ်းရောင်အကွက်လေးတွေ ပေါ်လာရင် အမျိုးအစား ၂ ဆီးချိုရောဂါရဲ့လက္ခဏာဖြစ်တဲ့ acanthosis nigricans လို့ခေါ်တဲ့အကွက်တွေ ဖြစ်နိုင်ပါတယ်။ အဲဒီအကွက်တွေက ကိုင်ကြည့်ရင်တော့ ပုံမှန်အထိအတွေ့ပဲ ဒါပေမဲ့ ခြေထောက်တွေကိုပါ ပြန့်သွားရင် အသည်းရောင် အသားဝါ C ပိုးရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ စိုးရိမ်စရာအကွက်တွေတွေ့ရင် ဆရာဝန် သွားပြဖို့ မနှောင့်နှေးပါနဲ့။

 

4.      မျက်နှာပေါ်က လိပ်ပြာပုံအကွက်

          SLE လို့ခေါ်တဲ့ အရေပြားလေးဖက်နာ ရောဂါတစ်မျိုးရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။

 

5.      Psoriasis

          အရေပြား ဘယ်နေရာမှာမဆို အနီရောင် နည်းနည်းလေး မြင့်တက်နေဲ့ အကွက်လေးတွေက Psoriasis ဆိုတဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။ အကြေးခွံလိုလည်း ဖြစ်နေတတ်ပါတယ်။ စိတ်ညစ်စရာ၊ ရှက်စရာ အရေပြားရောဂါတစ်ခုဆိုတာထက် Psoriasis ဆိုတာက ကိုယ့်ရဲ့ ခုခံအားကို ကိုယ်ပြန်တိုက်တဲ့ရောဂါတစ်မျိုးပါ။ ဒီတော့ ဒီလိုအကွက်တွေ တွေ့ပြီဆိုရင် ကွယ်ဝှက်မထားဘဲ ဆရာဝန်သွားပြပါ။ Psoriasis က အမျိုးအစား ၂ ဆီးချိုရောဂါ၊ သွေးတိုးနဲ့ တခြား နှလုံးသွေးကြောရောဂါတွေ ဖြစ်နိုင်ချေကို များစေပါတယ်။

 

6.      နှင်းခူ

          အကြေးခွံ လန်သလိုမျိုးမဟုတ်ဘဲ အရေပြားတွေ ခြောက်သွေ့နီမြန်းပြီးတော့ ယားယံတာက နှင်းခူကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ အရေပြားရောင်ရမ်း၊ ထူပြီးတော့ ကွဲထွက်နေတာကလည်း ဟော်မုန်းမညီမျှတဲ့လက္ခဏာ (သို့) သိုင်းရွိုက်ပြဿနာတစ်ခုခု (သို့) systemic sclerosis လို့ခေါ်တဲ့ ကိုယ့်ခုခံအား ကိုယ်ကိုယ်ပြန်တိုက်တဲ့ရောဂါ ဖြစ်နိုင်ပါတယ်။ ရှက်နေမယ့်၊ စိုးရိမ်နေမယ့်အစား ဆရာဝန် သွားပြပါ။

 

7.      တင်းတိတ်၊ မှဲ့

          မှဲ့တွေ၊ တင်းတိတ်တွေကတော့ လူတိုင်းမှာရှိနိုင်တာပါပဲ။ ဒါက ချက်ချင်းကြီး စိုးရိမ်ရတဲ့ပြဿနာ မဟုတ်ပါဘူး။ ဘယ်လိုအချိန်မှာ စိုးရိမ်ဖို့လိုပြီလဲဆိုရင် ပထမဆုံးအကြိမ် ရုတ်တရက် ထွက်လာတာ အထူးသဖြင့် နေလောင်ခံထားပြီးချိန် (သို့) အပြင်မှာ အကြာကြီးနေပြီးချိန်တွေမှာ ထွက်လာရင်တော့ သေချာစောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ ပုံမှန်မဟုတ်တဲ့ မှဲ့တွေက အရေပြားကင်ဆာရဲ့ လက္ခဏာ ဖြစ်နိုင်တဲ့အတွက် မှဲ့အသစ် ထွက်လာလာ (သို့) ရှိပြီးသားမှဲ့ရဲ့ ပုံစံ၊ အရွယ်အစားတစ်ခုခု ပြောင်းလဲတာရှိရင် အရေပြားဆရာဝန်နဲ့ ပြပြီး စစ်ဆေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)