/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရေပြားလေးဖက်နာရောဂါ-ထကြွတယ်ဆိုတာ

အရေပြားလေးဖက်နာရောဂါ ထကြွတယ်ဆိုတာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အရေပြားလေးဖက်နာရောဂါရှိသူတွေမှာ ရောဂါလက္ခဏာတွေ ပိုဆိုးလာပြီး နေထိုင်မကောင်းဖြစ်တာကို ရောဂါထကြွတယ်လို့ ခေါ်ပါတယ်။ ရောဂါထကြွတာဟာ ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။ ဒီတစ်ပတ်မှာ ရောင်ရမ်းတာတွေ၊ အနီကွက်ထတာတွေဖြစ်ပြီး နောက်တစ်ပတ်ကျရင် ဘာမှမဖြစ်တော့တာမျိုးလည်း ရှိပါတယ်။ တစ်ခါတလေကျရင် ဘာလက္ခဏာမှမပြဘဲ သွေးဖောက်စစ်ထားတဲ့အဖြေတွေကနေမှတစ်ဆင့် ရောဂါထကြွကြောင်း သိတာလည်း ရှိပါတယ်။

>>  ဒီလိုရောဂါထကြွစေဖို့ ဘာတွေက လှုံ့ဆော်သလဲ?
ဖြစ်လေ့ရှိတဲ့လှုံ့ဆော်မှုတွေကတော့ -
●  အလုပ်အလွန်အကျွံလုပ်ပြီး ကောင်းကောင်းအနားမရခြင်း
●  စိတ်ဖိစီးမှုများခြင်း
●  နေရောင်ထဲအနေများခြင်း၊ ရောင်ပြန်အလင်းတွေနဲ့ ထိတွေ့မှုများခြင်း
●  ပိုးဝင်ခြင်း
●  ထိခိုက်ဒဏ်ရာရခြင်း
●  အရေပြားလေးဖက်နာဆေး ရပ်လိုက်ခြင်း
●  တချို့ဆေးတွေသောက်ခြင်း စတာတွေပါပဲ။

ဆေးကို ပုံမှန်သောက်နေရက်နဲ့တောင် တချို့အရာတွေက ရောဂါကိုထကြွစေတာမျိုး တွေ့ရပါတယ်။ ဥပမာပြောရရင် ဆေးတွေ ပုံမှန်သောက်ပေမယ့် နေရောင်ထဲအနေများတာ၊ အလုပ်မှာ စိတ်ဖိစီးမှုများတာတွေရှိရင်တော့ ရောဂါပြန်ထကြွမှာပဲ ဖြစ်ပါတယ်။

>>  ရောဂါထကြွတော့မယ်လို့ ဘယ်လိုသိနိုင်ပါမလဲ?
အရေပြားလေးဖက်နာ ထကြွတော့မယ်ဆိုတာကိုပြတဲ့ အချက်ပေးအရိပ်အယောင်လက္ခဏာလေးတွေ ရှိပါတယ်။ ဒီလိုလက္ခဏာလေးတွေကို စောစောသိပြီး စောစောကုသမှုခံယူလိုက်ရင် ရောဂါလက္ခဏာ သိပ်မဆိုးတာမျိုး ရှိတတ်ပါတယ်။
ရောဂါထမကြွခင်မှာ ရောဂါလက္ခဏာတွေ ပိုဆိုးလာတာ၊ လက္ခဏာအသစ်တွေဖြစ်တဲ့ -
●  ပိုပြီးပင်ပန်းလာတာ
●  နာကျင်တာ
●  အနီကွက်ထတာ
●  ဖျားတာ
●  ဗိုက်အောင့်တာ
●  ခေါင်းအရမ်းကိုက်တာ
●  မူးဝေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလိုရောဂါထကြွတာဟာ ပျော့မလား၊ ဆိုးမလားဆိုတာ ဘယ်လိုမှမသိနိုင်ပါဘူး။ အပျော့စားရောဂါထတာမျိုးဟာ အနီကွက်ထတာ၊ အဆစ်အမြစ်ကိုက်တာမျိုးလောက်ပဲဆိုပေမယ့် ပြင်းထန်ရောဂါထကြွတာကတော့ ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်နိုင်ပြီး နှလုံးအရည်ဖုံးတာ၊ ကျောက်ကပ်ထိတာ စသဖြင့် ဖြစ်နိုင်ပါတယ်။
ဒီလိုရောဂါထကြွတော့မယ့် အရိပ်အယောင်လက္ခဏာတွေ ဖြစ်လာပြီဆိုတာနဲ့ ဆရာဝန်နဲ့ ဆက်သွယ်ပါ။ ဆေးကို လိုတိုးပိုလျှော့လုပ်ဖို့ လိုပါလိမ့်မယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)