/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရေပြားလေးဖက်နာ-ရောဂါရှင်တွေ-ပျော်ပျော်ရွှင်ရွှင်-ရှင်သန်နေထိုင်ဖို့

အရေပြားလေးဖက်နာ ရောဂါရှင်တွေ ပျော်ပျော်ရွှင်ရွှင် ရှင်သန်နေထိုင်ဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက် ၃၀ ခန့် အပျိုကြီးမမတစ်ယောက် ဆီးအရောင် နောက်လာပြီး မောပန်းလွယ်လာပါတယ်။ ဆရာ၀န်ဆီ ကျန်းမာရေး စစ်ဆေးကြည့်တဲ့ အခါမှာတော့ သူမ ကျောက်ကပ် အလုပ်ကောင်းကောင်း မလုပ်တာကို သိလိုက်ရပြီး စစ်ဆေးမှု အဆင့်ဆင့် ပြုလုပ်ပြီးချိန်မှာတော့ သူမရဲ့ ရောဂါကို သိလိုက်ရပါပြီ။ အရေပြားလေးဖက်နာဆိုပါလား။

          အရေပြားလေးဖက်နာဆိုတာ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး မိမိရဲ့ခုခံအားစနစ်ကနေ ကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိတဲ့ ရောဂါပါ။ ဒါပေမဲ့ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ သေသေချာချာ ဂရုစိုက် နေထိုင်မယ်ဆိုရင် ရောဂါ ပိုမဆိုးလာဘဲ သက်တမ်းစေ့ နေသွားနိုင်ပါတယ်။

          ကမ်ဘာပေါ်မှာ အရေပြားလေးဖက်နာ ေ၀ဒနာရှင်ပေါင်း ၅ သန်းကျော် ရှိပြီး ဆယ်လီနာဂိုမတ်၊ လေဒီဂါဂါ စတဲ့ အနုပညာရှင်တွေပါ ပါ၀င်ပါတယ်။

 

>>    ရောဂါကို ထိန်းချုပ်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ နည်းလမ်းတွေကတော့ -

၁။       စိတ်ဖိစီးမှု လျှော့ချပါ။ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေများရင်ရောဂါ ပိုဆိုးလာနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ပြဿနာတွေကို အရင်ဆုံးစာရင်းပြုစုပါ။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ဖြေရှင်းရမယ့်နည်းလမ်းကို စဉ်းစားပါ။ ရောဂါက ပေါ်လိုက်၊ သက်သာလိုက် ဖြစ်နေတဲ့အပြင် နာတာရှည် ဖြစ်လာတဲ့အခါမှာ စိတ်ဓာတ် ကျလာတတ်ပါတယ်။ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာတွေက စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။

၂။       လေ့ကျင့်ခန်း ပြုလုပ်ပါ။ အ၀လွန်ခြင်းက ရောင်ရမ်းမှုတွေကို မြင့်တက်စေတာကြောင့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိဖို့ လိုအပ်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေတော့ လုပ်လို့မရပါဘူး။ ရေကူးခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေက လန်းဆန်းစေပြီး စိတ်တက်ကြွစေပါတယ်။ အရိုးရောဂါနဲ့ နှလုံးရောဂါ ဖြစ်တာကိုပါ လျှော့ချပေးနိုင်ပါတယ်။ ဘယ်လေ့ကျင့်ခန်းက အကောင်းဆုံးဆိုတာကို ဆရာ၀န်ဆီကနေ အကြံဉာဏ်ယူပါ။ အရေပြားလေးဖက်နာနဲ့ နှလုံးရောဂါ၊ အရိုးပွတာနဲ့ကြားမှာ ဆက်စပ်ရှိတာကို သိထားဖို့ အရေးကြီးပါတယ်။ စားသောက်မှုပုံစံက နှလုံးကျန်းမာရေးကို အထောက်အကူပြုဖို့ လိုအပ်ပါတယ်။

၃။       သစ်သီး၊ ဟင်းသီးဟင်းရွက်များ များများစားပေးပါ။ အနီရောင် အသားထက် ပိုပြီး ငါးများများ စားပေးပါ။ တစ်ပတ်ကို အနည်းဆုံး ငါး နှစ်ကြိမ်ခန့် စားပေးပါ။ ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးကို ကျန်းမာစေလို့ ခန္ဓာကိုယ်အတွက် လိုအပ်တယ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။

၄။       အရေပြားလေးဖက်နာ ရှိတဲ့လူတွေမှာ မောပန်းနွမ်းနယ်ခြင်းက သာမန်မောပန်းတာနဲ့ မတူဘူးလို့ ဆိုပါတယ်။ ေ၀ဒနာရှင် တော်တော်များများ ခံစားရတဲ့ လက္ခဏာဖြစ်ပြီး ကသိကအောက် အဖြစ်ရဆုံး တစ်ခုဆိုလည်း မမှားပါဘူ။ အိပ်ရေး၀အောင် အိပ်စက်ပါ။ တစ်ညမှာ အိပ်ချိန် 7 နာရီ အနည်းဆုံးရှိဖို့ လိုအပ်ပါတယ်။

၅။       နေပူထဲ သွားမယ်ဆို နေရောင်ကာ အာနိသင် SPF30 အနည်းဆုံးပါတဲ့ Sun Cream မဖြစ်မနေ လိမ်းပါ။ ထီးဆောင်းပါ။ အခြားသူတွေထက် ပိုပြီး နေရောင်ကို ဂရုစိုက်ရပါမယ်။ နေရောင်နှင့် ထိတွေ့ခြင်းက အရေပြားလေးဖက်နာကို ကြွစေပါတယ်။

၆။       အရေပြားကြောင့် ဗီတာမင် D ချို့တဲ့တာလား၊ ဒါမှမဟုတ် ဗီတာမင် D ချို့တဲ့ခြင်းက အရေပြား လေးဖက်နာကို ဖြစ်စေတာလားဆိုတာ မကွဲပြားပေမယ့် ဗီတာမင် D ချို့တဲ့ခြင်းနဲ့ အရေပြားလေးဖက်နာ လက္ခဏာတွေ ခံစားရခြင်းက ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။ ဗီတာမင် D ကြွယ်၀တဲ့ တူနာ၊ ဆယ်လမွန်၊ ပဲနို့၊ ကြက်ဥအနှစ်၊ မှို၊ ငါးကြီးဆီ စတာတွေကို စားသုံးပေးပါ။ လိုအပ်လို့ ဗီတာမင် D ဖြည့်စွက်စာ သောက်ရမယ် ဆိုပါက ဆရာ၀န်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့ တိုက်တွန်းလိုပါတယ်။

၇။       ဆေးလိပ်သောက်တဲ့လူဆို ဆေးလိပ် ဖြတ်ပါ။ ဆေးလိပ်က ရောင်ရမ်းမှုကို ပိုဆိုးစေပြီး ရောဂါကြွလာဖို့လည်း အားပေးပါတယ်။ အရေပြားလေးဖက်နာ နဲ့ နှလုံးရောဂါ ဆက်စပ်ရှိတာကို ပြန်ဆက်ရပါမယ်။ အခြားသောသူတွေထက် နှလုံးရောဂါဖြစ်နှုန်း မြင့်မားတာကြောင့် သွေးကြောတွေကို မာစေတဲ့ ဆေးလိပ်သောက်တာဟာ အရေပြားလေးဖက်နာ ေ၀ဒနာရှင်တွေအတွက် ရန်သူပါပဲ။ ဆေးလိပ် မသောက်တဲ့သူ ဖြစ်ရင်တောင် ဆေးလိပ် သောက်တဲ့သူတွေကတစ်ဆင့် ဆေးလိပ်ငွေ့ မရှူမိအောင် ဂရုစိုက်ပါ။

၈။       အရက်အသင့်အတင့် သောက်တာဟာ အရေပြားလေးဖက်နာ ေ၀ဒနာရှင်တွေအတွက် ပြဿနာကြီးကြီးမားမား မရှိပေမယ့် သတိထားရမယ့်အချက်လေးတွေ ရှိပါတယ်။ Methotrexate ကဲ့သို့သော lupus ကုရာတွင် အသုံးပြုတဲ့ဆေးဝါးတွေရဲ့ အာနိသင်ကို အရက်က လျှော့စေပါတယ်။ ဒါ့ပြင် အကိုက်အခဲပျောက်ဆေးချိန်မှာ အရက်သောက်မိပါက အစာအိမ် ထိခိုက်ဖို့ အလားအလာ ပိုများပါတယ်။

၉။       နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေရဲ့ ထုံးစံအတိုင်း ကြာလာတဲ့အခါမှာ စိတ်အားငယ်တာတွေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်တာကြောင့် တစ်ယောက်တည်းနေတဲ့အချိန်တွေ ပိုများလာတတ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်မထားပါနဲ့။ မိသားစုထဲက ယုံကြည်ရသူ၊ စာနာ နားလည်ပေးနိုင်သူတစ်ယောက်၊ မိတ်ဆွေတစ်ယောက်နဲ့ တိုင်ပင်ပါ။ ဘ၀တူ ေ၀ဒနာရှင်များနှင့် ဆက်သွယ်ပြီး အတွေ့အကြုံ ခံစားချက်တွေ ေ၀မျှပါ။ ကိုယ်ချစ်ရတဲ့သူတွေဆီက ချစ်ခင်မှု၊ ထောက်မပေးမှုတွေက စိတ်ဖိစီးဒဏ်၊ စိတ်အားငယ်တွေကို လျော့နည်းစေမှာပါ။ ဆိုးဝါးတဲ့အခြေအနေကိုပဲ တစ်ချိန်လုံး တွေးမနေပါနဲ့။

၁၀။     အချို့ အရေပြားလေးဖက်နာ ေ၀ဒနာရှင်တွေက ရောဂါနဲ့ ပတ်သက်တဲ့ ဗဟုသုတွေ၊ မိမိတို့ ခံစားနေရတဲ့ ေ၀ဒနာတွေနဲ့ ပတ်သက်ပြီး လေ့လာအား ကောင်းကြပါတယ်။ ဘယ်အချိန်မှာ ရောဂါကြွတတ်တယ် ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သိလာကြပါတယ်။ ရောဂါအခြေအနေကို သေချာသိခြင်းက ရောဂါကာကွယ် ကုသရေးကို အများကြီး အထောက်အကူပြုပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)