အရေးကြီးကိစ္စတွေမလုပ်မီ စားသင့်သောအစားအစာများနှင့် ရှောင်သင့်သောအစားအစာများ
အရေးကြီးတဲ့သူတွေနဲ့မတွေ့ဆုံမီ၊ စာမေးပွဲမဖြေမီ၊ အလုပ်အင်တာဗျူးမ၀င်မီ စားတဲ့အစားအစာတွေက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းမွန်တဲ့အစားအစာတွေက မှတ်ဉာဏ်ကောင်းစေပြီး အာရုံစူးစိုက်မှုကောင်းစေတဲ့အပြင် စိတ်အားပြည့်ဝစေပါတယ်။ မကောင်းတဲ့အစားအစာတွေကြောင့် မသက်မသာခံစားရပြီး လျော့တိလျော့ရဲဖြစ်စေပါတယ်။ ဒါကြောင့် ဘာတွေစားသင့်ပြီး ဘာတွေကိုရှောင်သင့်လဲ ဆိုတာကို လေ့လာကြည့်ကြပါစို့။
I. စားသုံးသင့်သော အစားအစာများ
1. အစေ့အဆန်များ
အစေ့အဆန်စားသုံးခြင်းဖြင့် သွေးတွင်းကို သကြားဓာတ်တွေထွက်လာစေပြီး ဦးနှောက်ကို လန်းဆန်းတက်ကြွနေစေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်းပိုကောင်းစေပါတယ်။ အစေ့အဆန်တွေကတော့ ဆန်၊ အုတ်ဂျုံမှုန့်၊ ကောက်ပဲသီးနှံ စတာတွေဖြစ်ကြပါတယ်။
2. Omega 3 Fatty Acid
Omega 3 fatty acid ကြွယ်ဝတဲ့အစားအစာတွေက ဦးနှောက်ဆဲလ်အမြှေးပါးတွေကို တည်ဆောက်ပေးပြီး ဆဲလ်အသစ်တွေဖြစ်လာစေခြင်းဖြင့် မှတ်ဉာဏ်ကောင်းခြင်း၊ ခံစားမှုကောင်းခြင်း စတဲ့အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ Omega 3 ကြွယ်ဝတဲ့အစားအစာတွေကတော့ ငါးကြီးဆီနဲ့ အခွံမာသီးများဖြစ်ကြပါတယ်။
3. ဗီတာမင် B
ဗီတာမင် B ကြွယ်ဝတဲ့အစားအစာတွေက serotonin နဲ့ dopamine ထွက်ဖို့အားပေးတဲ့အတွက် ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းတွေကို ညီမျှစေပြီး စိတ်လှုပ်ရှားမှုကို သက်သာစေဖို့အထောက်အကူပြုပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ ဥတွေမှာ ဗီတာမင် B ကြွယ်ဝပါတယ်။
4. ရေ
ရေဓာတ်ပြည့်ဝနေစေဖို့အတွက် အင်တာဗျုးမဖြေမီမှာ ရေလုံလောက်စွာသောက်ထားဖို့ အရေးကြီးပါတယ်။ သို့သော်လည်း အလွန်အကျွံသောက်ရင် ဆီးခဏခဏသွားချင်လာမှာမို့လို့ အများကြီး မသောက်ဖို့တော့ ဂရုပြုပါ။
II. ရှောင်သင့်သော အစားအစာများ
1. အနံ့ပြင်းသောအစားအစာများ
ကြက်သွန်ဖြူ၊ ကြက်သွန်နီလိုမျိုး အနံ့ထွက်တဲ့အစားအစာတွေကို ရှောင်သင့်ပါတယ်။ ဒါတွေက ပါးစပ်က အနံ့ထွက်စေရုံသာမက ချေွးဂလင်းတွေကနေလည်း စစ်ထုတ်နိုင်တဲ့အတွက် ကိုယ်နံ့လည်း ပြင်းစေပါတယ်။
2. ကစီဓာတ်များ
ကစီဓာတ်များတဲ့အစားအစာတွေက လေးလံထိုင်းမှိုင်းစေပြီး အိပ်ငိုက်စေတဲ့အတွက် အင်တာဗျူးဖြေခါနီးမှာ အများကြီးစားမသွားသင့်ပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























